Sunday, January 18, 2015

လူအထင်မကြီးမှာကြောက်လို့…

များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို psychic inflation လို့ခေါ်တယ်။

ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့ ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့သဘောကို ထင်ဟပ်ပြတာပဲ။ empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်လို့ တကယ်မယုံကြည်ဘဲနဲ့.. စိတ်ထဲမှာ သံသယရှိနေတဲ့သူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေအားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မူမရှိဘူးဆိုတာကို ပြနေတာပဲ။ ဒါတော်တော်လေး စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။ မာန်မာနကြီးကြီး နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်တယ်။

စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့သူ (ဒုက္ခဖြစ်အောင်၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်ချင်တဲ့သူ) ဖြစ်လာတယ်။
ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်(အတွင်းအားမရှိတဲ့သူ)လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီးဖြစ်လာတယ်။
ကြွားတာဟာ လူအထင်မကြီးခံရမှာ ကြောက်လို့။
အဲဒါကိုမှန်မှန်ကန်ကန် နားလည်ဖို့လိုတယ်။

မာနကြီးတာလည်း မကောင်းသလို ကိုယ့်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။ တချို့က ကိုယ့်ကိုကိုယ် အထင်သေးတဲ့စိတ် ရှိနေတယ်။ အဲသလို လူကလည်းပဲ သူ့အရည်အချင်းတွေကို သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း မဟုတ်သလို သူ့အကျိုးကိုလည်းသူ မဆောင်ရွက်နိုင်ဘူး။ ကိုယ့်ကိုကိုယ် အထင်သေးနေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ကျေနပ်မူမရနိုင်ဘူး။ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊ ရှုံချနေတာဟာလည်း မာနပဲနော်။

ဒါကြောင့်ကိုယ်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းဘူး။ မတရားမာနကြီးနေတာလည်း မကောင်းဘူး။ ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။

{ဆရာတော်ဦးဇောတိက}
(ဆရာတော်ဦးဇောတိက၏ “သဘောထားကြီးပါတယ်” စာအုပ်မှ ဖြစ်ပါသည်)
YKKM

No comments: