Monday, June 20, 2011

နှလုံးသားအချစ်နဲ့ ပီကေကြိုက်တဲ့ကောင်မလေးရဲ့အကြောင်း

နှလုံးသားဆိုတာ လူ့ခန္ဓာ တစ်ခုလုံးရဲ့ နူးညံ့ သိမ်မွေ့ဆုံး အရာလို့ နားလည်ခဲ့တယ်။ အသက် ရှင်သန်ဖို့ သက်သက် မဟုတ်ဘဲ မြတ်နိုးစွာ ခံစားတတ်ဖို့ ဆောင်ရွက်တာလည်း သူ့တာဝန်ပါပဲ။

နှလုံးသား တစ်ခုကို ပိုင်ဆိုင် ထားကြသူတိုင်း သူ့ရဲ့ စေညွှန်ရာ အချစ် မွေးဖွားခြင်းကို တစ်ချိန်ချိန် တွေ့ထိ ခံစားဖူးကြမှာပါ။ ကျွန်တော်ကတော့ သူ့ရဲ့စေညွှန်ရာကို ပီပီပြင်ပြင် နာခံခဲ့ဖူးပါတယ်။ ကျွန်တော် အေးကို နင့်နင့်သည်းသည်း ချစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၁၅၊ ၁၆ ပေါ့။ ကျွန်တော်က ကိုးတန်း။ သူက ရှစ်တန်း။ တစ်ရွာတည်း ဖြစ်ပြီး နှစ်မိုင်လောက် ဝေးတဲ့ ကျောင်းကြီးကို စက်ဘီးနဲ့ အသွားအပြန် တက်ကြရင်း သံယောဇဉ်တွေ တွယ်ခဲ့ကြတာပါ။

ကျောင်းသွား၊ ကျောင်းပြန် စက်ဘီး စီးရင်း စကား ပြောရတာတွေ၊ ထမင်းအတူ ၀ိုင်းဖွဲ့ စားရတာတွေ မိုးရွာထဲ အပူအပင်မဲ့ လမ်းလျှောက်ခဲ့ ရတာတွေဟာ အချစ်ကြိုးရဲ့ တုန်ခါမှု အစတွေပေါ့။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ရှေ့မှ မဖွင့် ဖြစ်ခဲ့ဘူး။ အဲဒီအချိန်က ဖွင့်ပြောဖို့ထက် အများ သိမှာကိုပဲ စိုးနေရတာပါ။ သူနဲ့ စကားပြောရင်လည်း သူ့မျက်ဝန်းဝိုင်းတွေကို
ဘယ်တော့မှ ရင်မဆိုင်ရဲခဲ့ဘူး။ ညအိပ်ရာထဲ ရောက်မှ တစ်ယောက်တည်း စိတ်ရှိ လက်ရှိ အုံ့ပုန်း ချစ်နေရတဲ့ အဖြစ်ပါ။ ဒီလိုနဲ့ သူ တက္ကသိုလ် ၀င်တန်း ဖြေပြီးတဲ့ နွေရာသီ တစ်နေ့မှာတော့ အနှစ်နှစ် အလလက မြိုသိပ်ခဲ့ ရတဲ့ အချစ်တွေကို သူ့ရှေ့ဖွင့်ဟဖြစ်ခဲ့တယ်။ အဲဒီနေ့က သူ ရန်ကုန်မှာ စက်ချုပ်သင်တန်း တက်ဖို့ ကျွန်တော့်ဆီလာ နှုတ်ဆက်တဲ့ နေ့ပါ။ မှတ်မှတ် ရရ အိမ်ရှေ့မန်ကျည်းပင် အောက်က ကွပ်ပျစ်လေးမှာ ထိုင်ရင်း စာဖတ်နေတုန်း ဖက် ဖူးရောင် ၀တ်စုံလေးနဲ့ သူ ရောက်လာတာ။

“ကိုခန့်၊ အေး ရန်ကုန် စက်ချုပ် သင်တန်း သွားတက်မလို့ လာနှုတ်ဆက်တာ”

သူပြောတော့ ငေးမော အံ့သြ မင်သက်မိရင်း သူ့ကို ကြည့်မိလိုက်တယ်။ အဲဒီတုန်းက နှလုံးခုန်သံကို အခု ထိ မှတ်မိနေသေးတယ်။ ရင်ထဲမှာ ဗလောင် ဆူနေလိုက် တာများ သဲသောင်ပြင်ပေါ်က ငါးတစ်ကောင်လိုပဲ ဖျပ်ဖျပ်ကို လူးလို့။ လည်ချောင်း ထဲလည်း အလုံးကြီး ဆို့ပြီး ဘာစကားမှ မပြောနိုင်ဘူး။ မျက်ရည်တွေသာ ဘယ်လိုဝဲ လာမှန်းမသိ။
ဘ၀မှာ နှလုံးသားရဲ့ စေ့ဆော်မှုကြောင့် ပထမဆုံး ဝေ့ခဲ့ရ မျက်ရည်မို့ ပြန်တွေးတိုင်း အမှတ်ရနေတယ်။ သူ ပြုံးပြီး ကြည့်နေစဉ်မှာပဲ ရင်ထဲက စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောဖြစ်ခဲ့တယ်။ တိတိကျကျ မမှတ်မိတော့ပေမယ့် “သိပ်ချစ်တယ်”ဆိုတဲ့ စကားကိုတော့ မှတ်မိနေဆဲပဲ။

ဘ၀မှာ အေးကို ပထမဆုံး ချစ်ခဲ့တာပါ။ နောက်ဆုံး အချစ်လို့လည်း ယုံကြည်ခဲ့တယ်။(အဲဒီ အချိန်ကပေါ့။) သူ ရန်ကုန်မှာ ရှိနေတဲ့ ကာလတွေဟာ ကျွန်တော့်အတွက် လောက ငရဲပါပဲ။ မစားနိုင်၊ မအိပ်နိုင်နဲ့ အချစ် ဒုက္ခရဲ့ ဝေဒနာကို အသေအချာ သိခဲ့ရတယ်။

အဝေးပြေးကားတွေ ၀င်လာတိုင်း သူပါမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြေး ကြည့်ခဲ့ရတာလည်း နံနက် တိုင်းလိုလိုပါပဲ။ အမေ မေးရင် စောစောထပြီး လမ်း လျှောက်ကြည့်တာပါလို့ ဖြေတတ်ခဲ့တယ်။ မခိုင်လုံမှန်းသိ ပေမယ့် အမှန်အတိုင်း ၀န်ခံဖို့ မ၀ံ့ခဲ့ဘူး။

ဒီလိုနဲ့ပဲ တစ်ယောက် တည်း ကြိတ်လွမ်းခဲ့ရတယ်။ သူနဲ့အတူ လျှောက်ခဲ့တဲ့ လမ်းတွေကို ကြည့်ရင်း လွမ်းတယ်။ သူနဲ့အတူ ထိုင်ဖြစ်ခဲ့တဲ့ ကုက္ကိုပင် အောက်က ခုံတန်းပြာလေးကို မြင်လည်း လွမ်းတယ်။ အဲဒီ အချိန်တုန်းက ရင်ထဲမှာ အလွမ်းတွေ ဖွဲ့ သီနေတာမို့ အရာရာတိုင်းဟာ လွမ်းစရာတွေချည်းပါပဲ။

လွမ်းဆွတ်တမ်းတ ခြင်းရဲ့ အဆုံးစွန်မှာ သူ့ဆီ လိုက်သွားဖို့ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘ၀နဲ့ဆန္ဒရဲ့ အားပြိုင်မှုကြားမှာ ကျွန်တော် ရှုံးခဲ့တယ်။ ဘ၀က စိတ်ကူးယဉ် ကဗျာ တစ်ပုဒ်လောက် ဖတ်ချင်စရာ မဖြစ်ခဲ့ဘူး။
စာတိုက်မရှိ၊ တယ်လီဖုန်း မရှိတဲ့ မိုင်ထောင်ချီရွာ လေးကပဲ သူ့ကိုလွမ်းရင်း အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့် အသက် ၁၈ နှစ်ပါ။

သူ ပြန်လာတဲ့နေ့ဟာ ဘ၀ရဲ့ ပျော်စရာ နေ့ထဲက အပျော်ရဆုံး တစ်နေ့အဖြစ် ဘ၀ စာမျက်နှာမှာ မှတ်တမ်း တင်နိုင်ခဲ့တယ်။ သူပြန်လာပြီး မကြာခင်ပဲ ငတ်မွတ် တမ်းတခဲ့တဲ့ သူ့ချစ် မေတ္တာကို ရရှိ ပိုင်ဆိုင်ခဲ့တယ်။ အဲဒီ အချိန်ကတော့ ဘ၀မှာ အရာရာ ပြည့်စုံသွားပြီလို့ကို ထင် မိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့် အထင်ဟာ မှား ယွင်းမှု တစ်ခုသာ ဖြစ်ခဲ့ပါ တယ်။

အေးနဲ့ ချစ်သူဖြစ်ပြီး ၃ နှစ်တာ ကာလကို ကျော်ဖြတ် ခဲ့ကြတယ်။ “ကြာလေလေ၊ ခိုင်မြဲလေလေ” ဆိုတဲ့ စကား ဟာ ကျွန်တော့် အတွက်တော့ ဟာသပါပဲ။ နှစ်တွေ ကြာလာလေ စိတ်ခံစားမှု အေးခဲလာလေမို့ ကိုယ့်ဘာသာ အံ့သြခဲ့ရတယ်။
အချစ်ဆိုတာ ပင်လယ် ကမ်းခြေက ခရုကောက် သလိုပဲဆိုတဲ့ စကားကို အဲဒီ ကတည်းက ကျွန်တော် လက်ခံ ဖြစ်ခဲ့တာပါ။ကျွန်တော့်ဘ၀ ကမ်းခြေတစ်လျှောက် ခရုလှလှလေးတွေ ထပ်တွေ့ လာတဲ့အခါ လက်ထဲ ကောက်မိခဲ့တဲ့ ခရုလေးကို လွှတ်ချဖြစ်ခဲ့တယ်။

ရက်စက်ရာ၊ သစ္စာမဲ့ရာ ရောက်ခဲ့ပေမယ့် ကိုယ့်ဆန္ဒသာ ရှေ့တန်းတင်ဖြစ်ခဲ့တဲ့ အတ္တသမား တစ်ယောက်မှာ ကျူးလွန်ခဲ့တဲ့ အမှားအတွက် နောင်တဆိုတာ မရှိခဲ့ဘူး။ နောက်ခရုလေးရှေ့မှာ
“ဖြူ့ကို အရမ်းချစ် တယ်ကွာ”
လို့ ပြောမိတဲ့ စကား အတွက်လည်း ကိုယ့်ဘာသာ လိပ်ပြာသန့်တယ်။ တကယ်လည်း ချစ်ခဲ့တာကိုး။ (ကျွန် တော်ထင်တာလည်း ဖြစ်နိုင် ပါတယ်။)

ဖြူက ကျွန်တော့်ကို ကြည့်ရင်း ပြုံးတယ်။ သူ့ အပြုံးရဲ့ အဓိပ္ပာယ်ကို မသိပေမယ့် ရင်တစ်ခုလုံး တုန်ယင် လှိုက်မောပြီး တလှပ်လှပ်ဖြစ်ခဲ့ရတယ်။ အဲဒီအပြုံးလေး တွေကိုပဲ တမြတ်တနိုး ကောက်ချင်ခဲ့တဲ့ ကာလပေါ့။ အဲဒီ အချိန်က ကျွန်တော့် အသက် ၂၂ နှစ်။ ဆယ်ကျော်သက် မဟုတ်လို့ ရင်ခုန် လှိုက်မောစရာ မကောင်းဘူးဆိုရင် ကျွန်တော် အဲဒီအဆို ငြင်းချင်ပါတယ်။ ကျွန်တော့် ရင်ခုန်မှုက ပထမဆုံး အေးရဲ့ အဖြေကို ရစဉ်တုန်းက အတိုင်းပါပဲ။ သေချာ စဉ်းစားကြည့်ရင် ဒီ တစ်ခါ ရင်ခုန်မှုက ပိုပြီး သစ်လွင်သလိုတောင် ခံစားရတယ်။

ဖြူ့အဖြေကို ရပုံက လည်း အတော်ပဟေဠိဆန် နေတာကိုး။ ဖြူက ကျွန်တော့်လို စာရေး၊ စာဖတ် ၀ါသနာပါ တယ်။ အိမ်မှာ အချိန်ရတိုင်း ကျွန်တော် ရှိနေတဲ့ စာကြည့် တိုက်လေးကို စာလာဖတ်လေ့ ရှိတယ်။ ဖြူက ဒီနယ် သားမဟုတ်ဘူး။ တစ်နယ်က ပြောင်းလာကြတာပါ။

စာပေကို အရင်းခံပြီး ကျွန်တော်တို့ ရင်းနှီးခဲ့ကြတယ်။ ဖတ်ပြီးသား စာအုပ်တွေကို ဝေဖန်ကြတယ်။ ဆွေးနွေးကြတယ်။ တစ်ခါ တစ်ရံ အယူအဆချင်းတွေ ထိပ်တိုက်တွေ့ပြီး သီအိုရီတွေကို ငြင်းခုန်ဖြစ်ကြတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့် ရင်ထဲ သူရောက်လာတယ်။ ဒါပေမယ့် အချိန်တော်တော်ကြာ သိမ်းထားဖြစ်ပါသေး တယ်။ နောက်မှ ရင်ထဲက စကားတွေကို သူ့ရှေ့ဖွင့်ဖြစ်လိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့က စာကြည့်တိုက်မှာ သူနဲ့ကျွန်တော်ကလွဲပြီး ဘယ်သူမှ ရှိမနေဘူး။ ကျွန်တော် ပြောခဲ့သမျှ စကားလုံးတိုင်းကို မမှတ်မိတော့ပေမယ့် “ဖြူ့ကို အရမ်း ချစ်တယ်ကွာ” ဆိုတဲ့ စကားလေးတော့ အခုထိ မှတ်မိနေပါသေးတယ်။

ဖြူ့ကို ချစ်ခွန်း သီပြီးတဲ့ နောက် သူ ကျွန်တော့်အပေါ် ခပ်တန်းတန်း ဖြစ်သွားတယ်။ အရင်လို စာကြည့်တိုက်ကို အားတဲ့ အချိန်တိုင်း မလာတော့ဘူး။ လာရင်လည်း စကားပြော နည်းပြီး မျက်နှာထားကြီး တင်းနေတယ်။ ကျွန်တော် စကားခေါ် ရင်လည်း မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။ စာအုပ် အကြောင်းလည်း မပြောတော့ဘူး။ စာအုပ် ငှားပြီးရင်လည်း ချက် ချင်းပြန်တယ်။

ကျွန်တော့်ကိုလည်း အကြောင်း မပြန်ဘူး။ သုံးလေးကြိမ်လောက် ကျွန်တော် နားပူသေးတယ်။ သူက ပုံမှန် ပဲ။ကြာလာတော့ ကျွန်တော် စိတ်ပျက်လာတယ်။ စိတ်ရဲ့ ကျက်စားရာ စာပေကလည်း ရှိနေတာမို့ ဒီဘက်ကိုလျှော့ပြီး အရင် အတိုင်းပဲ နေဖြစ်လိုက်တယ်။ အဲဒီကျမှ သူကလည်း အရင်အတိုင်း ပြန်ဖြစ်လာတာလေ။ ဖြူ့ကိုကြည့်ပြီး မိန်းကလေးတွေရဲ့ သဘာဝကို တီးခေါက်မိသလို ဖြစ်ခဲ့တယ်။

ဖြူ့ကို ရင်ဖွင့်ပြီး သူ့ဆီက တုံ့ပြန်လာမယ့် အဖြေကို ရဖို့ နေ့ရောညရော ကျွန်တော် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အရာ မထင်ခဲ့ဘူး။ သူက တင်းလို့ ကျွန်တော်လက် လျှော့သလို လုပ်ပြီး ဘာသာ နေတော့မှ သူကတစ်ခါ ပြန် ၀ဲလာတယ်။
အဲဒီကတည်းကပဲ ဆိုပါတော့။ “ချစ်သူတစ်ယောက် ရဖို့ဆိုရင် စွန်လွှတ် ကျွမ်းရမယ်”ဆိုတဲ့ စကားလေးကို ကျွန်တော် လက်ခံ ဖြစ်ခဲ့တာလေ။ ဖြူ ကျွန်တော့်ကို အဖြေ ပေးပုံကလည်း အတော် ကဗျာဆန်ပါတယ်။

မှတ်မှတ်ရရ၊ အဲဒီနေ့ ကျွန်တော် မြို့ကို စာမူလာ ထည့်ဖို့ ဆိုင်ကယ်လေး သနေစဉ်ပဲ သူရောက်လာတာ။ အရင်နေ့ကတော့ ကျွန်တော် စာမူသွားထည့်မယ့် အကြောင်း ပြောပြီး ထည့်စရာရှိရင် အဆင်သင့် လုပ်ပြီး လာပေးဖို့ မှာထားတာပါ။
(ကျွန်တော်တို့ဒေသက စာတိုက်နဲ့ ဝေးတာမို့ စာမူ ထည့်ရင် အခုလို တကူးတက သွားထည့်ရမှ ရောက် တာပါ။ မဟုတ်ရင် စာမူတစ် ပုဒ်တိုက်ကို ရောက်ဖို့ဆိုတာ ဒုလ္လဘ တစ်ခုလို ခက်တယ်။ ဒါကြောင့် ၀ါသနာတူချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ သူ့ စာမူကို ကျွန်တော် ယူသွားပေးဖို့ ပြောခဲ့တာပါ။)

မနက်မှာ စာအိတ် ၂ အိတ်ကိုင်ပြီး သူရောက်လာတယ်။ ကျွန်တော်က ပုံမှန်ပါ ပဲ။ သူ့ကိုတစ်ချက် ငဲ့ကြည့် တော့ ၀င်းဖန့်ဖန့် အပြုံး တစ်ပွင့်ကို မြင်ရတယ်။ ရင်တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွား တာပဲ။ သူ့မျက်နှာမှာ ဒီအပြုံး မမြင်ရတာ ကြာပြီလေ။ ကျွန်တော် လှုပ်လှုပ်ရှားဖြစ် နေစဉ်မှာပဲ
“ကိုခန့်၊ ဒါက ဖြူထည့် နေကျ မဂ္ဂဇင်းတိုက်ကိုနော်”

စာအိတ်တစ်အိတ် ကမ်းပေးတယ်။ ကျွန်တော် လှမ်းယူလိုက်စဉ်ပဲ နောက် တစ်အိတ် ထပ်ပေးတယ်။
“ဒါကတော့ ဖြူ့ဘ၀ မှာ တစ်ခါမှ မပို့ဖြစ်သေးတဲ့ မဂ္ဂဇင်းတိုက်ပဲ ဆိုပါတော့။ တစ်ခါမှ မပို့ရသေးတော့ ရင် လည်းခုန်တယ်။ အဲဒါ ကိုခန့်ပဲ စစ်ပြီး ထည့်ခဲ့ပေါ့”

ပြောပြီး သူပြေးထွက်သွားတယ်။ ကျွန်တော့် လက်ထဲမှာ စာအိတ်လေးက ပွင့် လျက်သား။ “ကိုခန့် စစ်ပြီးမှ ထည့်”လို့ သူခွင့် ပေးထားခဲ့တာမို့ အထဲက စာရွက်လေးကို ထုတ်ဖြစ်လိုက်တယ်။
မင်သက် အံ့သြ၊ ၀မ်းသာ။ ခံစားမှုအစုံပဲ။ ရင်တစ်ခုလုံး ဘောင်ဘင်ခတ် သွားတယ်။ ပန်းရောင်စာ ရွက်လေးမှာ သူရေးထားတာ စာလေး တစ်ကြောင်းတည်း။
“ဖြူ့နှလုံးသားက အစ်ကို့ အချစ်ဆောင်းမှာ ခိုက်ခိုက်တုန် ချမ်းခဲ့တာပါ”တဲ့။

ဖြူနဲ့ကျွန်တော် ချစ်သူဘ၀ ရောက်ခဲ့ကြတယ်။ စဉ်းစားကြည့်ရင် ၀ါသနာတူ၊ ရည်ရွယ်ချက် တူကြသူတွေမို့ ပျော်စရာပဲလို့ ထင်စရာပေါ့။ ဒါပေမယ့် ကျွန်တော် မပျော်ဖြစ်ဘူး။ ဘာကြောင့်လို့လည်း နားမလည်ဘူး။ ဖြူနဲ့ချစ်သူ ဖြစ်ပြီး တစ်နှစ်ကျော်လောက်မှာပဲ လမ်းခွဲဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ ချစ်သူတွေ ဖြစ်ခဲ့တာ ၀တ္ထု ဆန်ခဲ့သလို လမ်းခွဲတော့လည်း ၀တ္ထုဆန် ဆန်ပါပဲ။ နှစ်ဦးသား သဘော မတိုက်ဆိုင်ပါသဖြင့် ဆိုတဲ့ စကားလေးနဲ့ ပွဲသိမ်းနိုင်ခဲ့ပါ တယ်။ ဒုတိယမြောက် ချစ်သူနဲ့ လမ်းခွဲခြင်းဟာ ကျွန်တော့် အတွက် ပီကေ၀ါးသလောက် ပါပဲ။

အဲဒီတုန်းက ကျွန်တော့် အသက် ၂၅ နှစ်ပါ။ ချစ်သူနှစ်ယောက်နဲ့ လမ်းခွဲပြီး ၂၅ ဆိုတဲ့ အရွယ်ဟာ စာမျက်နှာပေါ်ဖြတ်သန်း ဖို့ သင့်တင့်တဲ့ အရွယ်ပါ။ ကျွန်တော့် ၀တ္ထုတွေ စာမျက် နှာပေါ် မြင်လာရတဲ့ အခါ ချစ်သူတစ်ယောက် ရခြင်း ထက် ပိုပျော်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ခရုကောက်တမ်း ကစားရတာ ၀ါသနာ ပါလာတယ်။ ခရုလေးတွေ ကောက် ပြီး ပြန်လွှတ်ရတာ ဘယ် ခံစားမှုနဲ့မှ မတူဘူး။ ခရုလေးတွေ ကောက်ရင်း၊ လွှတ်ရင်းနဲ့ပဲ ဘ၀ရဲ့ နောက်ဆုံး ခရုလေးကို တွေ့ခဲ့ရတယ် ဆိုပါတော့။ အဲဒီတုန်း က ကျွန်တော့်အသက် ၃၅ ပါ။ နောက်ဆုံး တွေ့ခဲ့တဲ့ ခရု လေးမို့ အခုထိ မှတ်မိနေတယ်။ အမှတ်ရစေတွေ ကလည်း ဖြစ်ခဲ့ရတာကိုး။


သူ့နာမည်က ဖူးဖူးခိုင်တဲ့။ တစ်အိမ်လုံးက ဖူးဖူးလို့ ခေါ်ကြတယ်။ သူဘယ်ကမှန်း ကျွန်တော် သေချာမသိပါ ဘူး။ ရန်ကုန်က အေးတို့ အိမ်ကို အလည်လာတဲ့ အေးတို့ အမျိုးဆိုတာပဲ သိတယ်။ အသက်ကတော့ ခပ်ငယ်ငယ်ပါ။ ၁၇၊ ၁၈ လောက်ပဲရှိမယ်။ ရန်ကုန်သူ ဆိုတော့ သိတဲ့အတိုင်း ပြောတာ ဆိုတာကအစ သွက်တယ်။ ပြင်တာဆင်တာက စမတ်ကျတယ်။ သူ့အကျင့် တစ်ခုက အမြဲတမ်း ပီကေ၀ါး နေတတ်တာပဲ။

ပီကေတော့ အတော် ကြိုက်ပုံရတယ်။ သူ့ကို ဘယ်အချိန်ကြည့်ကြည့် ပါးစပ်ထဲမှာ ပီကေတစ်ခု အမြဲ ၀ါးနေတတ်တာချည်းပဲ။ ကောင်မလေးချောချော ဆိုရင် သဘော ကျတတ်တဲ့ ကျွန်တော့် ၀ါသနာ အတိုင်း သူ့ကိုလည်း သဘော ကျသွားတယ်။ နွားအို မြက်နုကြိုက်လို့ ပြောပြော၊ အမဲရိုးက ဟင်းအိုးနဲ့ မတန်လို့ဆိုဆို သဘောကျ တာတော့ အမှန်ပဲ။ ဒါကြောင့် သူ့နဲ့ ရင်းနှီးဖို့ ကြိုးစားဖြစ်တယ်။ ရန်ကုန်သူ ဆိုတော့ သူနဲ့ ရင်းနှီးဖို့ ကြိုးစားရတာ လွယ်ပါတယ်။ ခက်တာက ကျွန်တော့် ပထမဦးဆုံး ချစ်သူ အေးတို့အိမ်မှာ ရောက်နေတာ တစ်ခုပဲ။ ကျွန်တော့် အကြောင်းကို အေးက တစ်ဆင့် သူသိနေမှာ သေချာပါတယ်။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ သူနဲ့ရင်းနှီးပြီး အကောင်းဆုံးအခွင့်အရေးရတဲ့ အချိန်မှာ သူ့ကိုရင်ဖွင့်ဖို့ စိတ် ကူးဖြစ်တယ်။ အမြဲတမ်း ကြံစည် ကြိုးစားနေသူ အတွက် အခွင့်အရေးကလည်း သိပ် တော့မရှားပါဘူး။

အဲဒီနေ့က သူရွာဦး စေတီမှာ ပန်းတွေလှူပြီး ကုက္ကိုပင်ကြီး အောက်က ခုံ တန်းပြာလေးမှာ ထိုင်နေတာ ပါ။ ကျွန်တော် သူ့ဆီသွားတော့ အပြုံးနဲ့ကြိုတယ်။ ဒီအပြုံးက ကျွန်တော့် လည်ပင်းကို စွပ်မယ့်ကြိုးမှန်း မသိခဲ့ဘူး။ အဲဒီတုန်းက ကျွန်တော့် စကားကို ငံ့လင့်နေတဲ့ အပြုံးလို့ မှားယွင်းစွာ ထင်ခဲ့မိပါ တယ်။ အဲဒီအထင်နဲ့ပဲ “ဖူးဖူး ကို သိပ်ချစ်တယ်”လို့ ဖွင့် ပြောဖြစ်ခဲ့တာပါ။

ကျွန်တော့်စကား ကြား လိုက်တာနဲ့ ထိပ်ပုတ်ခံလိုက် ရတဲ့ မြွေဟောက်တစ်ကောင် လို ရှူးခနဲ သူထရပ်လိုက် တယ်။ ပြီးတော့ စိမ်းစိမ်းကြီး ကြည့်တယ်။ မိန်းကလေး တစ်ယောက်ရဲ့ အကြည့် စူးစူးကြောင့် အတိုင်းအဆ မရှိ ကြောက်ခဲ့ရတာ အဲဒီအချိန် ပထမဆုံးပဲ။

“ရှင် ဘာစကား ပြောတာလဲ။ ရှင်ခြွေတိုင်း ကြွေမယ့် မိန်းကလေးတွေထဲမှာ ကျွန်မ မပါဘူး”

ဖြန်း
“မမအေးရဲ့ အချစ်ကို သစ်စိမ်းချိုးခဲ့တဲ့ အတွက်”

ဖြန်း
“ကိုယ့်နှမ အရွယ်လေးကို မစာမနာ စော်ကားတဲ့ အတွက်”

ပါးပြင်နှစ်ဖက်ကို အမှတ်တမဲ့ စမ်းဖြစ်လိုက်တယ်။ ကြာတော့လည်း ကြာခဲ့ပါပြီ။ အသက် ၄၀ ကျော်ခဲ့ပြီဆိုတော့ ဒီအဖြစ် အပျက်လေးဟာ ဆယ်စုနှစ် နီးပါးကြာခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးတိုင်း အမှတ်ရနေတယ်။ အဲဒီကတည်းက ကျွန်တော့် နှလုံးသားဟာ အသက် ရှင်သန်ဖို့ တာဝန် တစ်ခုပဲ ထမ်းဆောင်ပါတော့တယ်။ အချစ်အတွက် နှလုံးသားရဲ့ ခံစားမှုဆိုတာ မရှိတော့ဘူး။ ကောင်မလေးတွေကိုလည်း အဝေးက ရှောင်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ပီကေ ကြိုက်တဲ့ ကောင်မလေးတွေ ကိုပေါ့။

Written by နော်၊ကျောက်တိုင်၊

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

Monday, May 2, 2011

ထီးနှင့်ဖိနပ်


ရန်ကုန်မိုးက အရင်လို မဟုတ်တော့။ ရွာလိုက်လျှင် မစဲ။ စဲပြန်လျှင်လည်း ဖွဲဖွဲတော့ စွေသေးသည်။

ခုလည်း ညနေ ၄ နာရီကျော် ကတည်းက သဲသဲမဲမဲ ရွာနေသော မိုးက သဲတစ်လှည့်၊ ဖွဲတစ်လှည့်နှင့် ညနေ ၆ နာရီ ထိုးလုနီးချိန် အထိ မတိတ်နိုင်သေး။ ကျော်ခန့်လူက ကျွန်တော့်ကို လှည့်ကြည့်ရင်းနှင့်
“ရာသီဥတုကတော့ အားကစားသမားတွေ အကြိုက်ပဲ။ ငါ့လူ ထမယ့် အစီအစဉ် ရှိရဲ့လား”

ကျွန်တော်တို့ အချင်းချင်း နားလည်သော ဘာသာ စကားဖြစ်သည်။ မိုးအေးအေးနှင့် တစ်ဆိုင်ဆိုင်ကို သွားပြီး ယမကာ မှီဝဲရန် ကောင်းနေပြီ။ ကျွန်တော်က အေးစက်စက် ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ပြီး
“ကျွန်တော့် စိတ်ထဲကနေ ထသွားတာ အကြိမ်တစ်သန်း တိတိရှိပြီ။ တကယ် ထကစားဖို့က ဘောလုံးရှိမှ ဖြစ်တာ”

ကျွန်တော် ကွေးဆက်ပြလိုက်သော လက်ညှိုးနှင့် လက်မကို ကြည့်ပြီး သူက သက်ပြင်းမောကို ချသည်။ ပြီးတော့ သူ့မူပိုင် ချိုရှရှ အပြုံးကိုပြုံးကာ
“အေးဗျ၊ ၀တ္ထုတို ပေါင်းချုပ်မှာ ပါမယ့် ၀တ္ထုတိုအတွက် စာမူခ ရမလားလို့ ဖုန်းဆက်ကြည့်လိုက်တာ လကုန်မှ ထွက်မှာတဲ့။ စီးကရက် တစ်လိပ်ဖိုးပါ
ရော ပါသွားတယ်”

“ကျွန်တော်လည်း အဆင်မပြေဘူးဗျာ”

“ပြန်တော့မယ်ဗျာ။ အဆင်မပြေဘဲ ဆက်ထိုင် နေရတော့ ကောင်းကင်ကြီးက ကိုယ့်ရင်ဘတ်ပေါ် တအိအိ ပိကျလာသလိုပဲ”

ကျော်ခန့်လူက သူ့လွယ်အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်ရင်းပြောသည်။ ကျွန်တော်က ခေါင်းကိုသာ
ဆတ်ပြလိုက်မိ၏။ အကြည့်တွေကတော့ သဲသဲမဲမဲ မိုးရေထဲကို ရောက်နေမိ၏။
“တောက်... ဒီထီးဟာကွာ”

ဆွဲအဖွင့်တွင် အရိုး ကျွတ်သွားသော ထီးကို ပြန်ပြု ပြင်ရင်း သူက ညည်းတွားသည်။ ကျော်ခန့်လူထီးက လောကဓံ၏ ရိုက်ပုတ်မှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားထား ရပုံပေါ်၏။ တချို့နေရာများတွင် အရောင်လွင့်ကာ အနားစ တော်တော်များများ စုတ်ဖွာ နေကြပြီ။ သွားပြီဟု ထပ်နှုတ်ဆက်ရင်း ထွက်သွားသော သူ့ကျောပြင်ကို လိုက်ကြည့်ကာ ထီးလေးကို စိုးရိမ်လိုက်၏။ မိုးတို့တင် မဟုတ်၊ လေပါ တစ်ချက် တစ်ချက် ဝေ့ခနဲ ထိုးခွဲတိုက် ခိုက်နေတာပဲ။

လက်ဖက်ရည် ဆိုင်ထဲ ကို ပြန်သတိ ထားမိတော့ ကျွန်တော် အပါအ၀င် ၄-၅ ယောက်သာ ရှိတော့သည်။ တချို့ ခုံများကိုပင် သိမ်းပြီးပြီ။ သို့သော် ဆိုင်ကတော့ ထုံးစံ အတိုင်း လူတစ်ယောက်ယောက် ကျန်ချိန် အထိ သဘောကောင်းစွာ ဖွင့်နေဦးမည်။ ကျွန်တော် သက်ပြင်းငွေ့ငွေ့ကို ကြိတ်ချ မိလိုက်သည်။ တကယ်တော့ ကျွန်တော်နှင့် ကျော်ခန့်လူက ညနေ ၄ နာရီကတည်းက ရေနွေးကြမ်း တစ်အိုးနှင့် ထိုင်နေကြခြင်းသာ။ သူက လက်ဖက်ရည် မမှာတော့ ကိုယ်က ဆေးလိပ် မမှာရဲဟူသော အနေအထား။

ကျွန်တော် လွယ်အိတ် ကလေးကို ရွရွလေး ထွေးပွေ့ လိုက်၏။ လွယ်အိတ်ထဲတွင် ထီးရှိနေ၍ မဟုတ်ပါ။ ထီးပါ မလာခြင်းကြောင့်လည်း ကောင်းကင်ကြီး၏ တအိအိ ပြိုဆင်းဒဏ်ကို ခံနေရခြင်း။ မနက် အိမ်ကထွက်ရန်ပြင်စဉ် ကမှာလိုက်သော ဇနီးသည် စကားကို ပြန်ကြားယောင်မိ ၏။
“ရှင် ဒီနေ့ မဂ္ဂဇင်းက ၀တ္ထုတို စာမူခ ရမယ်ဆို၊ ထီး တစ်လက်တော့ ၀ယ်လာခဲ့နော်။ မြို့ထဲကို အမြဲလိုလို သွားနေရတော့ ထီးမရှိလို့ မဖြစ်ဘူး။ တော်ကြာ မိုးမိပြီး ဖျားရင် ဆေးဖိုးက ထီးဖိုးထက် ပိုထွက်နေဦးမယ်”

တကယ်လည်း ခုတော့ ကျွန်တော့် လွယ်အိတ်ထဲတွင် ၀တ္ထုတိုစာမူခ ၃,၀၀၀ ရှိနေပါသည်။ ခွင့်ပြုချက် ရပြီး သားမို့ စောစောကတည်းက ထီးဝယ်လိုက်လျှင် ဖြစ်နိုင်၏။ သို့သော် ဇနီးသည် စကားဆုံးတော့ သမီးပြောစကားက ထပ်ထွက်လာခဲ့သည်။
“ဖေကြီး သမီးတို့ မနက်ဖြန် ကျောင်းအပ်ရ တော့မယ်နော်။ သမီးကို မိုးစီးဖိနပ် ၀ယ်ပေးဦး။ ခုစီးနေတဲ့ ဖိနပ်က ဟောင်းနေပြီ”

“ဟဲ့... ဟောင်းပေမယ့် စီးလို့ ရသေးတယ် မဟုတ်လား။ နင့်အဖေက မြို့ထဲ မထွက်လို့ မရဘူး။ ထီးလိုတယ်”

သူ့အမေ စကားကြောင့် သမီးမျက်နှာက ငိုမဲ့မဲ့ဖြစ်သွား သည်။ ကျွန်တော့် အကြည့်က သမီး ခြေထောက်နှင့် သမီး ဖိနပ်ဆီကို ရောက်သွားမိ၏။ ဖိနပ်က တော်တော်ဟောင်း နွမ်းနေပြီ။ ထို့ပြင် ခက်နေတာက ဖနောင့်က ဖိနပ်ထက် တစ်လက်မခန့် ပိုနေနိုင်ခြင်းပင်။ ကြားဖူးသော ပုံပြင်ထဲက ပညာရှိကြီး စကားနှင့် ပြောရလျှင် ဖနောင့်ကို လှီးဖြတ်ရ မည့်အနေအထား။

သူတို့ကို ဘာစကားမှ ခွန်းတုံ့ပြန် မပြောဘဲ ကျွန်တော် မြို့ထဲ ထွက်လာခဲ့သည်။ စာမူခ ထုတ်ပြီးတော့ ကျွန်တော့်လုံးချင်း ထုတ်ဝေသူဆီ သွားသည်။ သူ့ညည်းသံ လုံးချင်း ၀တ္ထုရှည်ကြီးကို နားထောင်ပြီးမှ ကျွန်တော့် အခက်အခဲများကို ပြောပြရ၏။ မိုးက ကျွန်တော်တို့ ကျောကို ကျရောက်လာသည့် ကြာ ပွတ်သံ မဟုတ်လား။ ငွေ ဒင်္ဂါး... ငွေဒင်္ဂါး။ ငွေဒင်္ဂါးကို ထွေခင်းကစားမည့် မောင့်လိုယောက်ျား မဟုတ်ဘဲ၊ ငွေ ဒင်္ဂါးက ထွေခင်းကစားခြင်း ကို ခံနေရသည့် မောင့်လို ယောက်ျားဖြစ်နေရသည်။

“ဆရာ... ရေနွေးထပ် ယူဦးမှာလား”

အနားကို လာမေးသည့် စားပွဲထိုးလေး စကားကြောင့် ကျွန်တော် အတွေးဝယ်မျော နေရာမှ သတိပြန်ဝင်လာသည်။ ကြည့်လိုက်တော့ တစ်ဆိုင် လုံးတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်တော့၏။ လက်ဖက်ရည်ဆိုင် မီးဖိုများပင် ငြှိမ်းပြီးပြီ။ စားပွဲထိုး လေးလက်ထဲမှာက ပွက်ပွက် ဆူနေသော ရေနွေးတည်အိုး။

“တော်ပါပြီ၊ မယူတော့ ပါဘူးကွာ”

ကျွန်တော်က သူ့ကို မချိ ပြုံးပြုံးပြကာ ပြန်ပြောရင်း ထိုင်ရာမှ လေးပင်စွာ ထလိုက်သည်။ ပြီးတော့ ကောင်တာတွင် ငိုက်မြည်းစွာ ထိုင်နေသော ဆိုင်ရှင် ဦးမျိုးဆီကို သွားလိုက်၏။
“ဦးမျိုးရှိရင် ကျွန်တော့်ကို ကြွပ်ကြွပ်အိတ် တစ်လုံးလောက် ပေးပါလား”

ဦးမျိုးက ဘာမှ ပြန်မပြောဘဲ သူ့မှန်ဗီရိုလေးကို ဖွင့်ကာ ဟိုနှိုက် ဒီနှိုက် နှိုက်သည်။ ပြန်ထုတ်တော့ သူ့ လက်ထဲတွင် ကြွပ်ကြွပ်အိတ် အမည်းတစ်လုံး ပါလာ၏။
“ဒီမှာ၊ ထောင့်စွန်းကတော့ နည်းနည်း ပေါက်နေလိမ့်မယ်။ ဆရာကိုကောင်း ကျော် မဂ်္ဂဇင်းတွေ ထည့်ယူလာတာ”

“ကျေးဇူးပါပဲ”

ကျွန်တော်က လွယ်အိတ်ကို ကြွပ်ကြွပ်အိတ် အမည်းထဲ ထည့်ကာ လက်မှ ဆွဲလိုက်၏။ ခုလိုဆိုပါလျှင် လွယ်အိတ်ကတော့ မိုးဒဏ်မှ ကင်းလွတ်လေပြီ။ ကျွန်တော် ဆိုင်ထဲမှထွက်ရန် ပြင်တော့ ဦးမျိုးက လှမ်းပြောသည်။
“သိပ်မပေနဲ့ မောင်ရင်။ တော်ကြာ အရက်က အချောင် နာမည် ပျက်နေဦးမယ်”

ကျွန်တော်က သူ့ကို တစ်ချက်လှည့် ပြုံးပြပြီး မိုးရေထဲ ထွက်လိုက်တော့သည်။ စာရေးဆရာများ သေလျှင် အရက်ကိုပဲ စွဲချက်တင်တတ် ကြသည် မဟုတ်လား။ တကယ်တော့ ကျွန်တော်တို့ ဘ၀က အရက်နှင့် ရှောရှော ရှူရှူသေဖို့ အတွက်ပင် ဆုလာဘ် မရှင်သန်နိုင် တော့ပါ။ ၃၃ လမ်းမှ ထွက်လိုက်တော့ ကျွန်တော့်လိုပင် မိုးရေထဲမှာ အကာအကွယ်မဲ့ လမ်းလျှောက်နေသူ အတော်များများ ကို တွေ့လိုက်ရ၏။ သူတို့က အခါမဲ့ မေလမိုးမို့ ထီးမေ့ခဲ့ကြ တာလား။ ထီးကို မေ့ချင် ယောင်ဆောင် နေကြတာလား။ ဆက်မစဉ်းစား ဖြစ်တော့။ မိုးကတော့ သဲသဲမဲမဲ ရွာနေဆဲ။

ကျွန်တော် လမ်း လျှောက်လာရင်း ၃၅ လမ်း ထိပ်ကို ရောက်လာသည်။ ထိုလမ်းထိပ်တွင် ခုနှစ် မေ့လောက်သည့် တစ်နှစ်က ကျွန်တော် ၀ယ်ဖူးခဲ့သော ထီး အရောင်းဆိုင် ရှိ၏။ ကျွန်တော့် အကြည့်တွေ၊ ခြေလှမ်း တွေက အညှို့ငင် ခံလိုက်ရ သလို ထိုထီးဆိုင်ရှေ့ ရောက်သွားသည်။ ပလတ်စတစ် ခြင်းတောင်းရှည်များထဲတွင် ထည့်ထားသည့် ရောင်စုံထီးများ။ ကျွန်တော့်လက်က အလိုလို ထီးတစ်လက်ဆီ ရောက်သွားမိသည်။
“အဲဒီ ယောက်ျား ဆောင်းထီးက ၂၂၀၀ တည်းပါ ဆရာ၊ ဖွင့်ကြည့်ပါ”

အရောင်းဝန်ထမ်းဖြစ် ဟန်တူသည့် ကောင်လေး တစ်ယောက် ကျွန်တော့်နား ရောက်လာသည်။ ကျွန်တော့် တုံ့နှေးနှေး အမူအရာကြောင့် သူက ထီးကို ကပျာကယာ ယူပြီး ဖွင့်ပြ၏။
“ကြည့်ဆရာ၊ ဆောင်းမယ်ဆို တစ်မိသားစုလုံး ဆောင်းလို့ရတယ်။ တစ်မိုးကတော့ ရိုက်ချိုးတောင် မကျိုးဘူး”
ဘာရယ်မဟုတ်ဘဲ ကျွန်တော့် လက်တွေက နောက်ထီးတစ်လက်ဆီ ရောက်သွားပြန်၏။

“သူက ၂၅၀၀။ ထီး ကိုင်းတွေက နှစ်ချောင်းပူးလေ။ ထီးကိုင်းနှစ်ချောင်း၊ ငွေမင်ကာနဲ့ ဆိုရင်တော့ ၃၀၀၀ ပါ။ ၀ယ်မယ့်အတူတူ ငွေမင်နဲ့ ခိုင်ခိုင်ခံ့ခံ့ဝယ်ပေါ့ ဆရာ။ ငွေငါးရာ ဘာရှိတာ မှတ်လို့”

ပင်လယ်ငါး ၃၀၀ ဖိုး၊ ကန်စွန်းရွက် ၁၀၀ ဖိုး၊ ငရုတ်သီးခြောက် ၁၀၀ ဖိုးက တစ်ရက်တွက် ဖြစ်တာပေါ့ကွာဟု ကျွန်တော့် စိတ်ထဲမှာသာ ပြန်ပြောဖြစ်လိုက်မိ၏။ လက်တွေ့မှာတော့ အကြည့်တွေက ဆိုင်ထဲ ရောက်သွားသည်။ ဆိုင်ထဲရှိ အဆင့်တွေမှာက စီစီ ရီရီပြထားသည့်ဖိနပ်များ။ ခြေလှမ်းတွေကပါ ဆိုင်ထဲ ရောက်သွားပြန်သည်။ ထီးဖွင့်ပြနေသည့် ကောင်လေးကတော့ ခေါင်းကုတ် ကျန်နေခဲ့ ၏။

အရောင်းဝန်ထမ်းဖြစ် ဟန်တူသော ကောင်မလေး တွေကတော့ ကျွန်တော့်နား ကပ်လိုက်မလာပါ။ ကျွန်တော့် ကိုယ့်ခန္ဓာတွင် ရွှဲရွှဲစိုနေ သော မိုးရေစက်တွေကြောင့် လား၊ ရောင်စုံ ဖိနပ်တွေကို အလှ ၀င်ကြည့်သူဟု ထင်နေ ခြင်းကြောင့်လားတော့ မသိ။ သို့သော် ဖိနပ်များတွင် ဈေးနှုန်း ကပ်ပြီးသားမို့ ပြဿနာတော့ မရှိ။ ဆိုင်အ၀င်ဝတွင် တစ်ခွန်းဆိုင်ဟုလည်း ဆိုင်းဘုတ်ကြီး ကပ်ထားတာပဲ။

အချိန်တော်တော်ကြာ အောင်ကြည့်ပြီးတော့ ၁၈၀၀ ဟု တန်ဖိုး ကပ်ထားသည့် ဖိနပ်လေး တစ်ရံက ကျွန်တော့် စိတ်ကို ဖမ်းစားနေသည်။ ကျွန်တော် ရူးမတတ်ကြည့်ခဲ့ သည့် သမီး ခြေဖ၀ါးလေးနှင့် ဆိုပါလျှင် ဘုရားသခင် ဖန်ဆင်းပေးလိုက်သလို လိုက်လျောညီထွေ ဖြစ်နေပေလိမ့်မည်။ ကျွန်တော် မျက်စိကို ကမန်းကတန်း ပိတ်လိုက်သည်။

သို့သော် အာရုံတွင် ပျောက်ကွယ်မသွား။ မနက်ဖြန် ကျောင်းအပ်ရတော့မယ်တဲ့။ ဇနီးသည်၏ ခြောက်ခြောက်ကပ်ကပ် ပိုက်ဆံအိတ်ကို သတိရသွားသည်။ ငွေ ၃,၀၀၀ ထဲမှ ငွေ ၁,၈၀၀ ကို နုတ်ကြည့်ရာ စိတ်ကျေနပ် လောက်သည့် အဖြေမှန် မရဘဲ ချာချာလည်နေမိ၏။ ကောင်းကင်နှင့် မြေပြင် သဘောတရား။ ထီးနှင့်ဖိနပ်၏ အနေ အထား။ မိုးကတော့ သဲသဲမဲမဲ ဆက်ရွာနေဆဲပင်။

အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဇနီးသည် မျက်နှာကို အရင်ဆုံး မြင်လိုက်ရသည်။ ကျွန်တော့် မိုးရေစိုစို ခန္ဓာကိုယ်ကို မြင်တော့ သူက နှုတ်ခမ်းရွဲ့ကာ
“ဒီလောက်ကြာနေပုံ ထောက်ရင် သောက်နေပြီ ဆိုတာ ထင်သားပဲ။ ထီးမ၀ယ်ဘဲ မျိုလာဆို့လာပြီမဟုတ် လား။ သေသွားတော့လည်း အေးတာပေါ့။ ပြောတော့ စာရေးဆရာတဲ့။ ဘယ်လိုအသိ ဉာဏ်တွေနဲ့ ဘာတွေများ ရေးပါလိမ့်။ ရှင်သေသွားရင် ရေလှည်းတွန်းရောင်းတဲ့ လူကို ယူမယ်။ အဲဒါကမှ ထမင်း နပ်မှန်ဦးမယ်။ ဒီကတော့ ထီး ဆောင်းရပါစေ ပြောလိုက်ရတာ။ ကြည့်စမ်း၊ မိုးမိပြီး ခိုက်ခိုက်တုန်နေပြီ မဟုတ်လား။ နောက်နေ့တွေလည်း ထီးမရှိဘဲ ဆက်သွား။ ရှင်မြန် မြန် သေတော့ ကျုပ် မြန်မြန် အေးရတာပေါ့”

ဇနီးသည် ပြောရင်းနှင့် မျက်ရည်ဝိုင်းလာတာကို မြင်ရသည်။ ကျွန်တော် ခွန်းတုံ့ ပြန်ပြောမနေဘဲ အခန်းထဲဝင် ပြီး အ၀တ်အစားလဲလိုက်၏။ အမှန်လည်း ကျွန်တော် ခိုက် ခိုက်တုန်အောင် အေးလွန်းလှပြီ။ ကျွန်တော့် တုံဏိဘာဝေ အမူအရာကြောင့် သမီးကပါ ငိုမဲ့မဲ့ မျက်နှာနှင့် အိပ်ခန်းထဲ ၀င်သွားသည်။ ကျွန်တော် တိတ်ဆိတ် ငြိမ်သက်စွာပင် ထမင်း စားလိုက်၏။ ပြီးတော့မှ လွယ်အိတ်ထဲက မဂ္ဂဇင်း စာအုပ်ကို ထုတ်သည်။ ဇနီး သည်က မျက်စောင်းလှမ်း ထိုးသည်။

ကျွန်တော် ကျစ်ကျစ်ပါ အောင်ထည့်လာခဲ့သော ငွေစက္ကူလိပ်လေးကို ဇနီးသည်အား ကမ်းပေးလိုက်သည်။ သူက ဆောင့်ဆောင့်အောင့် အောင့် လှမ်းယူကာ ဖြေ ကြည့်၏။ ၅၀၀ တန်တစ် ရွက်၊ ၂၀၀ တန်နှစ်ရွက်၊ ၁၀၀ တန်တစ်ရွက်။
“ဒီဟာနဲ့ ဘာထီးမှ မရဘူး။ ရှင် မနက်ဖြန် မြို့ထဲ သွားရင် အရက်သောက်ဖို့ ပြန်သာယူသွား”

ကျွန်တော် ဘာမှပြန် မပြောဘဲ ခြေဖွကာ အိပ်ခန်းထဲ ၀င်လိုက်သည်။ ခြင်ထောင်ထဲမှ နေပြီး တံခါး ဘက်ကိုကြည့်နေသော သမီးက ကျွန်တော့်ကိုမြင် တာနှင့် ဖျတ်ခနဲ တစ်ဖက် လှည့်သွားသည်။ ကျွန်တော်က ခြင်ထောင်ထဲကို ၀င်လိုက်၏။ ပြီးတော့ သမီးလက် မောင်းလေးကို လှမ်းကိုင် လိုက်သည်။ သမီးက လှည့် မကြည့်။

ကျွန်တော်က ရင်ဘတ်ထဲတွင် ဖွက်ယူလာသော အထုပ်ကလေးကို ထုတ်ကာ သမီး မျက်နှာလှည့် နေရာဘက်ဆီသို့ ထိုးပြလိုက်၏။ သမီးက အိပ်နေရာမှ ဆတ် ခနဲထထိုင်သည်။ ပြီးတော့... ပြီးတော့ မျက်စိတွေက အရောင်တဖျပ်ဖျပ် တောက်ပသွားသည်။ ကျွန်တော်က နှုတ်ခမ်းထက်ပေါ် လက်ညှိုး ကပ်ကာ ရှူးခနဲ လုပ်ပြလိုက်၏။ သမီးကလည်း ကျွန်တော် လုပ်ပြသလို ပြန်လုပ်ပြကာ ပြုံးစစနှင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသည်။ ထိုသို့ နွေးထွေးသော အပြုံးကို ရနေပါလျှင် ကျွန်တော့်အတွက် ဒီတစ်သက်လုံးမှာ ထီးမလိုတော့ပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်... Written by တင်မြင့်ဦး

YKKM

Tuesday, March 15, 2011

ဆူးမဲ့နှင်းဆီရဲ့ လွမ်းတေးတစ်ပုဒ်


၁။ “စစ်ဒေါင်း (Six down) ၀င်လာပြီဟေ့၊ စစ်ဒေါင်း ၀င်လာပြီ”
ဈေးသည် တစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် ဘူတာ ပလက်ဖောင်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ခရီး ဆက်မယ့်သူ၊ ဧည့်သည်ကြိုမယ့် သူတွေကတော့ မျှော်လင့်ချက် မျက်နှာတို့ဖြင့် အဝေးမှ ရထားကြီးကို စောင့်မျှော် ကြည့်ရှုနေဆဲ။ ပလက်ဖောင်း သမံတလင်း ဖျာလေး တစ်ချပ်ပေါ်တွင် လဲလျောင်းနေသော အေးသီ တစ်ယောက် လူးလဲ၍ ထလိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားသော စောင်ပါးလေးကို အနားတွင် အိပ်မော ကျနေသော သမီးနဲ့သားငယ်တို့ အပေါ် ထပ်မံ၍ လွှမ်းခြုံပေး လိုက်သည်။ ထဘီကို ပြင်၍ ၀တ်ဆင်လိုက်ရင်း အနီးအနား ရေနွေးကြမ်းသည် ကောင်မလေးထံမှ ရေနွေးကြမ်းတစ်ခွက် ယူ၍ သောက်လိုက်၏။

ရေနွေးက သိပ်မပူတော့ချေ။ ဘူတာပလက်ဖောင်း စင်္ကြံမှ နာရီကြီးကို ကြည့်လိုက်တော့ ညတစ်နာရီကျော်။ ပလက်ဖောင်းရဲ့ နံဘေး၊ သံလမ်းပေါ်မှာတော့ ညဉ့်ဦးပိုင်က ရွာချထားသော မိုးရေစက် တွေကြောင့် စိုစွတ်စွတ် ပြောင်ချောချော။ မိနစ် အနည်းငယ် အတွင်း စက်ခေါင်းကြီးရဲ့ စူးရှမီးရောင် တန်းကြီးနဲ့အတူ မီးရထား ကြီးက အရှိန်လျှော့၍ နံပါတ် (၁)ပလက်ဖောင်းထဲသို့ ထိုးဆိုက်လာ၏။

“ကြက်သားဟင်းနဲ့ ထမင်းရမယ်၊ ထမင်းရမယ်”

“မျှစ်ချဉ်ရမယ်၊ မျှစ်ချဉ် ရမယ်”

“လက်ဖက်ရည်၊ စမူဆာ၊ နံပြား”

“ဒံပေါက် စားမလား၊ ရေနွေးကြမ်း ပူပူလေး”

ဈေးသည်များရဲ့ ပြေးလွှား အော်ဟစ်သံ၊ ခရီးသည် များရဲ့ ကတိုက်ကရိုက် ခြေလှမ်းများ။ ဘူတာဆင်း ခရီး သည်များရဲ့ တိုးဝှေ့လှုပ်ရှား အော်ဟစ်ခေါ်သံများက စင်္ကြံ ပလက်ဖောင်းထဲတွင် လွင့်စင်လျက်။ ဒါတွေက အေးသီ အတွက် ညစဉ် မြင်တွေ့နေရသော မရိုးနိုင်တဲ့ မြင်ကွင်းများ။ ခဏနေတော့ ရထားကြီးက ဥသြသံတစ်ချက်ပေး၍ ခရီး ဆုံးသို့ ဆက်လက် ထွက်ခွာ သွားပေပြီ။ ဘူတာလေး လည်း ငြိမ်သက်သွားသလို။

“အစ်မ ဖျာငှားလို့ ရ သေးလား”

စကားသံနှင့်အတူ ခရီး သွားအိတ်တွေ လွယ်ထားကြ သော လူငယ်နှစ်ယောက် အေးသီတာရဲ့ ရှေ့မှာ ရပ်လျက် အနေအထား။
“ရတယ် မောင်လေး။ ဘယ်နှချပ်လဲ”

“တစ်ချပ်တည်းပါ အစ်မ”

သူမ သွက်လက်ဖျတ် လတ်စွာပင် ဖျာတစ်ချပ်ကို ယူ၍ သင့်တော်သော နေရာ တစ်နေရာတွင် ခင်းပေးလိုက်သည်။ ရေဆင်း တက္ကသိုလ် ကျောင်းသားလေးတွေ ဖြစ်လိမ့်မည်။ ပျဉ်းမနားနဲ့ ရေဆင်းက ဆယ့်သုံးမိုင်ခန့် ကွာဝေး၍ ဒီအချိန်ဆိုလျှင် ကားပြေးဆွဲခြင်း မရှိတော့၍ ဘူတာမှာ တစ်ညအိပ်၊ နံနက် မိုးလင်းတော့ ထပြန်ပေါ့။ နောက်ထပ် အသက်ခပ် ကြီးကြီး မိန်းမနှစ်ယောက် ဖျာနှစ်ချပ် လာငှား၏။ တောင်တွင်းကြီး-ကြေးနီ ဘက်သွားမယ့် ပလက်ဖောင်း ဘက်မှာတော့ ခရီးသည်တွေ အစီအရီ အိပ်မောကျလို့။

ရထားက နံနက်မိုးလင်း လောက်မှ ဆိုက်ရောက်မှာလေ။ အေးသီတစ်ယောက် အိပ်မော ကျနေသော ခရီးသည် တွေ အမှောင်ရိပ်အောက် သံလမ်းပေါ်မှ ကြံတင်ကုန်တွဲ နဲ့ သစ်တွဲတွေကို ငေးမော ကြည့်ရှုရင်း စိတ်ထဲမှ ဒီည ဖျာငှားရမ်းခ ငွေများကို တွက်ချက်နေမိ၏။ တောင်တွင်းကြီး-ကြေး နီသွား ပလက်ဖောင်းပေါ်မှာ ရှစ်ချပ်၊ နံပါတ် (၁) ပလက် ဖောင်းပေါ်မှာ ဆယ်ချပ်၊ လက်မှတ်တန်းစီတဲ့ နေရာမှာ ငါးချပ် စုစုပေါင်း နှစ်ဆယ့် သုံးချပ်။ အင်း၊ တစ်ချပ်ကို တစ်ရာဆိုတော့ ဒီညအတွက် မဆိုးပါဘူးလေ၊ သက်ပြင်း တစ်ချက်ကို အသာအယာ ချရင်း အေးသီတစ်ယောက် တည်း တီးတိုးဆိုနေမိ၏။ မိုးသက်ရနံ့ စွက်နေသော လေတို့က ပလက် ဖောင်းထဲသို့ ဝေ့၀ိုက်တိုက် ခတ်သွားသည်။ ဖျာငှားသော အလုပ် လုပ်ရတာကလည်း သိပ်တော့ မလွယ်ကူလှချေ။ အိပ်ရေးအရမ်း ပျက်ရသလို၊ ကိုယ်တိုင်လည်း ဘူတာမှာပင် ကြက်အိပ်၊ ကြက်နိုး အိပ်ရ၏။ နံဘေးမှာ နှစ်ခြိုက်စွာဖြင့် ကွေးကွေးလေး အိပ်မော ကျနေသော သမီးနဲ့ သားကို ကြည့်ရင်း ရင်ထဲမှာ လေးလံ သွားသလို။

သမီးအကြီးမက ရွာကောက် မူလတန်း ကျောင်းလေးမှာ လေးတန်း ကျောင်းသူ၊ အငယ်က ကျောင်းမနေ သေး၍ တော်သေး၏။အကြီးမက ဥာဏ်လည်း ကောင်း၍ စာတော်သည်။ တစ်ဆက်တည်း နံနက်ပိုင်းက သမီးကြီး ပြောသော စကားလေးတွေကို အမှတ်ရ နေမိပြန်သည်။
“အမေ၊ သမီးရဲ့ကျောင်း စိမ်းက ဟောင်းနေပြီ၊ အသစ် တစ်စုံလောက် ၀ယ်ပေးပါ လားဟင်”

တောင်းဆိုမှု ပြုနေ သော သမီးလေးရဲ့ မျှော်လင့်ချက် မျက်ဝန်းကို ကြည့်ရင်း အေးသီရဲ့ စိတ်ကူးထဲမှာတော့ ကျောင်းစိမ်း တစ်စုံပင်မက အများအပြားပင် ၀ယ်ပေးချင် လိုက်တာ။ ဒါပေမယ့် အိမ်စရိတ်၊ မီးဖိုချောင်စရိတ်၊ သာရေး နာရေးနဲ့ အေးသီရဲ့ ဖျာငှားရမ်းခ ၀င်ငွေလေး တစ်ခုကတည်းက လောက်င ရုံပင်။ ဖျတ်ခနဲ ယောက်ျားဖြစ်သူ ကိုအောင်ရဲ့ မျက်နှာကို နာကြည်းစွာဖြင့် ပြေးပြီး မြင်ယောင်မိသည်။ ဒါတွေ အကုန်လုံး ဒင်း အသုံးမကျ လို့ဖြစ်ရတာပင်။ ရခါစက တော့ ဟုတ်တိပတ်တိ ဆိုက်ကားကို ကြိုးစားပမ်းစား နင်း၊ ရသမျှငွေ အေးသီကို အကုန် အပ်ပါရဲ့။

မသောက်မစား ရိုးရိုး သားသား အေးသီတို့ မိသားစု ဘ၀လေး ပျော်ရွှင်စရာ ကောင်းလှပါဘိ။ အငယ်ကောင် မွေး ပြီး သိပ်မကြာလှ။ ကိုအောင် တစ်ယောက် ဗွေဖောက်လာပေါ့။ ညနေပိုင်းလေး ညောင်းကိုက်လို့၊ အရက်လေး အာဆွတ်ရုံ။ နောက်နေ့လည်း နံနက် တစ်စစနဲ့ တစ်နေကုန် အရက်ချည်းပဲ ဖိသောက်၊ ဆိုက်ကားကိုလည်း မှန်မှန် မနင်းတော့ အိမ်က ပါးစပ် ပေါက်တွေကို အေးသီကပင် ပခုံးပြောင်း တာဝန်ယူရတော့ သည်။ ဒင်းက သောက်ပြီး ရင်လည်း အေးအေးမနေချင်။ အေးသီနဲ့ ကလေးတွေကို ရန် လုပ်၊ အပြစ်ရှာ ရိုက်နှက်ချင် သည်။ အဲဒီတော့ ကလေး နှစ်ယောက်ကလည်း အဖေနဲ့ အတူ အိမ်မှာ မနေရဲ၊ အေးသီနဲ့သာ ဘူတာမှာ လိုက်အိပ် ကြ၏။ သူမ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ဘူတာဆိုတာ လူပေါင်းစုံ၊ စရိုက်ပေါင်း စုံလင်တယ်။ သမီးနဲ့ သားလေးကို ဒီဘူတာရဲ့ ကြမ်းရှတဲ့ အရိပ်အငွေ့တွေ မကူးစက်စေချင်ပါဘူး။ အေးလေ၊ အခုချိန်မှာ အေးသီ က ဘာမှမတတ်နိုင်သေးဘူး မဟုတ်လား။ တစ်ခါတစ်ရံ ကျတော့လည်း ဟိုကောင်မ ညိုမတို့ ပြောသလို စိတ် ပေါက်ပေါက်နဲ့ ဘ၀ကို ရေစုန် မျောပစ်လိုက်ချင်ပါရဲ့။

အပေါစား မိတ်ကပ်၊ နှုတ်ခမ်းနီတွေ ထူပျစ်အောင် လိမ်းကျံထားတဲ့ ညိုမက
“အေးသီရယ် နင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာ။ နင်တစ်ညလုံး ဖျာငှား လို့ရ တဲ့ ငွေက ငါတို့ ဖိနပ်တစ်ရန် ဖိုးတောင် မရှိဘူး။ နင့်လို ရုပ် ရည်၊ အရပ်မြင့်မြင့် ခန္ဓာကိုယ် နဲ့ဆို အို”

ညိုမရဲ့ တုတ်ထိုးစကား ကြောင့် အေးသီရဲ့ မျက်နှာ ပြင်ရဲခနဲ။ စိတ်ကသာ ဟို ရောက် ဒီရောက် တွေးမိပေ မယ့် အဲဒီလိုဘ၀ကိုတော့ အေးသီ ဘယ်တော့မှ အရောက်မခံပါ။
“မသာမတွေ နင်တို့ ပြောတဲ့ တစ်ည ဘယ်နှသောင်းဆိုတာလည်း မရရင် နေပါတော့။ ငါ့ရဲ့ကလေးတွေ မျက်နှာငယ်ရမယ့် အလုပ် ငါ ဘယ်တော့မှ မလုပ်ဘူး။ ငါ တို့မျိုးရိုးမှာလည်း အဲဒါမျိုး လုပ်စားတဲ့သူ မရှိဘူး။ ပြီးတော့ အခု ခေတ်စားနေတဲ့ ကုမရ ရောဂါကြီးလည်း မရ ချင်ပေါင်”

ညိုမတို့ကတော့ အေးသီကို စည်းရုံး မရတိုင်း၊ နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ထွက်ထွက် သွားကြပေါ့။ ဘူတာမှာ က လူပေါင်းစုံဆိုတော့ ဖျာငှားစား ရတာက တကယ့်ကို မလွယ်။ တစ်ရက်ကလည်း အသက် ငါးဆယ်ကျော်လောက် လူကြီးတစ်ယောက် လွယ်အိတ်ကြီး လွယ်လို့ အေးသီရဲ့ ရှေ့ကိုရောက်လာ တယ်လေ။ အေးသီလည်း ၀မ်းသာအားရ ဖျာငှားမယ် ထင်တာနဲ့
“ဦးလေး ဖျာငှားမလို့ လားဟင်”

အဲဒီတော့ လူကြီးက ပြီတည်တည်ကြည့်ပြီး
“ဖျာတော့ မငှားချင်ဘူး၊ လူတော့ ငှားချင်တယ်တဲ့”

အေးသီလေ၊ ဒေါသ ထွက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်နေတာပဲ။ ကိုယ့်အဖေ၊ ဦးလေးအရွယ် ကြီးမို့။ ပြီးတော့ အရက်နံ့တွေ လည်း တထောင်းထောင်း ထနေတာမို့ မနည်းသည်းခံ လိုက်ရတယ်။ ဒီလိုစော်ကား ခံရတိုင်းလည်း အိမ်မှာမူးပြီး အိပ်ပျော်နေတဲ့ ကိုအောင်ရဲ့ မျက်နှာကိုသာ ကုတ်ဖဲ့ပစ်ချင် မိတော့တယ်။

တစ်ခါက အဖြစ်အပျက်ကတော့ တော်တော် လေးဆိုးပေါ့။ ဖျာတွေလည်း ငှားပြီး ညနှစ်နာရီလောက် ရှိနေပြီ ဆိုတော့ အေးသီလည်း ပလက်ဖောင်းပေါ်မှာ အိပ်မော ကျသွားပြီလေ။ အဲဒီအချိန် အေးသီရဲ့ ခန္ဓာကိုယ်အောက် ပိုင်းတစ်ခုလုံးကို တစ်စုံ တစ်ယောက်က ပွတ်သပ်ရှပ် တိုက်နေသလား အိပ်မက်လို ၀ိုးတ၀ါး။ ပထမ သမီးကြီး များ လာရောက် ဖက်တွယ်တာလားဟု ထင်မှတ်နေမိ ၏။

နောက်ထပ် ပွတ်သပ်မှုတွေ များပြား ကြမ်းရှလာတော့ အေးသီ လန့်နိုးလာခဲ့ သည်။ အဲဒီအချိန် ထဘီကလည်း ပြေလျော့ပြီး ပေါင် လယ်လောက်အထိ လန်နေ ၏။သူမရဲ့ နံဘေးမှာ လူငယ် တစ်ယောက်၊ ရမ္မက်ခိုးတွေ ဝေ့သီနေသော မျက်နှာဖြင့်
“ဖျာငှားလို့ ရမလား ဟင်”

အေးသီဘာမှ မပြောမဆိုဘဲ အဲဒီလူငယ်ရဲ့ မျက်နှာကို ခြေထောက်နဲ့ အားပါး တရ ပိတ်ကန်၊ လူငယ်အနောက်သို့ လန်ကျသွားခိုက် ကားရား တက်ခွပြီး မျက်နှာကို နောက်ထပ် ဘယ်ပြန် ညာပြန် ရိုက် လိုက်တာ အကြိမ်မရေတွက်မိ။
လူတွေ ၀ိုင်းအုံလာတော့ မှ အနီးမှာ ရှိနေတဲ့ မီးရထား ရဲတပ်ဖွဲ့စခန်းကို အပ်နှံလိုက် သည်။ အေးသီဟာ ဖျာငှား စားပေမယ့် ငြိမ်ခံ နေတတ်တဲ့ အပေါစား မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ လူငယ် နောက်ကျမှ သိခွင့် ရသွားခဲ့ သည်။ အေးသီရဲ့ အတွေးစ တွေက တစ်ထောင့်တစ်ည ပုံပြင်လို ဟိုရောက် ဒီရောက်။ ဘူတာရဲ့ အပြင်ဘက်တွင် မိုးစက်လေးတွေ မစို့မပို့ ကျဆင်းနေလေ၏။ မကြာမီ အချိန်အတွင်း အစုန်ရထား ကြီးတစ်စီး ၀င်လာပေတော့ မည်။ အေးသီလည်း အိပ်၍ မပျော်တော့ချေ။

၂။
အစုန်ရထားကြီးက တရှူးရှူး တရှဲရှဲ အော်မြည်၍ နံပါတ်တစ် ပလက်ဖောင်းသို့ ၀င်ရောက်လာသည်။ အေးသီရဲ့ ရှေ့မှာ ရထားတွဲ တွေက ရိပ်ခနဲ ရိပ်ခနဲ ရထား ကြီးရဲ့ စက်ရှိန်ရပ်တန့်သွား ၏။ ထုံးစံအတိုင်း ဘူတာ ပလက်ဖောင်းရဲ့ ညစဉ် မရိုး နိုင်သော သံစဉ် လှုပ်ရှားမှု ဟန်ပန်များက ပိတ်ကားပြင် ထက်မှ အရုပ်လေးတွေသဖွယ်။ အေးသီကတော့ သူမရဲ့ရှေ့မှ လွန်းထိုး လှုပ်ရှားနေကြသော လူများကို အဓိပ္ပာယ်မဲ့ ငေး မောကြည့်နေမိသည်။ ထိုစဉ် သူမရဲ့ အရှေ့မှ မိန်းမ၀၀ ကြီးတစ်ယောက်အရေးတကြီး အမူအရာဖြင့် တွဲ(၂)သို့ လျှောက်လှမ်းသွား၏။ တွဲ(၂) တွင် ခရီးသည် အတက် အဆင်းတွေက ရှုပ်ယှက်ခတ် လို့။
တွဲ(၂) သို့ တက်သော တံခါးမနားသို့အရောက် မိန်းမ ၀၀ကြီးက လက်မှကိုင်တွယ် ထားသည့် တစ်ထွာကျော်ကျော် ပိုက်ဆံသားရေအိတ် လေးကို ပခုံးတွင် လွယ်ထားသော အ၀တ်အစားအိတ်ရဲ့ နံဘေးအိတ်လေးထဲ ထိုးထည့် ပြီး ရထားပေါ်သို့ အတင်း တိုးဝှေ့တက်လိုက်၏။

မထင်မှတ်သော အဖြစ်အပျက်နဲ့ မြင်ကွင်း။ လူတွေ တိုးအဝှေ့ မိန်းမကြီး ထိုးထည့် လိုက်သော အိတ်က မသပ် မရပ်နှင့် စင်္ကြံပလက်ဖောင်း တစ်နေရာသို့ လျှောခနဲ ကျဆင်းသွားလေ၏။ အဲဒီ မြင်ကွင်းကို ပလက်ဖောင်း ပေါ်ထိုင်နေသော အေးသီ တစ်ယောက်မှ လွဲ၍ မည်သူမှ မမြင်လိုက်။ ကာယကံရှင် မိန်းမကြီးကတော့ သိဟန်ပင် မတူချေ။ သူမရဲ့ ရင်ထဲမှာ လှိုက်ဖိုခနဲ။ လှုံ့ဆော်မှု တစ်ခု ကြောင့် ရုတ်တရက် ခြေလှမ်း ကျဲကြီးများဖြင့် တွဲ (၂) နား သို့ ရောက်သွားသည်။ လူတွေ ရှုပ်ထွေးနေစဉ် အချိန် အတွင်း ပိုက်ဆံအိတ်နား ဖျတ်ခနဲ ထိုင်ချလိုက်ကာ အမြန်ကောက်ယူ၍ နောက် ကြောင်း ပြန်လှည့်၏။
ဘုရား ဘုရား ဘယ်သူ မှ မမြင်လိုက်ပါလား။ စိတ် တွေ မငြိမ်မသက်။ ရထား ထွက်တော့မည်။ အေးသီတစ် ယောက် သူမရဲ့ နေရာလေး မှာထိုင်၍ တုန်ရီနေသော လက်တွေဖြင့် ပိုက်ဆံအိတ်ကို သူများတွေ မမြင်အောင် ဖွင့် ကြည့်လိုက်၏။ မျက်လုံးတွေ ပြာဝေသွားသလို ရင်တွေ လည်း တဒိန်းဒိန်းခုန်သွား သည်။

တစ်ထောင်တန်ငွေ စက္ကူ အသစ်တွေ အထပ် လိုက်၊ အထပ်လိုက်။ သူမရဲ့ ဘ၀ တစ်သက်တာမှာ ဒီလောက် များပြားသော ငွေ တွေကို တစ်ကြိမ်တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးချေ။ အာခေါင်တွေ ခြောက်သွေ့လာ၏။ လက်တွေက လည်း တုန်ယင်နေဆဲ။ ဒီငွေ တွေနဲ့ဆို ငါအိမ်ဆိုင်လေး ဖွင့် ပြီး ဈေးရောင်းစားလို့ရပြီ။ ဘူတာမှာ အအိပ်ပျက် ပင်ပန်းခံ လူအထင်သေးစရာ မလိုတော့ဘူး။ ပြီးတော့ သမီး လေးအတွက် ကျောင်းစိမ်း ၀တ်စုံတွေ အများကြီး ၀ယ် ပေးလို့ရပြီ။
အို ၀မ်းသာလိုက်တာ။

အေးသီရဲ့ မျက်ဝန်းထဲ မှာ ကျေနပ်ပီတိ အရိပ်။ ထိုမှ တစ်ဆင့်၊ အို မဟုတ်သေးပါ ဘူး။ ဒီငွေတွေဟာ ဟိုမိန်းမ ၀၀ကြီးရဲ့ ငွေတွေ။ ငါပိုင်ဆိုင်တာမှ မဟုတ်တာ။ ဒါဟာ မရိုးသားတဲ့လုပ်ရပ်။ ငါ့ဘ၀ မှာ ကိုယ်ကျင့်တရားနဲ့ ပတ် သက်ပြီး ခုချိန်ထိ ဘာအစွန်း အထေးမှ မရှိခဲ့ဘူး။ မဖြစ် ဘူး ငါပြန်ပေးရမယ်။
ရထားစက်ခေါင်းမှ ဥသြသံ ပေါ်ထွက်လာ၏။ ရထားဘီး စတင်လှိမ့်တော့ မည်။ အို ငါနဲ့ ထိုက်လို့ ငါရ တာပဲ။ ရထားလည်း ထွက်တော့မယ်။ မပေးဘဲနေရင် ရော ဘယ်သူမှ မသိတာ။

အင်း၊ မိန်းမကြီး သနား စရာ။ အတွေးစတွေက ဒွန် တွဲလျက်။ ရထားကြီး စတင် ထွက်ပေပြီ။ မိန်းမ၀၀ကြီးရဲ့ ပျာယာခတ်သော အမူအရာ ကို အေးသီမြင်ယောင်လာ၏။ ရုတ်တရက် အေးသီထရပ်၍ ဆုံးဖြတ်ချက်တစ်ခုကို ပီပြင် စွာ ချလိုက်သည်။ ထွက်စပြု နေသော ရထားကြီးနဲ့အတူ ယှဉ်လျက် ပြေးနေသူက အေးသီ။ လက်မှာက ကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထား သော ပိုက်ဆံအိတ်။ ရထား ကြီးက တဖြည်းဖြည်း မြန် လာသလို အေးသီရဲ့ခြေလှမ်း တွေလည်း ပို၍မြန်လာသည်။ တွဲသုံး၊ ပြီးတော့ တွဲ(၂)။ ရောက်ပြီ။

ရထားနဲ့အပြိုင် ပြေး လည်းပြေး အေးသီရဲ့ မျက် ၀န်းတွေထဲက တွဲထဲမှ မိန်းမ ၀၀ကြီးထံ ဝေ့၀ိုက်ရှာဖွေ မောပန်း။
ဟော၊ တွေ့ပြီ။ ပြတင်း ပေါက်တစ်ခုနားမှာ ထိုင်နေ တဲ့ မိန်းမ၀၀ကြီး။ အေးသီ မောဟိုက်တုန်ယင်စွာဖြင့်
“အဒေါ်ကြီး အဒေါ် ကြီး၊ ဒီမှာ အဒေါ်ကြီး ကျကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ကျွန်မ လိုက်ပြီးပေးတာ”

ရထားကြီးက ပိုမြန်လာ၏။ မိန်းမကြီးက အေးသီ လှမ်း၍ပေးသော ပိုက်ဆံအိတ်ကို အံ့သြ၀မ်းသာ ကျေးဇူး တင်မှုတို့ ရောပြွမ်းနေသော မျက်နှာဖြင့် တုံ့ပြန်ပြီး လှမ်း၍ ယူလိုက်၏။ တွဲထဲမှ ခရီးသည်တွေ ကလည်း အေးသီကို ထူးဆန်း စွာဖြင့် ကြည့်ရှုနေဆဲ။ သူမရဲ့ ရင်ထဲမှာ အခုမှ တစ်စုံတစ်ခု အတွက် ကျေနပ်သွားသလို ပီတိ လေးတစ်ခု ဖြစ်ပေါ်သွား၏။

ရထားနဲ့အပြိုင် မောင်း တင်လာခဲ့သော အေးသီရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်၍ မရဘဲ အရှိန်လျှော့ ဆက်ပြေး နေရသေး၏။ ထိုစဉ် အရှေ့မှ တစ်ပေပတ်လည်ခန့် ရေကွက်အိုင်လေး ထဲသို့ သူမရဲ့ ညာခြေတစ် ဖက်က ကျရောက်သွားလေ ၏။ အေးသီတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်ဟန်ချက် ကို ထိန်းသိမ်းနိုင်စွမ်းမရှိ တော့ချေ။ ခန္ဓာကိုယ်တစ် ခြမ်းက အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်နေသော ရထားတွဲ ကြီးဘက်သို့ ယိမ်းထိုးကျ သွားသည်။
“ဒုန်း”ခနဲ မြည်သံကြီးနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲသို့ လွင့်စင်မြောက် တတ်သွားပြီး ဘူတာပလက် ဖောင်းပေါ်သို့ အရုပ်လေးတစ် ရုပ်လို ခွေခေါက်ကျဆင်း သွား၏။

အဖြစ်အပျက်က စက္ကန့် ပိုင်းလေးပင်။ အော်ဟစ် ဆူညံ ပြေးလွှားသံတွေက အဆက်မပြတ်။ ဦးခေါင်းတွေ မူးနောက် ရီဝေနာကျင်လာ၏။
သူမရဲ့ အသိတရား၊ အတွေးစထဲမှာတော့ လက်မှတ်ရောင်းစင် ရှေ့မှ ဖျာငါးချပ်၊ ကိုအောင်ရဲ့ မူးယစ်ရန် လိုခက်ထန်သော မျက်နှာပြင် ကြီး၊ မိန်းမ၀၀ကြီးရဲ့ ကျေးဇူးတင် အံ့သြအကြည့်၊ သမီးလေး အတွက် ကျောင်းစိမ်း ၀တ်စုံလှလှလေး၊ ခန္ဓာကိုယ် အောက်ပိုင်းကို လာရောက် ပွတ်သပ်နေသော လက်ဝါး ပြင်ကြမ်းကြမ်းကြီး၊ ညိုမတို့ ရဲ့ ဆေးဆိုးပန်းရိုက် ရနံ့မဲ့ မျက်နှာ၊ တစ်ထောင်တန် ငွေစက္ကူစများ ဟိုတစ်စ ဒီတစ်စ၊ နောက်ဆုံး စူးရှ တောက်ပြောင်သော အလင်းတန်းကြီး တစ်ခု အတွေးစထဲသို့။ ရထားကြီး ကတော့ အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ ခုတ်မောင်းသွား နေဆဲ။

written by နေမင်းဟိန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

Thursday, February 10, 2011

အချစ်ကန့်လန့်ကာ ခြားလေသော်

“ပဲပြုတ်လေ မြေတောင်ပဲပြုတ် နိုင်လွန်ပဲပြုတ် ထောပတ်ပဲပြုတ်” ဒီနေ့ မနက် ပဲပြုတ်သည် မမြိုင် ဈေးအလွန် ရောင်းကောင်းသည်။ ခါတိုင်းဆို ပဲ ၂ ပြည် ၄ လုံးကို နေ့ဝက်ကျိုးအောင် အထိ ရောင်းရသည်။ မင်္ဂလာ ရပ်ကွက်တွင် သာမက အနီး အနားက ရတနာစု၊ ဥယျာဉ်တန်း ရပ်ကွက်တွေ အထိ လှည့်ရောင်းရသည်။ အခုတော့ ကိုယ့်ရပ်ကွက် လေးမှာတင် ဟိုကလည်း “မမြိုင် လာပါဦး” ဒီကလည်း “မမြိုင် လာပါဦးနဲ့ ပဲပြုတ်လေး ၅၀၊ ၁၀၀ ဖိုးလောက်ပဲ ၀ယ်ပြီး သတင်း မေးကြသည်လေ။ “ဟို ကိုသောင်းအေး သတင်းက ဟုတ်ရဲ့လား” လို့ တစ်မျိုး “ညည်းယောင်္ကျား ညက အိမ်ပြန် အိပ်ရဲ့လား” လို့ တစ်ဖုံ “ကိုသောင်းအေး အိမ်မှာရှိလား။ မိလုံးတော့ အလုပ်က ပြန်မလာလို့ သူ့အဒေါ် လိုက်ရှာနေတယ်”လို့ တစ်သွယ် လှည့်ပတ်ပြီး မေးကြသည်။ စပ်စုကြသည်။ ဘယ်လိုမေးမေး ကိုသောင်းအေး မယားငယ် ယူသွားသည့် အကြောင်း သိချင်ကြလို့ မေးမှန်း မမြိုင် သိသည်။ မမြိုင်ကလည်း ကိုသောင်းအေး ကျောက်ကားက ကိုမောင်အေး ရောက်လာပြီး...

“မမြိုင်၊ ကိုသောင်းအေး မှာလိုက်တယ်။ သူ့ကို မျှော်မနေနဲ့တဲ့။ မလုံးကို ခိုးသွားပြီလို့ မှာလိုက်တယ်”လို့ ပြောကတည်းက တစ်ယောက် ယောက်ကို ပြောချင်နေ သည်။ ခဲအိုဖြစ်သူ ကိုဖိုးထောင်ကလည်း အိမ်ပြန် မလာသေး။ အိမ်နီးချင်း မိန်းမ တွေကလည်း ဗီဒီယိုပြသည့် လက်ဖက်ရည်ဆိုင်မှာ မိသားစုလိုက် ရောက်နေကြပြီ။ ည ၁၀ နာရီကျော် ဆိုင်သိမ်းမှ ပြန်လာကြမည်။ လိုက်ပြောလို့လည်း မဖြစ်။ မနက်စောစောကလည်း ကိုယ်က ပဲပြုတ်တည်၊ သူတို့က ထမင်းချက်။ နံနက်လင်းတော့ သူတို့က အလုပ်သွား။ ကိုယ်က ပဲပြုတ်ရောင်း။ ကိုဖိုးထောင်ကတော့ အိပ်တုန်း။ ဒီတော့ မေးသူရှိတိုင်း ပြောချင် နေမိသည်။

“ကိုသောင်းအေး မယားငယ် ယူသွားပြီတော့”

“ဟယ် ဟုတ်လား။ ငါ တို့က သိနေတာ ကြာပြီ၊ မိလုံးမှ ဟုတ်ရဲ့လား”

“အစစ်ပါ”

“ညည်းက ကိုယ့် ယောက်ျား အခြေအနေ အကဲ မခတ်ဘူးလား”

“အောင်မယ် ကျုပ်များ အအမှတ်လို့၊ ကိုဖိုးထောင် ပြောတော့ ကျုပ်က ရေးတေးတေး သိနေပြီ။ ဒါပေမယ့် ဘာမှ မပြောသေးဘူး။ ကိုသက်ရှည် နာရေး အိမ်မှာကျ ကိုသောင်းအေးနဲ့ မလုံး ဒူးတင်ပေါင်တင်၊ ထိပ်ပုတ် ခေါင်းပုတ် ဖဲရိုက်နေတာ တွေ့တော့ ကျုပ်က မသင်္ကာတော့ဘူး။ ဒါလည်း ကျုပ်က ဘာမှ မပြောသေးဘူး၊ မသင်္ကာတော့ ဖြစ်လာပြီ။ ဟိုနေ့ကလည်း ကျုပ်နဲ့ကိုသောင်းအေး လက်ဖက်ရည်ဆိုင်မှာ ဗီဒီယို သွားကြည့်တော့ လမ်းမှာ မလုံးနဲ့ တွေ့တယ်။ အောင်မယ် ကျုပ်ရှေ့မှာ ဒင်းက အစ်ကိုသောင်း မုန့်ဖိုးပေး ဆိုပြီး အိတ်ကပ်ထဲ အတင်း ဇွတ်နှိုက်တာ။ ကျုပ်က မျက်စောင်း ထိုးပစ်လိုက်တယ်။ မပြော သေးဘူး”

မမြိုင် စကားကြောင့် မေးမိသည့် သူတွေ သနား ရတော့မလို၊ ရယ်ရတော့မလို ဖြစ်သွားသည်။ စိတ်လည်း မရှည် ချင်ကြတော့ပေ။
“ကဲ မမြိုင် ညည်းက မပြောသေးတာနဲ့၊ အကဲ ခတ်တာနဲ့ ပါသွားပြီ မဟုတ်လား” လို့ ကရုဏာ ဒေါသော ပြောကြသည်။
“ဒါတော့တော် ကျုပ် ကွယ်ရာမှာ ဆိုတော့ ဘာတတ် နိုင်မှာလဲ။ ကျုပ်ရှေ့မှာ ဆိုရင် မလုံးဆိုတဲ့ ကောင်မကို ပါးရှစ် စိတ်ကွဲအောင်ထိ ရိုက်ပစ်မှာပေါ့။ မမြိုင်တဲ့ တစ်မြိုင်တည်း ရှိတာ” မမြိုင်ကတော့ မေးသူ ရှိတိုင်း အားရပါးရ ဒီစကားပဲ ပြောနေတော့သည်။

မမြိုင်ယောက်ျား ကိုသောင်းအေးက ကျောက် ကားမောင်းသည်။ ကိုသောင်းအေးအစ်ကို ကိုဖိုးထောင်က မင်္ဂလာ ရပ်ကွက်ကို အရင်ရောက်သည်။ မြင်းခြံနယ်က မိဘတွေဆုံး တော့ ညီအစ်ကို နှစ်ယောက် အမွေခွဲပြီး ကိုဖိုးထောင်က မန္တလေး တက်လာသည်။ ကိုသောင်းအေးကတော့ မိုးကုတ် ကျောက်တွင်းတွေဘက် ရောက်သွားသည်။ အိမ်ထောင် ကျလိုက်သေးသည်။ အိမ်ထောင်ကွဲပြီး အစ်ကိုဆီ ရောက်လာသည်။

ကိုဖိုးထောင်က မြို့ ရောက်တော့ မြေတူး၊ကျောက် ကားလိုက်သေးသည်။ လူက နုနုဆိုတော့ အလုပ်က သိပ် မလုပ်နိုင်။ ရိုးရိုးအအ ဆိုတော့ ကောင်မလေးတွေက ညာပြီး မုန့်ဖိုးတောင်းလိုက်၊ မုန့်ဝယ် ကျွေးခိုင်းလိုက်နဲ့ ဆိုတော့ လုပ်ခရှင်းရင် လက်ထဲ တစ်ပြားမှ မကျန်ပေ။ မန္တလေးမှာ ရောက်နေသည့် ရွာဆွေရွာမျိုးတွေက “ဖိုးထောင် နင့်ရှိသမျှ ပိုက်ဆံတွေကို ကောင်မလေးတွေက ချူ၊ ဟိုလူကချေး၊ ဒီလူက တောင်းနဲ့ ကုန်တော့မှာပဲ မြေလေးနဲ့ အိမ်လေးဝယ်”ဆိုပြီး ချောင်ကျကျနေရာမှာ ၁၅ ပေ၊ ပေ ၂၀ မြေလေးရှာဝယ် ပေးကြသည်။ ၂ ခန်းယောင် ၁ ခန်းကျယ် ပတ်လည် ဒူး တုပ်အိမ်လေး ဆောက်ပေးကြသည်။ ထရံကာ၊ ကပ်မိုး၊ ၀ါးခြမ်းခင်း ဖြစ်သည်။

နောက်ပါသည့် ငွေနဲ့ ဆိုက်ကားတစ်စီးဝယ်ခိုင်းပြီး ဆိုက်ကား နင်းစေကြသည်။ ကိုဖိုးထောင်က လူပျိုကြီး ရိုးရိုးအအ အသောက် အစားမရှိ။ အလုပ်လည်း ကြိုးစားသည်။ ဒါကြောင့် သူငယ် ချင်းတစ်ယောက်က...
“ဖိုးထောင် ငါ့တူမ သဘောကျလား”လို့ ရေလာ မြောင်းပေးစကား ပြောတော့
“မကြိုက်ပါဘူးဗျာ။ အသားကမည်း၊ သွားကခေါ နဲ့ ရည်းစားလည်းရှိသေး၊ အစားလည်းပုပ်သေး၊ ဗီဒီယိုလည်း ကြိုက်သေး”လို့ ပြောနေလို့ စကား မဆုံးခင်

“ဟေ့ကောင် ဖိုးထောင် တော်တော့ မင်းကို ငါ့တူမ ကြိုက်လားမေးတာ၊ ငါ့တူမ အပြစ်တွေ ပြောခိုင်းတာ မဟုတ်ဘူး။ ဟား ဟား ဟား မိန်းမ တစ်ယောက်ကို အပြစ်တွေပဲ မြင်နေမှတော့ ဒီတစ်သက် မင်းမိန်းမ ရတော့မှာ မဟုတ်ဘူး”လို့ပြောကာ မှတ်ချက်ချဖူးသည်။

တကယ်တော့ ကိုဖိုး ထောင်မှာ အချစ်ရှိသည်။ ပဲပြုတ်သည် မမြိုင်ကို ကြိုက်နေသည်။ မမြိုင်ကလည်း အပျိုကြီး၊ အသားမည်းမည်း၊ ပိန်ပိန်ရှည်ရှည်ပါပဲ။ ဒါပေ မယ့် မမြိုင် အသံလေးကို ကြိုက်နေသည်။
“ပဲပြုတ်သည်လေ”

လေအေးအေး ဆွဲဆွဲ ငင် ငင်အသံလေး ကြားရင် အိပ်ရာက လန့်နိုးသည်။ မျက်နှာ သစ်ဖို့ရာ သတိမရသေး။ ပန်းကန်လေး ဆွဲပြီး ၀င်း ပေါက်ထွက်ရပ်နေသည်။ မမြိုင်ရောက်လာလျှင် ပဲပြုတ် ၀ယ်သည်။
“တော့ဟာက နေ့တိုင်း ငါးဆယ်ဖိုးလား”

မမြိုင်ကမေးတော့
“ဒါ ဒါဆို တစ်ရာဖိုးဗျာ”လို့ပြောပြီး ၀ယ်သည်။

“တော်က ပဲကြိုက်သားပဲ”

မမြိုင်ကပြောတော့ ကိုဖိုးထောင် ခေါင်းကြီးငုံ့နေ သည်။ တကယ်တော့ ကိုဖိုးထောင်က တောသားပေမယ့် ပဲ မကြိုက်။ ဘုရားကိုပဲနဲ့ ဆွမ်းတော်တင်ပြီး
“တပည့်တော်ကို ပဲသည်မ ကြိုက်ပါစေဘုရား”လို့ ကြိတ်ပြီး ဆုတောင်းရသည်မှာ နိစ္စဓူဝဖြစ်သည်။

ကိုဖိုးထောင် မမြိုင်ကို လက်ထပ်ခွင့် တောင်းဖို့ သူငယ်ချင်းတွေကို အကူ အညီတောင်းရန် ဆုံးဖြတ် လိုက်သည်။ ထိုအချိန်တွင် ညီဖြစ်သူ ကိုသောင်းအေး ရောက်လာသည်။ မိန်းမနဲ့ ကွဲလာသည်။ စီးပွားရေး ပျက်လာသည်။ ငှက်ဖျားလည်း မိလာသည်။ ဆေးကုပေးရသည်။ အဖျား ပျောက်တော့ ကျောက်ကား လိုက်သည်။ ကိုသောင်းအေးကပဲ ကြိုက်သည်။

“ပဲက ပူပူနွေးနွေးလေး ဆိုတော့ ထမင်းပူပူနဲ့များ ဆီ ဆမ်းစားရရင် နတ်သုဓာနဲ့ ဘယ်လဲနိုင်မလဲ၊ ဟဲဟဲဟဲ”

“တော်က နတ်သုဓာ စားဖူးလို့လား” မမြိုင်က အံ့သြစွာမေးသည်။
“ဟဲ ဟဲ အလှူတွေမှာ ကျွေးတဲ့ နတ်သုဓာ စားဖူးတာပေါ့”

ပဲဝယ်တိုင်း ၀င်းပေါက် ရှေ့အထိ ကိုသောင်းအေးလည်း လိုက်လာပြီး မမြိုင်ကို စကား ပြောတတ်သည်။ ကိုသောင်း အေးက ကိုဖိုးထောင်လို မဟုတ်။ မိန်းမတွေ အထာသိသည်။ ကျတတ်သည့် စကား ပြောတတ်သည်။ ဒီတော့ ကိုသောင်းအေးနဲ့ မမြိုင်က ရင်းနှီးသွားသည်။ မကြာပါဘူး၊ ကိုသောင်းအေးနဲ့ မမြိုင် ရသွားသည်။ ကိုဖိုးထောင်မှာ ရင်ကွဲရပေမယ့် ညီအတွက် မိန်းမ သွားတောင်း ပေးရသည်။

မမြိုင်က တောက။ ဦးလေး မိသားစုနဲ့ လာနေသည်။ ရွာက အမေအိုကြီးကို လှမ်းထောက်နေရသည်။ ကိုသောင်းအေးနဲ့ မမြိုင်ကို ဘုန်းကြီး ၃ ပါးဆွမ်းကပ်ပြီး လူကြီး ၄၊ ၅ ဦး ဖိတ်ကာ မင်္ဂလာ ဆွမ်းကျွေးနဲ့ မင်္ဂလာ ပြုလိုက်သည်။ မမြိုင်က ကိုသောင်းအေးနောက် လိုက်လာသည်။ ဒီတော့အိမ်ကို အလယ်က ကြိုးတန်းပြီး စောင်ကာကာ အနောက်ခန်းကို မင်္ဂလာခန်း အဖြစ် လုပ်ပေးလိုက်ရသည်။

“ခွေးမြီးကောက် ကျည်တောက်စွပ်”ဆိုသလို အသောက်အစား၊ အပျော် အပါးမက်သော ကိုသောင်းအေး တစ်ယောက် စီးပွားရေးလေး အဆင်ပြေလာတော့ သောက်စားလာသည်။ လောင်းကစား လာသည်။ ရသည့်ဝင်ငွေ မိန်းမကို ပုံမှန် မအပ်တော့ပေ။ မမြိုင်ကလည်း ကိုသောင်းအေးက ငွေအပ်လျှင် ယူလိုက်သည်။ တောင်းလျှင် ပေးလိုက် သည်။ တစ်ပတ်တစ်ပတ် အပ်သည့်ငွေထက် တောင်း သည့်ငွေက ပိုများသေးသည်။

ရပ်ကွက်ထဲတွင် နာရေး ရှိလျှင် ဖဲရိုက်ရန် အတွက် သူက အပ်အပ်၊ မအပ်အပ် ငွေတောင်းတတ်သည်။ မမြိုင် ကလည်း သူ့လက်ထဲရှိ သလောက် ထုတ်ပေးသည်၊ မရှိလျှင် ထုတ်မပေးနိုင်သည့် အခါ စကားများရသည်။ တစ်ခါတလေ ကိုသောင်းအေးက မမြိုင်ကို ရိုက်သေး သည်။ ကိုသောင်းအေးတို့ လင်မယား ရန်ဖြစ်လျှင် ကိုဖိုး ထောင်က ၀င်မပြော။ ရှောင် နေတတ်သည်။ မမြိုင် ကလေး နှစ်ယောက်ရတော့ ကိုသောင်း အေးသည် အသောက်အစား လောင်းကစား အပြင် မိန်းမ ကိစ္စပါ ရှုပ်လာသည်။ ကိုဖိုး ထောင်က ကြားတော့
“မမြိုင် သောင်းအေးကို ထိန်းဦး”လို့ သတိပေးသည်။

“ကလေးမှ မဟုတ်တာ ဘာကို ထိန်းရမှာလဲ”
မမြိုင်က အံ့သြစွာမေး သည်။
“အ လိုက်တာဟာ၊ ဟို က နောက်မိန်းမ ယူတော့မှာ လို့ပြောတာ”

“ကျုပ်ကတော့ မယုံပေါင်။ ကိုသောင်းအေးက ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုလည်း ချစ်တယ်လို့ ရန်ဖြစ်ပြီးတိုင်း ပြောတာ”

မမြိုင်စကားကြောင့် ကိုဖိုးထောင် ခေါင်းကုတ်ပြီး
“အ လိုက်တာဟာ”လို့ ပြောပြီး အိမ်က ပြန်ထွက်သွားသည်။ မမြိုင်ခမျာ ပြောသာ ပြောလိုက်ပေမယ့် ကိုသောင်းအေးနဲ့ မလုံးကို မသင်္ကာချင်။

“ကိုသောင်းအေး တော် နဲ့ မလုံး ကြိုက်နေတာလား” လို့ မေးတော့လည်း
“ပေါက်ပေါက်ရှာရှာ ကွာ၊ ကျောက်ကားလိုက်သူ ချင်းမို့ ရင်းနှီးတာပါ။ ငါပြောထားတယ် မဟုတ်လား ပဲပြုတ်ကိုလည်း ကြိုက်တယ်၊ မင်းကိုပဲ ချစ်တယ်” လို့ ပြောသည်။

နောက်ပြီး တစ်ရပ်ကွက်တည်းမို့ မလုံးအကြောင်း သိရသည်။ မလုံးက အပျို မဟုတ်။ ကလေးတစ်ယောက် အမေ မုဆိုးမ။ ပုပု ၀၀။ မမြိုင်စိတ်ထဲတွင် သူ့ လောက်မလှဟု ထင်နေသည်။ ကိုသောင်းအေး စကားပဲ ယုံနေသည်။ သို့သော် ကိုသောင်း အေးက မလုံးကို ခိုးပြေးသွား သည်ဆိုတော့ မမြိုင် ပါးစပ် အဟောင်းသား ဖြစ်ကျန်ရစ်သည်။

တစ်ပတ်လောက်ကြာ တော့ ကိုသောင်းအေး အိမ်ပြန် ရောက်လာသည်။ မလုံးတော့ မပါသေး။
“မမြိုင်ရာ ငါမှားပါတယ်ဟာ။ ကောင်မလေးက အဒေါ်နဲ့ နေရတာ၊ အဒေါ့် ယောက်ျားက ကြည်တာ မဟုတ်ဘူး။ ကလေးတစ်ယောက်နဲ့ ဆိုလို့ ငါက သနားလို့ ယူလိုက်တာပါ။ မင်းလောက် မချစ်ပါဘူး။ ဒါပေမယ့် မလုံးက သဘောထား ကြီးတယ်။ မမမြိုင် ဆူဆူ၊ ရိုက်ရိုက်ခံပါ့မယ်။ နှစ်ယောက်ပေါင်းဆို ပေါင်းပါ့ မယ်တဲ့”
ကိုသောင်းအေးက လေချိုသွေးသည်။

“အောင်မလေးတော် တစ်လင်တည်း မယားနှစ် ယောက် ပေါင်းရမယ်လို့ ကျုပ်ကတော့ ခွေးဇာတ် မခင်းနိုင်ပေါင်တော်”

မမြိုင်က ခါးခါးသီး သီး ငြင်းသည်။
“စဉ်းစားပါကွာ။ ငါတို့မှာ ကလေးတွေ ရှိတယ်။ မင်းက နှစ်ယောက် မပေါင်းနိုင်ရင် ဘယ်လို လုပ်မလဲ။ သူ့ အဒေါ်ကလည်း လက်မခံဘူး။ အိမ်ငှား နေရအောင်က လည်း အုံနာက ငါတို့ နှစ်ယောက်ကို အလုပ်ထုတ် လိုက်လို့ လောလောဆယ် ငွေ ရှာဖို့ ခက်နေတယ်။ ဒါကြောင့် ဒီအိမ်မှာပဲ ပြန်နေရမှာ”

“မသိဘူးတော်၊ ကျုပ် ကတော့ နှစ်ယောက် မပေါင်းနိုင်ဘူး။ သူ့ဖြတ်ရင်ဖြတ်၊ ကျုပ်ဖြတ်ရင်ဖြတ်”

မမြိုင်က မာမာထန်ထန် ပြောတော့ ကိုသောင်းအေး ဒေါသ ဖြစ်သွားသည်။ခါတိုင်း ဒီလိုမှ မပြောဖူးဘဲ ကိုး။
“အောင်မာ ဒီလောက် ခေါင်းမာတာ သောင်းအေး အကြောင်း မသိဘူးလား”ဆိုပြီး မမြိုင်ပါးကို “ဖြန်းခနဲ ဖြန်း ခနဲ”ဆင့်ကာ ရိုက်သည်။ မမြိုင်ကလည်း
“အရပ်ကတို့ရေ၊ မိန်းမ နှစ်ယောက်ယူတဲ့ သူက ကျုပ်ကို နှိပ်စက် နေပါပြီတော့”လို့ အော်သည်။
အိမ်နီးချင်းတွေ ရောက် လာကြသည်။

“မင်းတို့ ကိစ္စက ဒီလို ဖြေရှင်းလို့မရဘူး။ လူကြီးနဲ့ ဖြေရှင်းမှရမှာ”ဆိုပြီး ရပ်ကွက် ရုံးခေါ်သွားကြသည်။
“ကဲ ဘာဖြစ်တာလဲ” ရပ်ကွက်လူကြီးက မေးတော့ ကိုသောင်းအေးက နှစ်ယောက်ပေါင်းဖို့ ပြောသည်။ မမြိုင်က မပေါင်းနိုင် ကြောင်း ပြောသည်။
“ကဲ မင်းက ဒီလောက် တောင်ရှိတာ ငါ မလုံးကိုပဲ ပေါင်းမယ်ကွာ၊ မင်း အိမ်ပေါ်ကဆင်း”

ကိုသောင်းအေးက မျက်နှာထားနဲ့ ပြောသည်။ မမြိုင် မျက်နှာငယ်လေး ဖြစ်သွားသည်။ ထိုအချိန်တွင် ကိုဖိုးထောင် ရုံးထဲရောက်လာ သည်။ မမြိုင် အားတက်သွားသည်။
“ကွာရင် ကျုပ်တို့ သားအမိတစ်တွေ အိမ်ပေါ်က ဆင်းရမှာလား”

မရဲတရဲ မေးသည်။
“ဟ ဆင်းရမှာပေါ့ဟ၊ ဒါ ငါတို့ အိမ်ဥစ္စာ။ မင်းတို့ မဆင်းရအောင်လို့ ပြောနေတဲ့ ဥစ္စာ မင်းမှ နားမလည်ဘဲ” ကိုသောင်းအေးက ခပ်တည်တည်ပြောသည်။
“ဒီအိမ်က ငါဝယ်ထား တာကွ”

ကိုဖိုးထောင်က ၀င်ပြောသည်။
“ကိုဖိုးထောင် ၀ယ်ပေမယ့် မိဘပိုက်ဆံနဲ့ ၀ယ်ထားတာလေ။ ကျုပ်ဆိုင်တယ်။ မမြိုင်နဲ့ မဆိုင်ဘူး။ ကျုပ် လက်ထက်ပွား မဟုတ်ဘူး။ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ပဲ ဆိုင်တာ”
ကိုသောင်းအေးက ခပ်တည်တည် ဆက်ပြောသည်။ ကိုဖိုးထောင် ဇဝေဇ၀ါ ဖြစ်သွားသည်။

“ဥက္ကဋ္ဌကြီး ဟုတ်လား”

“ဒါတော့ အမွေကိစ္စ တရားရုံးနဲ့ပဲ ဆိုင်တယ် ရပ်ကွက် ရုံးကတော့ လူမှုရေးပဲ ဖြေရှင်းနိုင်တာ”
ရပ်ကွက်လူကြီးက ရှင်းပြသည်။

“ကျုပ်က သူ့ကို မပေါင်းနိုင်ဘူး။ အိမ်က ဆင်းသွားရမယ်ဆိုတော့ ဘယ် သွားနေရမှာလဲ။ အိမ်ငှားစရာ ပိုက်ဆံလည်း မရှိဘူး”

မမြိုင်က ငိုမဲ့မဲ့နဲ့ ပြော သည်။
ကိုဖိုးထောင်က မမြိုင် ကို ငေးကြည့်နေပြီး
“ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး မမြိုင်”လို့ပြော ပြီး မမြိုင်ကို အော်ခေါ်လိုက်သည်။

မမြိုင်က မျက်စိပြူးပြီး ကိုဖိုးထောင်ကို လှမ်းကြည့် လိုက်သည်။ အားလုံးက လည်း ကိုဖိုးထောင် ဘာပြော မလဲလို့ ငေးကြည့်နေကြသည်။ တော်တော်နဲ့ စကား မပြောသေး။ ဘာပြောမှာလဲ သိချင်နေကြသည်။ ကိုဖိုးထောင်က စကားပြောရန် မေးကြောကြီးများ ထောင် သည်အထိ အားယူလိုက်ပြီး
“မမြိုင် ဒီခွေးကောင်ကို ကွာလိုက်။ ငါ့အခန်းမှာ နင်တို့ သားအမိလာနေ။ ငါ ကင်းတဲ သွားအိပ်မယ်”လို့ ပြောပြီး ထွက်သွားသည်။
“ဟုတ်တယ်။ ကျုပ်လည်း ပြတ်သားရမယ်။ ချင်းစိမ်းနဲ့ မိဿလင်လိုပေါ့။ ကျုပ်နဲ့ ကိုသောင်းအေးကို ကွာပေးပါ ဥက္ကဋ္ဌကြီး”

မမြိုင်ကလည်း ရဲဝံ့စွာ ပြောလိုက်သည်။
ရပ်ကွက်ရုံးမှာ ကိုသောင်းအေးနဲ့ မမြိုင်ကွာရှင်း စာချုပ် လုပ်ပြီး ကိုသောင်းအေးနဲ့မလုံး လက်ထပ်စာချုပ် လုပ်လိုက်ကြသည်။

မနက်ရောက်တော့ ထုံးစံအတိုင်း မမြိုင်က ပဲပြုတ်ထွက်ရောင်းသည်။ ပဲပြုတ်ကလည်း ရောင်း ကောင်းသည်။ ခေါ်သူ လက်မလည်ပေ။
“မမြိုင် နင်နဲ့ကိုသောင်း အေး ကွာလိုက်ပြီဆို”

“ဟုတ်ပါ့”
မမြိုင်က မျက်နှာမော့ ပြီးပြောသည်။

“ကိုသောင်းအေးနဲ့ မလုံးတို့ သားအမိ ကိုဖိုးထောင် အိမ်မှာပဲဆို၊ အတူ နေကြတာ ပေါ့”

“အတူမနေပါဘူး။ သူ တို့က အနောက်ခန်း အိပ်တာ။ ကျုပ်တို့ သားအမိက ရှေ့ခန်း အိပ်တာ”

“ဟို ဟို မရှက်ဘူးလား”

“အို ဘာလို့ ရှက်ရမှာလဲ၊ ကြားမှာ စောင်ကာထားတယ် လေ”
မမြိုင် စကားကြောင့် ကြားရသူ အပေါင်း ပါးစပ် ဟောင်းလောင်း ဖြစ်ကျန်ခဲ့သည်။

“ပဲပြုတ်လေ မြေတောင် ပဲပြုတ်၊ နိုင်လွန်ပဲပြုတ်၊ ထောပတ်ပဲပြုတ်”
မမြိုင်ကတော့ ပဲဆက် ရောင်းနေလျက်...။

written by မင်းတင်ထွဏ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

Monday, February 7, 2011

လောင်မြိုက်ရှင်သန် ပိုးဖလံတွေ


သည်နေ့ ကျွန်တော့် ဆရာ ခရီး ထွက်သွားပြီ ဆိုတဲ့ အသိနဲ့ ကျွန်တော့် ဦးနှောက်တွေ ပေါ့ပါး သွားလိုက်တာ မပြော ပါနဲ့တော့ဗျာ။

စိတ်တွေ ကြည်လင်လန်းဆန်း လွန်းလို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ညနေပွဲ ရုပ်ရှင် သွားကြည့်မယ် စိတ်ကူးထားတယ်။ သည်စိတ်ကူးလေး မိန်းမကို ပြောပြတော့ သူ့ခမျာ မျက်ရည်လည်အောင် ပျော်လို့ အစောကြီး ကတည်းက ရေမိုးချိုး ဖြီးလိမ်း၊ အလှပြင်နေရှာတယ်။ သီချင်းလေး တအေးအေးနဲ့။ ပျော်ရှာမှာပေါ့၊ ကျွန်တော့်မှာ သူများကို ကားမောင်းပို့ပေး နေရတာနဲ့ပဲ ကိုယ့်မိန်းမ သွားချင် လာချင်မယ့် နေရာလေးတွေ လိုက်မပို့ပေး အားတော့ဘူး ဖြစ်ခဲ့တာကိုး။ “အစ်ကိုစိုးရေ၊ “၀ါးတား”လေးရဲ့ ရေဘူးလေး ရေဖြည့်ပြီး ရေခဲသတ္တာထဲ ထည့်ထားပေးပါဦး။ သွားရင် ယူဖို့လည်း မမေ့နဲ့ဦး။ သတိလည်း ပေးဦး” “အေး အေး” ရေဘူးဖြည့်ရင်း ကျွန်တော်ပြုံးနေမိတယ်။ သမီးက ငယ်ငယ်လေးကတည်းက ရေအရမ်း ကြိုက်တာ။ ဟိုး အူဝဲ အရွယ် ကတည်းက ပိုက်ကလေးနဲ့ စုပ်ပြီး ရေစက်လေး ချပေးပြီလား ဆိုရင် လျှာကလေးနဲ့ ထိုးထိုးသိမ်းပြီး ရေစက်တွေကို တပြွတ်ပြွတ်နဲ့ အငမ်းမရ မျိုတော့တာ။ မိန်းမကလည်း တစ်ချိန်လုံးပဲ“ အစ်ကိုရေ သမီးလေးက ရေအရမ်း သောက်တာပဲတော့်” လို့ ပြောပါများလွန်းတာနဲ့ ကျွန်တော်ကပဲ အကြံရပြီး “၀ါးတား” (Water) လို့ နောက်ပြောင်ခေါ်လိုက်တာ။ ဒါနဲ့ပဲ နောက်ဆုံးတော့ “၀ါးတား” လို့တွင် သွားပါလေရော။ ဒါ့အပြင် တိုက်ဆိုင်တာလည်း ရှိသဗျ။

သည်သမီးလေး မွေးကတည်းက ကျွန်တော်တို့ မိသားစုလည်း ရေလျှံခဲ့တာဗျ။ စီးပွား တက်တာကို ပြောတာ။ အမှန်ကို ပြောရရင်တော့ ကျွန်တော် စီးပွားတက်တာ မဟုတ်ပါဘူးဗျာ။ ကျွန်တော့် ဆရာ ကိုကောင်းကြီး စီးပွား တက်တာဗျ။ ဘာထူးလဲ အတူတူပဲပေါ့ဗျာ။ သူသွား လေရာ ကားမောင်းလျှောက် ပို့ရတဲ့ ဒရိုင်ဘာ ကျွန်တော်လည်း ကိုယ့်ဆရာ စီးပွား တက်မှတော့ ကိုယ်တက်တာနဲ့ အတူတူပဲပေါ့၊ မဟုတ်ဘူးလား။ ခုဆို ကျွန်တော်တို့ အိမ်မှာ အိမ်ထောင်တစ်ခု ရှိသင့် ရှိထိုက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေလည်း အပြည့်ပဲ။ တီဗွီ၊ ဒီဗီဒီစက်၊ ရေခဲသေတ္တာ အ၀တ်လျှော်စက်...စုံနေတာ ပါပဲဗျာ။ ဧည့်ခန်းမှာလည်း ဆိုဖာ ဆက်တီတွေ၊ ရှိုးကေ့စ် လို့ခေါ်တဲ့ အလှပြ မှန်ဗီရို တွေနဲ့။ မှန်ဗီရို ထဲမှာလည်း ဧည့်သည်လာရင် ခင်းကျင်းဧည့် ခံဖို့ ဧည့်ခံပစ္စည်း အပြည့်အစုံ နဲ့။ ဒါတင်ကရိုးလား။ ရှေ့ နှစ်ဆိုရင် ငါးနှစ် ပြည့်တော့မယ့် သမီးကိုလည်း အပျံစား ကျောင်းကို ထားဦးမှာ။

ခုနောက်ပိုင်း ကျွန်တော့်ကို ကျွန်တော့် ဆရာက အယ်ရစ်ဆင် ဟန်းဆက် အသစ်ကျပ် ချွတ်နဲ့ ဟန်းဖုန်း တစ်လုံးတောင် ရက်ရက်ရောရောပေး ထားလိုက်သေးတာ။ ဘာမဆို လိုတရ ဘ၀ပဲ ဆိုပါတော့ဗျာ။ ဖုန်းအကြောင်း စဉ်းစားနေတုန်း ဖုန်းသံထမြည်လို့ ကျွန်တော့်မှာ ဒိတ်ခနဲလန့် သွားတယ်။ နံပါတ်ကိုကြည့်ပြီး ပိုထိတ်သွားတယ်။ ဟိုက် ပြဿနာပဲ၊ ဘာများအကြောင်း ပေါ်ပါလိမ့်။ ဆရာ့မိန်းမ မကြူဆီကဖုန်း။ အလန့် တကြား “ဟဲလို” အသံပြု လိုက်ရတယ်။

“မောင်စိုး၊ နင့်ဆရာ ဘယ်နှရက် ကြာမယ် ပြောသွားလဲ”

“ဗျာ”

ဒါကို ကျွန်တော့်ထက် သူက ပိုသိရမယ့်ဟာ။
“အစ်မကို ပြောမသွား ဘူးလား”

“ပြောပါတယ်။ ငါသိတာနဲ့ နင်သိတာ ကိုက်မကိုက် တမင်မေးတာ”

“ကျွန်တော့်ကိုတော့ သုံးရက်ပဲလို့ ပြောသွားတာပဲ”

“အေး ငါပြောမယ် သေချာနားထောင်။ အခုခဏ နေ ငါလာခဲ့မယ်။ နင်အိမ်မှာ ပဲစောင့်နေ။ နင့်မိန်းမ ညိုညိုကော ဘယ်မှ မသွားစေနဲ့။ နှစ်ယောက်လုံးရှေ့မှာ ငါ စကားပြောမယ်”

သီချင်းလေးတအေး အေးနဲ့ ဖြီးလိမ်း ၀တ်စားပြီး ထွက်လာတဲ့ မိန်းမကိုကြည့် ပြီး ကျွန်တော် ဘာပြောရမှန်း မသိအောင် စိတ်ဆင်းရဲသွား တယ်။
“ညိုညိုရေ သွားပါပြီ။ မကြူကြီး အိမ်ကိုလာမယ် တဲ့”

“ဟောတော့် အစ်ကို့ ဆရာ ဟိုကိစ္စပဲလား”

“ဒါပဲ ရှိတာပဲဟာ”

နှစ်ယောက်သား လက် မှိုင်ချလို့ စောင့်ရတော့တယ်။ တော်သေးတယ်။ သမီးလေး ကို ကြိုတင် မပြောရသေး တာ။ မဟုတ်ရင် ပြောပြီးမှ မသွားဖြစ်ရင် သမီးလေး ၀ါးတားက ဂျီကျတော့မှာ။ သူက အပြင် အရမ်းသွားချင်တဲ့ ကလေး။ ရောက်လာပါပြီ၊ မယ်မင်းကြီးမ မကြူ။ ကုပ်ဝဲ ဆံပင်တိုတိုကို နောက်မှာခေါင်း စည်းကြိုး ရိုးရိုးနဲ့ ဖရိုရိဖရဲ စည်းထားတယ်။ လုံချည် ၀တ်ထားပုံက လျော့ရိလျော့ရဲ၊ ဘလောက်စ် အင်္ကျီက လည်ပင်းဟိုက်ပြီး တစ်ဖက်လိုက် တွဲကျနေတော့ ခါးအောက်နားမှာ တစွေတစောင်း တွဲကျလို့။ မထန်ထန်အောင် တမင် ကျင့်ထားတဲ့ မျက်နှာထား ထန်ထန်ပေါ်မှာ နေမင်းကို အခုပဲ အလုံးလိုက် မျိုထားရ သလို ပူပြင်းလောက်မြိုက်နေ ဟန်က သူ့မျက်နှာပြင်မှာ အတိုင်းသားပေါ်လို့။ သည် ပုံစံကြောင့် ကျွန်တော့် ဆရာ စိတ်ကုန်မယ်ဆို ကုန်ချင်စရာ လို့ မဆီမဆိုင် တွေးမိလိုက် သေးတယ်။

“အို မကြူတစ်ယောက် တည်းလား။ လာ လာ”

ညိုညိုက ညစ်နေတဲ့ စိတ်ကို မပေါ်ရလေအောင် အစွမ်းကုန် ပြုံးပြထားတဲ့ နှုတ်ခမ်းနဲ့ ချိုချိုလေးပြောပြီး အိမ် ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ် ဆိုရင်ပဲ မယ်မင်းကြီးမ မကြူက ခြေဆောင့်ဝင်လာ ပြီး တစ်ကိုယ်လုံး မြုပ်ဝင် မတတ် ဆိုဖာပေါ် ဘုတ်ခနဲ၊ အိခနဲ ခပ်ဆောင့်ဆောင့် ထိုင်ချလိုက်တယ်။ အခြေအနေ မကောင်းဘူးလို့ တွေးရင်း ကျွန်တော် သက်ပြင်းခိုးချမိတယ်။

“နင့်ဆရာ ဘယ်သူနဲ့ ခရီးသွားတာလဲ”

ခက်တာပဲ။ အဲဒါ ဘယ်ပြောလို့ ဖြစ်မလဲ။ ဆရာသမားက ကျွန်တော့်ကို ပြန်လာရင် အီးဗီဒီ ၀ယ်ပေးမယ်၊ မင်း ကြိုက်တာ ကြည့်ထားလို့ အသေအချာ မှာပြီး နှုတ်ပိတ်ခဲ့တာ။
“ဆရာသိုက်လည်း ပါတယ်။ ဆရာမိုးလည်း ပါတယ်။ ခါတိုင်း သွားနေကျ လူတွေပါ အစ်မ”

“ခင်လဲ့ချိုဦးရော ပါ လား”

“အစ်မကလည်း မပါ ပါဘူး”

ကျွန်တော် ဗြောင်လိမ် ရတော့တယ်။ ပြောရင်းက တစ်လက်စတည်း ညိုညို့ ဘက်လည်း လှည့်ကြည့်ပြီး အရိပ်အကဲ ပြရသေးတယ်။ ညိုညိုကလည်း ပါးနပ်ပါ တယ်။
“မပါဘူး အစ်မ။ ကျွန်မ သိတယ်”

ညိုညို့ခမျာလည်း ကျွန်တော်နဲ့အတူ ဗြောင်လိမ်၊ ဗြောင်“က”ရပါများလို့ အရေ ထူနေပါပြီ။
“အဲဒီမိန်းမ ကုမ္ပဏီကိုလည်း မလာဘူး။ သူ့အိမ်မှာလည်း ရှိပုံမရဘူး”

“ကျွန်မ မလဲ့အိမ်ကို မေးပေးရမလား အစ်မ”

“အမလေးလေး ကြောက်လွန်းလို့။ သူ့အိမ်က ဟာတွေကလည်း အကဲဆတ်တယ်။ ငါက ဘယ်လိုဘယ်ညာနဲ့ မယုံသင်္ကာ မေးပါတယ်၊ မြန်းပါတယ် ဆိုပြီး ချက်ချင်း ခင်လဲ့ချိုဦးကို သံတော်ဦး တင်တာ။ ပြီးရင် အဲဒီမိန်းမ က ကိုကောင်းကြီးကို တစ် စိတ်တစ်အိတ်လုပ်ပြီး ချွန်ဦး မှာ။ နင့်ဆရာကလည်း သူ့ဟာ မချွန်တိုင်း ထထတွန် မယ့်ကြက်ဖ။ နောက်ဆုံးတော့ နင်တို့ ငါတို့ပဲ အတွန်ခံ ရမှာ။ ကြောက်လွန်းလို့၊ ကြောက်လွန်းလို့”

ညိုညိုက “အအေးသွား လုပ်လိုက်ဦးမယ် အစ်မ”ဆို ပြီး အသာကလေး ခေတ္တခဏ စတေးရှောင် ထွက်သွားတယ်။ မကြူ ရင်ဖွင့်သမျှ ကျွန်တော် ဒိုင်ခံ နားထောင်ရ ဦးတော့မှာ။ ထုံးစံအတိုင်း ခင်လဲ့ချိုဦး တစ်ယောက် နယ်ကနေ စုတ်တိစုတ်ဖတ် ပုံစံနဲ့ ကုမ္ပဏီမှာ အလုပ် လာလျှောက်ပုံ၊ အဲဒီ နောက် တစ်ဆင့်ပြီး တစ်ဆင့် သွေးရိုးသားရိုး ရာထူး တက်တာမျိုး မဟုတ်ဘဲ သူ့လင်တော်မောင် ကိုကောင်းကြီးကို အပိုင် ခိုးချိတ်ပြီး မန်နေဂျင်း ဒါရိုက်တာ ရာထူး ရသွားပုံ၊ နောက်ဆုံး သူက ကုမ္ပဏီမှာ လူသိရှင်ကြား သူဌေးကတော် ဂိုက်ဖမ်းနေပုံ၊ စုံစီနဖာ သွယ်တန်း ချိတ်ဆက် ပြောပါတော့ တယ်။ ကျွန်တော်ပြောပစ် လိုက်ချင်တာမှ အာကို ယား နေတာပဲ။

“ခင်ဗျားသိတာ နည်းသေးတယ်။ မလဲ့က သူဌေး ကတော်ဂိုက် ဖမ်းနေတာ မဟုတ်ဘူး။ သူဌေးမ ဂိုက်ဖမ်း နေတာဗျ။ ခင်ဗျားယောက်ျား ကိုကောင်းကြီးက သူ့မန်နေဂျာ၊ ခင်ဗျားတို့ ကွယ်ရာမှာ သူက ဒီလိုဇာတ် ကနေတာ”လို့ ပေါ့။ အဖြစ်မှန်ကို သာသိရင် မကြူ ရင်ကျိုးမှာ။

“ရှင့်ဆရာ ကိုကောင်း လည်ဝယ်ပါးနပ်တယ် ဆိုတာ မလဲ့ အိပ်နေသလောက်ပဲ ရှိတာ ကိုစိုးရဲ့။ ယုံလား”လို့ ရင်ကော့မျက်စ ချီပြီး ပြောဖူး ထားတဲ့ ခင်လဲ့ချိုဦး ပုံစံတွေ ကို ကျွန်တော်က အခါခါ မြင်ဖူးပြီးသား။ ဒါပေမယ့် မလဲ့က ဒီလို ပြောပါတယ် ဆိုပြီး ကျွန်တော် ဆရာ့ရှေ့ ဖွင့်ချလို့ ဖြစ်မလား။ အား... ကြိုးတွေ လိမ်ရှုပ်ပြီး အားလုံးရှော့ခ် ရိုက်ကုန်မှာပေါ့။ ကျွန်တော်နဲ့ ညိုညိုကတော့ မကြူခုလို လာပြောလည်း “ဟုတ်တာပေါ့ ဟုတ်တာပေါ့”ဆိုပြီး ထောက်ခံ နားထောင်ပေးလိုက် ရုံပဲ။ မလဲ့ လာပြောရင်လည်း “ဟုတ်တာပေါ့ ဟုတ်တာပေါ့” ဆိုပြီး ထောက်ခံနားထောင် ပေးလိုက်တာပဲ။ ပါးစပ်က ဘာတစ်ခွန်းမှ မဟ၀ံ့ဘူး။ ဟမိတာနဲ့ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်း စွပ်သလို ဖြစ်ပြီပဲ။ မလွယ်ဘူးဗျ။ လှေနံ နှစ်ဖက်နင်းထားတဲ့ ဆရာ သမားရဲ့တပည့် ဖြစ်နေတော့လည်း အကြီးဘက်က လာ ပြောလည်း “ရက်စ်”၊ အငယ် ဘက်က လာပြောလည်း“ရက်စ်” လုပ်ရတော့တာပေါ့။ “နိုး”လို့ ခေါင်းခါငြင်း ဆန်လိုက်မိတဲ့ နေ့ဟာ မောင်စိုးတို့ တစ်မိသားစုလုံး ခေါင်းနဲ့ကိုယ် အိုးစားကွဲ အစိတ်စိတ် အမြွှာမြွှာ ကြေမွတဲ့နေ့ပဲ။

အအေးတစ်ကျိုက် သောက်လိုက်၊ အဖြစ်သနစ် တစ်ခု ပြောလိုက်နဲ့ ပြောလို့ ၀သွားတဲ့ အခါ မကြူပြန် သွားတယ်။ ထမပြန်ခင် ကျွန်တော်တို့ ညစာ စပယ် ရှယ် ၀ယ်စားဖို့ ပိုက်ဆံတွေ တစ်ထပ်ကြီး ညိုညို့လက်ထဲ ထည့်သွားလေရဲ့။ ညိုညိုက ပိုက်ဆံတွေကို တစ်ရွက်ပြီး တစ်ရွက် ရေတွက်ရင်းနဲ့ “တစ် နာရီလောက် ပုတ်သင်ညို လုပ်ရုံနဲ့ ဒီလောက် ရတာဆိုတော့လည်း မဆိုးပါဘူး။ နော့ အစ်ကိုစိုး”လို့ လှမ်းပြောတယ်။ သေချာတယ်၊ ဒါကို သူ ပျော်ပျော်ရွှင်ရွှင်ကြီး ပြောလိုက်တာ မဟုတ်ဘူး။ ခပ်ရွဲ့ ရွဲ့ ပြောလိုက်တာ။ ကျွန်တော်ကလည်း လေသံ ခပ်ဖြည်း ဖြည်းနဲ့ “ဒါပေါ့ ဒါပေါ့”လို့ အလိုက်သင့် ပြောလိုက်ရတယ်။ မကြူက “ညစာကို ကောင်းပိုဆိုင်က ၀ယ်စားလိုက်ကြ”လို့ ပိုက်ဆံတွေပေး တုန်းက သေချာ မှာသွားခဲ့ပေ မယ့် ကျွန်တော်တို့သူ့စကား အတိုင်း ၀ယ်မစားဖြစ်ဘူး။ ရုပ်ရှင်လည်း သွားမကြည့် ဖြစ်တော့ဘူး။ ငွေစက္ကူ တစ်ထပ်ကြီး ကိုင်ပြီး ဘာလုပ်ရ မှန်းမသိတဲ့ စိတ်တွေနဲ့ ကြောင်စီစီ ဖြစ်ကျန်ခဲ့တယ်။ ရင်ထဲ တင်းကျပ်နေလို့ စားပွဲမှာ ညစာဘယ်လို ဘယ်ပုံထိုင်စား ဖြစ်သွားမှန်းတောင် မသိဘူး။ “၀ါးတားလေး” ဗိုက်တင်းပြီး အိပ်ပျော် သွားချိန်မှာ တီဗွီရှေ့ ထိုင်ပေါ်လာသမျှ အရုပ်တွေ ငေးကြည့်ရင်းနဲ့ ကျွန်တော်နဲ့ ညိုညိုစကား ပြောဖြစ်တယ်။ ညိုညို မေးလာတဲ့ မေးခွန်း ကနေ စကားတွေ ဆက်ပြော ဖြစ်သွားတာ။

“အစ်ကို့ ဆရာ ကလည်း မကြူကို ဘာလို့ မယူ ရတာလဲ မသိပါဘူး။ ယူလိုက်ရင် ပြီးပြီ”

“ဟဲ့ မကြူဘက်က အမျိုးတွေ များတယ်။ မယူဘဲ နဲ့တောင် အမျိုးတွေက ခြေချင်းလိမ်အောင် တက်လိုက် ဆင်းလိုက်နဲ့”

“အင်းလေ မယူလည်း ဒီလို အခြေအနေ ကျွံနေမှတော့ ယူပြီး တရားဝင် ပေးကမ်း ထောက်ပံ့တာက ပိုပြီး မင်္ဂလာ မရှိပေဘူးလား”

“ငါ့ဆရာက တစ်ကိုယ်တော် လွတ်လွတ်ကင်းကင်း နေချင်တာ။ ပြောရရင် အတ္တ သိပ်ကြီးတာ။ သူ့ဆွေမျိုးတောင် သူကင်းကင်းနေတာ ကြည့်ပါလား။ အနှောင်အဖွဲ့နဲ့ ခြေချုပ်မိမယ့် ဘ၀ကို သူ မကြိုက်ဘူး။ ဒါကြောင့် မကြူကို ညီမ ၀မ်းကွဲလို့ စကတည်းက အလုပ်ထဲမှာ ကြေညာထားတာသာ ကြည့်တော့။ သူဘယ်တော့မှ ယူမှာ မဟုတ်ဘူး”

“မကြူက ဆရာ့ညီမ ၀မ်းကွဲလို့ သူများတွေကရော ယုံကြလို့လား”

“ဘယ်ယုံပါ့မလဲ။ ဒီလိုပါပဲ ရှေ့မှာတော့ အားလုံးက တဟဲဟဲနဲ့ ပြုံးရယ်ဖုံးဖိ အလိုက်တသိ နေကြတာပဲ။ ကွယ်ရာကျမှသာ ခွက်ခွက် လန်အောင် လှန်ကြတွယ်ကြ နဲ့ ငယ်ကျိုးငယ်နာ ဖော်တော့တာ။ ၀န်ထမ်းတွေက ဒီလောက် မဟုတ်လှဘူး။ ဆရာ ရယ်၊ မကြူရယ်၊ မလဲ့ရယ် တစ်ယောက်တစ်ပြန် ကွယ် တာနဲ့ တွယ်တွယ် နေကြတာက ပိုအရုပ်ဆိုးတာ။ သူတို့ ဟာသူတို့ တွယ်နေတာနဲ့ပဲ ၀န်ထမ်းတွေ သိကုန်တာ များပါတယ်”

“မကြူလည်း သနားပါတယ်။ ၀န်ထမ်းအချောအလှ လေး အသစ် ရောက်လာရင် သူ့ မောင်တော် ဆရာကောင်း ကြီးနဲ့ ငြိမှာစိုးလို့ အလုပ်ထဲ မမြဲရလေအောင် အမျိုးမျိုး အနှောင့်အယှက်ပြု၊ အလုပ်က ထွက်ပြေးအောင် တိုက်ခိုက် ရနဲ့ အပွဲပွဲနွှဲ အောင်လံထူနိုင် ခဲ့သမျှ အခုမလဲ့ ဆိုတဲ့ ကလေး နှစ်ယောက် အမေနဲ့ကျမှ ခံရ တော့တာပဲ။ မလဲ့က တော်တော် လည်မယ့်ပုံနော်”

“ဘယ်လို၊ အစ်ကိုလည်း မပြောဖူးဘဲနဲ့။ ဘာလို့ ဒီလောက်ထိ သိနေတာလဲ”

“အစ်ကိုစိုးကလည်း တစ်ခါတစ်ခါ အစ်ကို့ကို လာစောင့်ပါရောလား။ အဲဒီမှာ ၀န်ထမ်း တစ်ယောက်ယောက်နဲ့ ထိုင်စကား ပြောဖြစ်ရင်းနဲ့ သိလာတာပေါ့”

“သတိလည်းထားဦး။ သူများပြောတာပဲ နားထောင်၊ ကိုယ်ဘာမှစွက်ဖက်ပြီး မပြောမိစေနဲ့”

“အစ်ကို့ မိန်းမပါ။ အစ်ကို နှုတ်လုံသလောက် လုံနိုင်ပါသေးတယ်”

ညိုညိုရဲ့ အဲဒီစကားကို ကျွန်တော် ဘ၀င်မကျဖြစ်သွား တယ်။ သဘောက ကျွန်တော် နှုတ်လုံသရွေ့ သူကလည်းစောင့် ထိန်းမယ်ပေါ့။ ကျွန်တော် မလုံတဲ့ နေ့သူလည်း...။ ဟာ ကျွန်တော် ခေါင်းနားပန်းကြီး သွားတယ်။ သူ့ကို ကျွန်တော့်နောက် ကုမ္ပဏီကို နောက် မလာခိုင်းတော့ဘူး။ ဒါ့ထက် ပိုပြီး သိကုန်ရင် မလွယ်ဘူး။ ကျွန်တော်မရှိတုန်းများ မကြူ ဒါမှမဟုတ် မလဲ့က တစ် ယောက်တည်းရောက်ချလာပြီး လှည့်ပတ်အစ်အောက် မေး မြန်းစုံစမ်းမှ ခက်ရချည်ရဲ့။ ကျွန်တော်ကတော့ သူတို့သုံးယောက်မှာ ကျွန်တော့်ဆရာ ကိုကောင်းစကားပဲ မှားမှား မှန်မှန် ထောက်ခံ ပေးရမှာပဲ။ သူက ကျွန်တော့်ရဲ့အဓိက အရေးပါတဲ့ သူဌေးကိုး။

ထောက်ခံပေးရုံ မကပါ ဘူး။ ကျွန်တော်ကိုယ်တိုင် လူ ကြမ်းအဖြစ် သူ့ဇာတ်ထဲ ၀င် ၀င်ကရတာတောင် ရှိသေး တယ်။ လူကြမ်းအဖြစ် ၀င်က ရင်းနဲ့ မျက်ရည်ဝဲရတဲ့ အဖြစ်တောင် ကြုံဖူးသေးတယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက်ကပေါ့ဗျာ။

“ဂျက်စမင်” အအေး ခန်း ဗြူတီးစလွန်းရဲ့ ဆလိုက် တံခါးလေးကို ဘေးတိုက် အသာလေး တွန်းရွှေ့ပြီး ကျွန်တော် ၀င်လိုက်တယ် ဆိုရင်ပဲ ထိုင်ခုံပေါ်က မိန်းကလေးတစ်ဦးကို ဆံပင် ညှပ်ပေးနေတဲ့ “စံပယ်”က လက်ထဲက ကတ်ကြေးလွတ် ကျသွားမတတ် ဆတ်ခနဲတုန် သွားပြီး ကျွန်တော့်ကိုမျှော်လင့် တကြီး မျက်လုံးလေးတွေနဲ့ လည်ပြန်ကြည့်တယ်။ မကြာခင် မှိုင်းမှိုင်းထ ဝေရီပြာ သွားတော့မယ့် မျက်လုံးလေး တွေကို အားတုံ့အားနာ ဖြစ် မိပေမယ့် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ကျွန်တော်က ကျွန်တော့်ဆရာ စေခိုင်း ညွှန်ကြားသမျှ တစ်သဝေမတိမ်း လုပ်ဆောင် ပေးရတဲ့လူ။

“ခဏလေးစောင့်ပါ အစ်ကိုစိုး”

စံပယ်ရဲ့ ခဏလေး ဆိုတာ လူရှင်းတဲ့ အထိ အချိန် ကိုပြောတာ။ ကျွန်တော့်မှာက အဲဒီလောက်ထိ အချိန်မရဘူး။ ဟင့်အင်း၊ မရတာ မဟုတ်ဘူး။ ပြတ်ပြတ်လုပ်၊ ချက်ချင်း ပြန်လာလို့ ကျွန်တော့် ဆရာက ယတိပြတ် မှာလိုက်တာ။ ခေါင်းနည်းနည်း ငုံ့ပြီး ကုပ်သားပေါ်က ဆံပင်လေး တွေအညှပ်ခံနေတဲ့ ထိုင်ခုံပေါ် က မိန်းကလေးက မှန်သား ပြင်ထဲကနေပြီး ကျွန်တော် တို့နှစ်ဦးရဲ့ ပတ်သက်မှုအနေ အထားကို မသိမသာလေး မျက်လုံး လှန်ကြည့်လို့ အကဲ ခတ်နေပါတယ်။ စိန်ရတနာ လမ်းထဲက ရပ်ကွက်ဆန်တဲ့ ဆိုင်ကလေးထဲ ရောက်ခဲ့မှတော့ ရပ်ကွက် ဆန်ဆန်ပဲ စပ်စုခံရမှာ သဘာဝပဲပေါ့။သည်ဆိုင်လေးကို (ကျွန်တော့် အတွက် မဟုတ်ဘဲ) ရောက်ရပါ များလွန်းလို့ ဒါတွေကို ကျွန်တော် ခံနိုင်ရည် ရှိနေပါ ပြီ။ ကျွန်တော် ခံနိုင်ရည် မရှိမှာက စံပယ်ရဲ့မျက်လုံးလေး တွေ ဖြူဖျော့ အားနည်းသွား မှာ..။

“မစံပယ် သွားချင်သွားလေ။ ကျွန်မ ဆက်လုပ်လိုက်မယ်”

အကူ မိန်းကလေးက အလိုက်တသိ ပြောလာတဲ့အခါ စံပယ်က အပြင်ထွက်ဖို့ အသင့် အနေအထား ဖြစ်သွားတယ်။ ကျွန်တော် ထိုင်ရာက ထပြီး ဆိုင်အပြင်ဘက်ကို အရင်ထွက်ခဲ့တယ်။ ဆိုင်နဲ့ မလှမ်းမကမ်းမှာ ရပ်ထားခဲ့ တဲ့ ကားဆီ လျှောက်ခဲ့ပြီး ကားထဲ ၀င်ထိုင်လိုက်တယ်။ နောက်က လိုက်လာတဲ့ စံပယ်က အခါတိုင်းလိုပဲ ကား နောက်ခန်းတံခါးကို ဖွင့်ပြီး ၀င်ထိုင်လိုက်တယ်။ သည်နေ့တော့ သူ့ကို ကျွန်တော် ခါတိုင်းလို ခါတိုင်းသွားဖူး နေကျနေရာ တစ်နေရာဆီကို ပို့ပေးဖြစ်မှာ မဟုတ်တော့ပါဘူး။ သူ့ကို တစ်ချက်လှည့် ကြည့်လိုက်ပြီး ဘေးခုံပေါ်က စက္ကူထုပ်လေး တစ်ထုပ်ကို ညင်ညင်သာသာလေးပဲ သူ့ဆီ ကမ်းပေးလိုက်တယ်။ ယောင် နနပုံစံနဲ့ လှမ်းယူပြီး တုန်ခိုက်တဲ့ အသံလေးနဲ့ သူပြောလာပါတယ်။

“အစ်ကိုစိုး ဒါ...ဒါ”

“ကျွန်တော့်ဆရာ နိုင်ငံခြား ထွက်သွားပြီ”

အမှန်က ဘယ်မှ မသွားဘူး။ သူ့အိမ်ထဲမှာပဲ သူ့မိန်းမ မကြူနဲ့ နေ့လယ်စာ စားကောင်းစားနေမှာ။ သူပြောခိုင်းသလိုပဲ ကျွန်တော် ပြောရ တာပါ။ ကျွန်တော် သက်ပြင်းတွေ မှုတ်မှုတ် ထုတ်နေမိတယ်။ သူ သူ ဒီမိန်းကလေး ထိန်းမနိုင် သိမ်းမရ ငိုချလိုက် လေမလား၊ ဘယ်လိုတုံ့ပြန် လေမလဲ။ အသိမဲ့စွာ တစ်ခုခု ဆိုးဆိုးဝါးဝါး တုံ့ပြန်လာခဲ့ရင် ကျွန်တော် ဘယ်လို ဖြေရှင်းပေးရပါ့။ ထိတ်ထိတ် လန့်လန့်တွေးရင်း စံပယ်ကို နောက်ကြည့်မှန်ထဲကနေ ခိုးကြည့်လိုက်တယ်။ ဟော ဗျာ..။

အိတ်ထဲက ငွေတွေကို ထုတ်ယူပြီး ခပ်သွက်သွက် ရေတွက်နေတဲ့ စံပယ်။ သူ့မျက်နှာက တည်တည်ထန်ထန်။ ဘာမှ ပုံဖော်ခန့်မှန်းလို့ မရတဲ့မျက်နှာ။ သည်မျက်နှာ ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ဖူးဘူး။
“ဒါ ဘာအတွက်ပေး တာတဲ့လဲ။ မီးဖွား စရိတ်လား၊ ဖျက်ဆီးဖို့ စရိတ်လား။ တစ်သက်စာ နှုတ်ပိတ်စရိတ်လား။ ကျွန်မ သူ့ကို မေးချင်တယ် အစ်ကိုစိုး”

“ကျွန်တော့်ဆရာ နိုင်ငံ ခြားထွက်သွား...”

“ကျွန်မ သိတယ်၊ သူ ဒီရန်ကုန်မှာပဲ ရှိတယ်”

ကျွန်တော်ဘာမှ မပြော တတ်တော့ဘူး။
“ဆောရီး အစ်ကိုစိုး။ အစ်ကိုစိုးကို ကျွန်မ လေသံ မမာသင့်ဘူး။ ဘာမှမှ မဆိုင်တာနော်”

စံပယ်က လေသံပျော့ သွားတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကို ခွဲခြားမြင် ပေးဟန်ရှိပါတယ်။ ဒုက္ခ ရောက်နေတဲ့ နှမလေးတစ် ယောက်ကို ဘာမှ မတတ်နိုင် တဲ့ မျက်လုံးတွေနဲ့ ပေကြည့် နေရသလို၊ လက်ခြေတွေ ငုံးတိ ပြတ်တောက်နေတဲ့ ကျွန်တော့်ရှေ့ လူတစ်ယောက် ဗိုင်းခနဲ လာချော်လဲသလို ဘာမှ မတတ်နိုင်တဲ့ ကျွန်တော် တကယ်ပဲ ရင်ထဲ နင့်နေပါတယ်။

“ဆိုးတော့ မဆိုးပါဘူး။ငါးသိန်းဆိုတဲ့ ငွေက ကျွန်မ အတွက် တစ်ခါမှ အိပ်မက် မမက်ဖူးတဲ့ငွေ၊ နည်းမှ မနည်းတာ”

နားထဲမှာ “ဘာမှ အပို မလုပ်နဲ့။ ယတိပြတ်ဖြတ်၊ ချက်ချင်းပြန်လာ” ဆိုတဲ့ ကျွန်တော့်ဆရာရဲ့ အသံပြာ အစ်အစ်ကြီးက ထပ်တလဲလဲ ဆူလာတယ်။
“ကျွန်မ ဒါကို ယူသင့် လား ဟင် အစ်ကိုစိုး”

နှမလေးတစ်ယောက် က အစ်ကိုတစ်ယောက်ကို အားကိုးတကြီး ခိုတွယ်မေး လိုက်သလိုမျိုး၊ မထင်မှတ် တဲ့ မေးခွန်း။ ဟီရိုရှီးမား မြို့ကလေးအပေါ် အဏုမြူ ဗုံးကြဲချခံလိုက်ရသလို...။ ကျွန်တော်လိပ်ပြာ လွင့်သွား တယ်။ ယူလိုက်ပေါ့၊ သုံးရတာ ပေါ့လို့ ပေါ့ပြက်ပြက်ပြော လိုက်ရမလား။ မယူနဲ့၊ မသန့် စင်တဲ့ငွေတွေ၊ လွှင့်ပစ်လိုက်၊ မယူနဲ့လို့ တားမြစ်လိုက်ရ မလား။ လောလောဆယ် ဒါ့ ထက်အဆမတန် များပြားတဲ့ ငွေစက္ကူတွေ ကျွန်တော့်ဘ၀ ထဲမှာ အထပ်ထပ်သိုလှောင် ခဲ့ပြီးပြီ။ ကျွန်တော်ဟာ ဆရာ သမားသွားလိုရာ မိုင်ကုန် ပြေးမောင်းပို့ရတဲ့ ဒရိုင်ဘာ တစ်ယောက်ပါ။ တစ်နည်း အားဖြင့် သူ့စိတ်တွေ စိုင်းလို ရာ...တာဝန်သိသိ သစ္စာရှိရှိ၊ ပို့ဆောင် ပေးနေရတဲ့ လူယုံ တော်ကြီးပါ။

“ကျွန်မ သိတယ်၊ အစ်ကိုစိုး ကျွန်မကို ယူစေချင်မှာ မဟုတ်ဘူး။ ဟုတ တယ် မဟုတ်လား”

သည်စကား တစ်ခွန်းက ကျွန်တော့်ကို အခါခါ လိပ်ပြာ လွင့်စေခဲ့တယ်။
“ဒီငွေကို ကျွန်မယူမယ်။ ဒီကလေးကို ကျွန်မမွေးမယ်။ ကောင်းကောင်း ပြုစု ပျိုးထောင်မယ်။ ကလေးသိ နားလည်တဲ့ အချိန်ရောက်ရင် သူ့အဖေ ဘယ်သူဖြစ်တယ် ဆိုတာ အေးအေးဆေးဆေး အချိန်ယူ ပြောပြမယ်။ အမေ ကို အပြစ်ဆိုချင်ရင်လည်း ဆို၊ ကျွန်မ ခေါင်းငုံ့ခံမယ်။ ဘာတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ် ဆိုတာ အားလုံး အမှန်အတိုင်း ပဲပြောပြမယ်။ သူသဘော ပေါက်လက်ခံတဲ့ အထိ၊ ပြီးရင် သူ့အဖေနဲ့တွေ့ရဖို့ သူ့ကို ရှင့်ဆရာအနား မရောက် ရောက်အောင်ပို့မယ်။ မြန်မာပြည်က ကျဉ်းကျဉ်းလေးပါ။ သူအောင်မြင် ကျော်ကြားလေလေ၊ သူ့ကမ္ဘာက ပိုပြီးကျဉ်း မြောင်းလေလေ၊ ကျွန်မသူ့ကို ရှာဖို့ပိုပြီး လွယ်ကူလေလေပဲ။ ဒါကြောင့် သူ့ကို လျှမ်းလျှမ်း တောက် အောင်မြင်ကျော် ကြားတဲ့ စီးပွားရေး သမားဖြစ် ဖို့ပဲ ကျွန်မ မျှော်လင့်တယ်။ ကျွန်မရဲ့ကလေးဟာ အမှန်ကို ရင်ဆိုင်ပြီး ရဲရဲ ကြီးပြင်းလာ နိုင်တဲ့ ကလေး ဖြစ်စေရမယ်။ သမီးဖြစ်ဖြစ် သားဖြစ်ဖြစ် သူ့အဖေ သူ့အမေရဲ့ အမှား အရိပ်တွေနဲ့ ပိန်းပိတ်ပြီး သိမ်ငယ် မနေစေရဘူး။ ပညာ တတ်ပြီး သူ့ဘ၀ကို သူသိက္ခာ ရှိရှိ မောင်းနှင်နိုင်ရမယ်”

လွင့်နေတဲ့ ကျွန်တော့် လိပ်ပြာဟာ စံပယ်ရဲ့ခြေဖ၀ါး အောက် တိုးဝင်သွားတယ်။ ကျွန်တော်စံပယ်ကို လူမသိ သူမသိ ဦးညွှတ်လိုက်ပါတယ်။
“သူ့မှာ မကြူရှိတယ် ဆိုတာ ကျွန်မ တကယ် မသိ ခဲ့တာပါ အစ်ကိုစိုး။ ကျွန်မ သိတာက သူ့မိဘတွေ သဘောတူတဲ့ ချိုင်းနီးစ်စပ် အမျိုးသမီးတစ်ဦးနဲ့ အိမ် ထောင်ပြုဖူးတယ်။ နောက်ကွဲ သွားပြီး အဲဒီ မိန်းမက တရုတ် ပြည်အပြီး ထွက်သွားခဲ့တယ်။ သူက တစ်ကိုယ်ရေ အထီးကျန်နေတဲ့ လူပြိုသိုးကြီးပေါ့။ ဒါ ကျွန်မသိတာ အကုန်ပဲ”

ရိုးအီနေတဲ့ ဇာတ်လမ်း။ လူတွေကို သူဒီလို ပြောပြ တတ်တယ်။ ကျွန်တော့်ဆရာ ရဲ့မိန်းမကို လူတွေက မမြင် ဖူးပါဘဲနဲ့ စီးပွားရှာဖို့ပဲသိတဲ့ မိန်းမကြမ်းကြီးအဖြစ် စက် ဆုပ်ခဲ့ကြပြီးပြီ။ မှင်မောင်း ကောင်းလွန်းတဲ့ ကျွန်တော့် ဆရာက ဒီဇာတ်လမ်းထဲမှာ သနားစရာ သိုးသူငယ်လေး ပေါ့။ ပြီးရင်လာဦးမယ်။ ၀ါသနာအရ သူရှာဖွေစု ဆောင်းထားတဲ့ စာအုပ်တွေ၊ ပန်းချီကားချပ်တွေကို အဲသည် မိန်းမက ရန်ဖြစ်ကြတဲ့ အခါတိုင်း “ကျွန်မစီးတဲ့ ဖိနပ် တစ်ရန်လောက်တောင် တန်ဖိုး မရှိတဲ့ပစ္စည်းတွေ”လို့ ပြောပြီး လွှင့်ပစ်သတဲ့။ သူ့ဝါသနာကို အထင်မကြီး၊ အလေးမထားတဲ့ မိန်းမဆိုပြီး ကျွန်တော့် ဆရာက ကွာရှင်း လိုက်ရောတဲ့။ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေ (အထူး သဖြင့် မိန်းမတွေ)ကို တရှိုက် မက်မက် ပြောပြနေကျ ပုံပြင် တစ်ပုဒ်ပေါ့။

ကြားကြားသမျှ လူတွေကတော့ စုတ်ကလေးသပ်၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျွန်တော့် ဆရာအပေါ် ကရုဏာ သက်ဝင်ကြပါလေရော။ အမှန်ကို ဆိုရရင် ကျွန်တော့် ဆရာမှာ လက်တန်း ပြောနေကျ ကျပန်း ပုံပြင်တွေ အများကြီးပါ။ သူ့ရှေ့မှာ ထိုင်နေတဲ့ လူအပေါ် မူတည်ပြီး တစ်ယောက်ကို ပုံပြင်တစ်မျိုး။ ကြာတော့ ဒီလောက် အတွင်းသိ၊ အစင်းသိ အနီးဆုံးမှာ အကြာဆုံး ရှိခဲ့တဲ့ ကျွန်တော်တောင် ဘယ်ပုံပြင်က အမှန်ဆိုတာ မသိတော့ဘူး။ မျက်စိတွေလည် ကုန်ရော။ ကျွန်တော့် အမျိုးသမီး ညိုညိုက တစ်ခါ တစ်ခါ သူ့ဘာသာသူ အတွေး စပ်မိလို့ ထထမေးပြီ ဆိုရင် ကျွန်တော်လည်း တစ်ခါမေး တစ်မျိုး ပြောမိရော။ “ဟင် အစ်ကို ဟိုတစ်ခါ ပြောတုန်းက ဒီလို မဟုတ်ပါဘူး” လို့ စကားထောက်ရင် “သိဘူးကွာ။ ငါ အပြင် သွားဦးမယ်” ဆိုပြီး ကျွန်တော် သူ့အနားက လစ်ထွက် သွားရတော့တာပဲ။

ကျွန်တော့်ဆရာမှာ အဲသည်လို ပုံပြင်တွေ များကြောင်း လူတွေ(အထူးသဖြင့် မိန်းမတွေ) ကို အမှန်အတိုင်း ကျွန်တော် ထုတ်ဖော်ပြောခွင့်မှ မရှိတာ။ဒီလို စောင့်ထိန်းပေးနိုင်ခဲ့ လို့လည်း ကျွန်တော့်ဘ၀ တစ်လျှောက်လုံး ငြိမ့်ငြိမ့် လေး နေခဲ့ရတာပါ။ စံပယ်ကို ငါသွားတော့ မယ်လို့ ကျွန်တော်ပြော မထွက်သေးဘူး။ အချိန်တွေ တော်တော် လင့်နေပြီ။ သည် တစ်ခါတော့ ကျွန်တော့် ဆရာကို မညာစဖူး ကျွန်တော် ညာရတော့မယ်။ စံပယ်ဆီ က ချက်ချင်း ပြန်ခဲ့ပါတယ် ပေါ့။ ကားအတွက် လိုအပ်တာ စစ်ဆေးဖို့ ၀ပ်ရှော့ပ် ၀င်နေတာပါပေါ့။ ဒီ့အရင် အမျိုးသမီးတွေတုန်းက ကျွန်တော့် ဆရာ ညွှန်ကြားတဲ့ အတိုင်း ကျွန်တော် ယတိ ပြတ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စံပယ်နဲ့ကျမှ ကျွန်တော့်စိတ်ထဲ တော်တော် မောနေမိတယ်။ ကျွန်တော့်ဆရာနဲ့ ပတ်သက်ဖူးသမျှ အမျိုးသမီး တိုင်းမှာ စံပယ်က အရိုးဆုံး ဖြစ်နေတာကိုး။ ကျွန်တော့် ဆရာကလည်း ဒါကိုကောင်းကောင်း သိပုံရပါတယ်။ ၀ါသနာအရသာ ခြေရှုပ်မိပေ မယ့် ရိုးသားပုံရတဲ့မိန်းကလေး ဆိုတော့ ရင်းနှီးလုပ်ကိုင်စားဖို့ တရက်တရောကြီး ပုံပေး လိုက်တာ။ ဘယ်ခါတိုင်း မိန်းမတွေဆို မသွားတော့ဘဲ ရှောင်နေလိုက်ရုံနဲ့ ဇာတ်လမ်းက အပ်နဲ့ ထိုးလိုက်တဲ့ ပူဖောင်းလို ဖောင်းခနဲမြည်သံ ကြားလိုက်တာနဲ့ အားလုံးပြီး ပြတ်သွားပြီပဲ။

“ဒီငွေကို လက်ခံမိတဲ့ အတွက် ကျွန်မကို အထင် သေးမယ်ဆိုတာ ကျွန်မသိပါ တယ်။ ကျွန်မကို ခွင့်လွှတ်ပါ အစ်ကိုစိုး”

ပြောပြောဆိုဆို ကား တံခါးဆွဲဖွင့်ပြီး စံပယ် ထွက်သွားတယ်။ အထင်မသေးပါ ဘူးလို့ ကျွန်တော် မပြောဖြစ်လိုက်ဘူး။ တကယ်ဆို အထင် သေးဖို့ နေနေသာသာ သူ့ အပေါ် အထင်သေးပိုင်ခွင့်ကို မရှိခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်က...။ အဲသည့်နေ့က ယောက်ျားတန်မဲ့ ရင်ထဲဆို့နင့် လာပြီး ကျွန်တော် မျက်ရည်ဝဲ ခဲ့တယ်။ ငွေကြေးက ဘ၀ကို ၀ါးမျိုနေပြီလား။ ကျွန်တော့် ရဲ့ရပ်တည်မှု ဘ၀ပုံစံကိုလည်း ကျွန်တော် သံသယ ၀င်လာ တယ်။ ကျွန်တော် ပြည့်ပြည့် စုံစုံနေခွင့်ရတာဟာ ခါးချည့် အောင် ငြိမ်ကုပ်မောင်းလို့ရတဲ့ ဒရိုင်ဘာလစာ ငွေစစ်စစ် ကြောင့်မှ ဟုတ်ရဲ့လား။ သိမြင်ကြားနေပါလျက်နဲ့ မသိမမြင်မကြား ဟန်ဆောင်နိုင်လို့ နှုတ်ပိတ်ခရ တာလား။ ခေါင်းကိုပုတ်သင် ညိုလို ညိတ်နိုင်လို့ခေါင်း ညိတ်ခရတာလား။ လား ပေါင်းများစွာနဲ့...။ ကားပဲ မောင်းတတ်တဲ့ ကျွန်တော်၊ ကျွန်တော့်ဆရာဆီမှာ မဟုတ် ဘဲ တခြားတစ်စုံတစ်ယောက် ဆီမှာ ဆိုရင်ရော ဒီလိုပုံစံတူ လာဦးမှာလား။

“ဟေ့ကောင် မမောင်း တတ်ရင် မမောင်းနဲ့။ ငါ့___ ခွေးမသား”

ဘတ်စ်ကားတစ်စီး ပေါ်က အသံ။ လက်စသတ် တော့ ကျွန်တော့်ကို လှည့် ကြည့်လှည့်ကြည့်နဲ့ ဆဲသွား တာ။ ခါတိုင်းဆို ကျွန်တော် ပြန်ဒေါသထွက်မိမှာ သေချာ တာပေါ့။ ဒီနေ့တော့ ထူးထူး ခြားခြား အဲဒီဘတ်စ်ကား မောင်းတဲ့ ဒရိုင်ဘာကို ကျွန်တော် အားအကျကြီး ကျသွားမိတယ်။ ဘတ်စ်ကားမောင်းတဲ့ လူကမှ စိတ်ထဲဖြစ် ဖြစ်သလို၊ မြင်မြင်သလို၊ သြဇာ အပြည့် နဲ့ ချက်ချင်း ဆိုဆဲ အော်ဟစ် ပြောခွင့်ရှိပါလားဆိုပြီးတော့ ပေါ့။ ကျွန်တော့်မှာ အရာ အားလုံး နှုတ်ပိတ်တိတ်ဆိတ် ခေါင်းညိတ်။ ဘတ်စ်ကား မောင်းရရင် ကောင်းမလား၊ စိတ်အကြံ ခဏလေးဖြစ်မိ လိုက်သေးတယ်။ တကယ်တော့ ဘယ်ဖြစ်နိုင်မှာလဲ။မလွယ်တဲ့ ကိစ္စကြီးပါ။

လက်ကိုင်ဖုန်းလေး ခါး ချိတ်ပြီး လုပ်ငန်းရှင်ရဲ့ကား စတိုင်လ်ကျကျ မောင်းရတဲ့ ဘ၀မှာ ကျွန်တော်နေသား ကျနေပါပြီ။ လူပျိုဘ၀ ကျွန်တော့်တစ်ကိုယ်စာ အတွက်တုန်းကတောင် ဒီ ဘ၀ကနေ ရုန်းမထွက်နိုင် တာ။ ညိုညိုနဲ့ အိမ်ထောင်ကျ၊ သမီးလေး “၀ါးတား”ရှိလာ တော့ ပိုပြီး နေသားကျ၊ ပိုပြီး နှုတ်ပိတ်၊ ပိုပြီးတိတ်ဆိတ်၊ ပိုပြီးခေါင်းညိတ်။ ကျွန်တော် သာမက ညိုညိုတောင်မှ ဒါတွေ ကျွမ်းကျင်နေပါပြီကော။

“ငါခရီးသွားတုန်း နင် တို့အိမ်ကို ဟိုဟာမ လာသေးလား”

“ဘယ်သူလဲ ဆရာ”

“ဘယ်သူရှိဦးမလဲ။ ဟိုငတုံးမ မိကြူပေါ့”

“မကြူလား၊ ဟင့်အင်း မလာဘူး ဆရာ”

ညိုညို ဗြောင်လိမ်တဲ့ စကားကို ကျွန်တော့်ဆရာ တစ်ချက်တည်း ယုံသွားပါတယ်။ ကျွန်တော့်ကို ယုံလို့ ကျွန်တော့်မိန်းမ ညိုညို့ကိုပါ ကျွန်တော့်ဆရာ ယုံကြည် စိတ်ချနေပါပြီ။ ဒီလို ယုံကြည် စိတ်ချနေတဲ့ အခြေ အနေမျိုးမှာ ကျွန်တော်က ရှေ့ မလှမ်းချင်တော့ဘူးဆိုပြီး ခြေလှမ်းတွေ ရပ်ပစ်လိုက်ရင် ကျွန်တော့်လောက် မိုက်မဲသူ ကမ္ဘာမှာ ရှိမှာ မဟုတ်တော့ဘူး။

“လာရင် ငါ့ကိုပြော၊ ကြားလား။ ဒီငတုံးမ အလကား နေရင်း ငါ့ယုန်ထင် ကြောင်ထင်နဲ့။ ခင်လဲ့ချိုဦးကို ငါမြှောက်စားထားတာ ခိုင်းကောင်းလို့ဟေ့။ သူက မြှောက်ပေးရင် ဖင်ပေါ်အောင် ကတဲ့ ဒေါင်းမျိုး။ ဒါကြောင့် တမင် ခိုင်းစားထားတာ။ သူကလည်း တစ်မှောင့်၊ ငါ မြှောက်စားလို့ တောက်ကြွား နေခဲ့ပြီးမှ ငါ့ကိုတောင် တစ်ချီတစ်မောင်း ပြန်တွယ်ချင် သေးတယ်။ ဘာရမလဲ။ ငါ့ ရှေ့ ကဖျက်ယဖျက် လာလုပ်လို့ အားလုံးရှေ့မှာ ငါခုံနဲ့ ကန် ပစ်လိုက်တာ မျက်ရည်ကို တောက်တောက်ကျရော။ ဒီတော့မှ ကုပ်သွားတာပဲ”

ကျွန်တော့်ဆရာပြန် သွားတော့ ညိုညိုက ကျွန်တော့်ကို မေးတယ်။
“ဟုတ်လား အစ်ကို။ မလဲ့ကို အစ်ကို့ ဆရာက ခုံနဲ့ ကန်တယ်လား”

“အလကားပါကွာ။ သူ့ လူတွေရှေ့မှာ တမင်ဖိန့်ဖိန့် လုပ်တာ”

“ဟင် အဲဒီလိုလား။ မလဲ့ကရော ခံတာပဲလား”

“အဲဒီလို လူရှေ့တစ်ခါ ဗျင်းပြီးရင် ကွယ်ရာကျ တို့ ဆရာက ချော့နေကျ။ စားချင်တဲ့ဆိုင် သွားကျွေးရတာ နဲ့၊ တောင်းသမျှ ကျိတ်ဝယ် ပေးရတာနဲ့။ ဒီတော့ မချောက အကြိုက်ပေါ့။ များများ ကန်ပါစေတောင် ဆုတောင်း နေမှာ”

“အို အဲဒီလိုလား”

ညိုညို့ခမျာ တအံ့တသြ ဖြစ်နေရှာပါတယ်။ ဒါတောင် သူ့ကို ကျွန်တော် မပြောပြဘဲ ချန်လှပ်ထားတာတွေ ရှိပါသေးတယ်။ ညိုညိုကတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး တွေးဆမိပုံ မပေါ်ပါဘူး။ ခင်လဲ့ချိုဦး အတွက် ကရုဏာ သက်ဟန် တကျွတ်ကျွတ်နဲ့ စုတ်သပ်နေပါသေးတယ်။ တကယ်တော့ သူများရဲ့ အားနည်းချက်ကို သွားပြီး ကရုဏာ သက်နေမယ့်အစား ကျွန်တော်တို့ ကိုယ့်အားနည်း ချက်ကို ပြန်ရှာပြီး ကိုယ့် ဘာသာကိုယ် ကရုဏာသက် ဖို့ကောင်းတာပါ။ ကျွန်တော် အပါအ၀င် လူအားလုံးဟာ ပိုးဖလံကောင်တွေပါပဲ။ ငွေ ကြေးအတွက် မီးထဲတိုးတယ်။

အောင်မြင်ကျော်စောမှု အတွက် မီးထဲတိုးတယ်။ အလိုရမ္မက် အတွက် မီးထဲ တိုးတယ်။ ရုပ်ဝတ္ထုပစ္စည်း အတွက် မီးထဲတိုးတယ်။ ရာထူးဂုဏ်ဒြပ် အတွက် မီးထဲ တိုးတယ်။ တချို့များဆိုရင် ဘာမဟုတ်တဲ့ အရာလေးအ တွက်တောင်မှ မီးထဲတိုးဝံ့ကြ သေးတယ်။ မြို့ကြီးပြကြီးမှာ အလုပ်အကိုင်ရဖို့၊ ကျောချ စရာနေရာလေးတစ်နေရာရ ဖို့၊ နိုင်ငံရပ်ခြားသွားရဖို့ ပြောရရင် စုံနေတာပါပဲ။ ကျွန်တော်တို့အားလုံး တစ်မျိုး မဟုတ်တစ်မျိုး အကြောင်းပြ ပြီး မီးထဲကို နေရှိသရွေ့ လူး လှိမ့်တိုးဝင်နေတဲ့ ပိုးဖလံကောင်တွေပါ။

စံပယ်ကို တစ်ခါ တစ်ခါသတိရမိတယ်။ ကျွန်တော်မှာဖြင့် တစ်ခါ တစ်ခါဆယ်ကျော်သက် ဆယ့် လေးငါးနှစ်အရွယ် ၀န်ထမ်း အသစ်လေးများ ရောက်လာ ရင် စံပယ်ရဲ့ကလေးများလား၊ တစေ့တစောင်း အကဲ ခတ်ရတာ အမော။ ဒါက ကျွန်တော့် ဆရာရဲ့ကလေးလည်း ဖြစ်နေ လေတော့ ဘယ်လိုတွေ စခန်း သွားကြဦးမလဲ စဉ်းစားမိရင်း ရင်ထဲလေးလံ နေတော့တာပဲ။ ခုထိတော့ ဘာသံမှ မကြား သေးဘူး။ ခပ်တုံးတုံး မကြူ ကြီးနဲ့ ဟိုစွာတေးမ ခင်လဲ့ချိုဦးတို့ နှစ်ယောက်ကြားမှာ နားထောင်၊ ခေါင်းညိတ်လုပ် ရတာ ဘေးကျပ်နံကျပ်နဲ့ မလွယ်လှတဲ့ အထဲ စံပယ်ကပါ သူ့ကလေးနဲ့ ဘွားခနဲ ရောက်လာခဲ့ရင်။ ဟူး တကယ်ကို မလွယ်ဘူး။

သူ့ ကလေးကို ကျွန်တော့် ဆရာ အနား မရောက်ရောက်အောင် ပို့မယ်လို့ ကြွေးကြော်ခဲ့တာ။ ပြောတဲ့အတိုင်း လုပ်မယ့်ရုပ်။
“သူအောင်မြင် ကျော်ကြားလေလေ၊ သူ့ကမ္ဘာက ပိုပြီး ကျဉ်းမြောင်းလေလေ၊ ကျွန်မ သူ့ကို ရှာဖို့ပိုပြီး လွယ်ကူလေလေပဲ”တဲ့လေ။ ကျွန်တော့်ဆရာကို လျှမ်း လျှမ်းတောက် အောင်မြင် ကျော်ကြားတဲ့ လုပ်ငန်းရှင် ကြီးအဖြစ် မြင်လိုသတဲ့လေ။ ဘာထူးလဲ။ ကျွန်တော်လည်း ကျွန်တော့် ဆရာကို စံပယ် မျှော်လင့်သလို တစ်ထပ် တည်း မျှော်လင့်မိတာပါပဲ။ စံပယ်ကလည်း သူ့အတ္တ အတွက်၊ ကျွန်တော်ကလည်း ကျွန်တော့် အတ္တအတွက် မီးထဲ ရဲရဲ တိုးဝင်ကြတယ်။ လောင် တယ်၊ မြိုက်တယ်။ ပူတယ်။ ကျွမ်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ရှင်သန်နေပါ တယ်။

စုမီအောင်



အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM