Monday, July 21, 2014

♪ Android Phone မှာ အင်တာနက် အမြန်နှုန်းမြှင့်ပေးမယ့် Apps များ

အင်တာနက်မှ ဒေတာများကို ချုံ့ပေးနိုင်တဲ့ Apps များရှိပါတယ်။ အဲဒီ App များက သင်နဲ့ အင်တာနက်ကြားမှာ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒေတာများကို ချုံ့လိုက်တဲ့အတွက် ဒေါင်းလုပ်ပြုလုပ်ရတာ ပိုမို မြန်ဆန်လာမှာပါ။ ဒေါင်းလုပ်ပြုလုပ်တယ်ဆိုရာမှာ ဘရောက်စာကနေ Web Page တွေကြည့်တာ၊ Facebook လို Internet App များသုံးတာကို ဆိုလိုပါတယ်။ အင်တာနက်ကို ဒေတာပမာဏနဲ့ အသုံးပြုနေရသူများအတွက်လည်း အကျိုးကျေးဇူးရှိစေမှာပါ။

အလုပ်လုပ်ပုံ
--------------
ဒေတာများကို ချုံ့ပေးနိုင်တဲ့ App များက သူတို့ရဲ့ Third-Party Server များကို အသုံးပြုကြတာပါ။ ဥပမာ အားဖြင့် facebook.com ကို ဘရောက်စာကနေ ဖွင့်ကြည်တယ်ဆိုပါစို့။ ဒါဆိုရင် သင် က Facebook ရဲ့ ဆာဗာတွေကို တိုက်ရိုက်ဆက်သွယ်တာဖြစ်ပြီး Facebook က သင့်ထံ ဒေတာများ ပေးပို့မှာဖြစ်ပါတယ်။ ဒေတာများကို ချုံ့ပေးတဲ့ Apps များကို အသုံးပြုရင် သင်ဟာ Third-Party Server ကို အရင်ဆက်သွယ်မှာပါ။ Third-Party Server က Facebook ကို ဆက်သွယ်ပြီး ဒေတာများကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ပြီးရင် ဒေတာများကို ချုံ့ပြီး သင့်ထံ ပို့ဆောင်ပေးမှာပါ။ ဒေတာများကို ချုံ့ပေးတဲ့ App များဟာ ဘရောက်စာကနေ ၀က်ဆိုက်များ ကြည့်တဲ့ အခါမှာသာ ဒေတာများကို ချုံ့ပေးနိုင်တာမဟုတ်ဘဲ အခြား Apps များအတွက်လည်း ဒေတာများကို ချုံ့ပေးနိုင်ပါတယ်။

Opera Max
--------------
Opera Max က အင်တာနက် ချိတ်ဆက်မိတာနဲ့ သင့် ဖုန်းမှ Apps အားလုံးအတွက် ဒေတာများကို Encrypt လုပ်ပေးမှာပါ။ ဒေတာများကို Opera ရဲ့ ဆာဗာများဆီကနေ ချုံ့ပေးပြီး သင့်ထံ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Opera Max က ဓါတ်ပုံ၊ Web Pages နဲ့ အခြား ဒေတာအမျိုးအစားများအပြင် ဗီဒီယိုများကိုပါ ချုံ့ပေးနိုင်တဲ့အတွက် အင်တာနက် ကွန်နက်ရှင် နှေးသူများတောင် ဗီဒီယိုများ ကြည့်နိုင်မှာပါ။ ဒါ့အပြင် Apps များရဲ့ ဒေတာ အသုံးပြုမှုကို ပြသပေးပြီး အင်တာနက် အသုံးပြုခွင့်မပေးချင်တဲ့ App ကို Block လုပ်ထားနိုင်ပါတယ်။
Opera Max ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် တစ်ခါတစ်လေမှာ ကြော်ညာများကို မြင်တွေ့ရမှာပါ။


Onavo Extend
------------------
Onavo Extend က နောက်ထပ် ဒေတာများ ချုံ့ပေးနိုင်တဲ့ App တစ်ခုပါ။ သူကလည်း သင့်ဖုန်းမှ App အားလုံးအတွက် ဒေတာများ ချုံ့ပေးနိုင်ပါတယ်။ သူဟာ Opera Max ထက် အလွန်စောစွာ ထွက်ရှိခဲ့တာပါ။ တစ်ခုရှိတာက Onavo Extend ဟာ Opera Max လို ဗီဒီယိုများကို ချုံ့ပေးနိုင်ခြင်း မရှိပါဘူး။ ဗီဒီယိုများကို နှစ်သက်သူဆိုရင် Opera Max ကို သုံးပါ။
Onavo ကို သင်ကြားဖူးမှာ မဟုတ်ပေမယ့် သူ့ရဲ့ ကုမ္ပဏီကိုတော့ သင်ကောင်းကောင်းသိမှာပါ။ အဲဒါကတော့ Facebook ပါပဲ။ Facebook က Onavo ကို ၂၀၁၃ ခုနှစ်မှာ ၀ယ်ယူခဲ့တာပါ။


Chrome ရဲ့ ဒေတာများကို ချုံ့ပေးနိုင်တဲ့ စွမ်းဆောင်ချက်ကို အသုံးပြုခြင်း
-------------------------------------------------------------------------------
Google မှာ သူ့ရဲ့ ကိုယ်ပိုင် ဒေတာချုံ့ပေးတဲ့ နည်းပညာရှိပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှ Apps အားလုံးအတွက် ဒေတာများကို ချုံ့ပေးနိုင်ခြင်း မရှိဘဲ Chrome Browser မှာသာ အဲဒီ စွမ်းဆောင်ချက်ပါရှိတာပါ။ အဲဒီအတွက် Chrome Browser ကနေ ၀က်ဆိုက်များ ကြည့်တဲ့ အချိန်မှာသာ ဒေတာများကို ချုံ့ပေးမှာဖြစ်ပါတယ်။
Apps များကို မသုံးဘဲ ၀က်ဆိုက်များကိုသာ လျှင်မြန်စွာ ကြည့်ချင်သူများအတွက် Chrome က ရွေးချယ်စရာတစ်ခုပါ။ Chrome App ကို ဖွင့်ပြီး Menu ကို နှိပ်ပါ။ Settings ကို နှိပ်ပြီး Bandwidth management ကဏ္ဍကို သွားပါ။ အဲဒီမှာ Reduce data usage feature ကို Enable လုပ်ပါ။


Opera & Opera Mini ရဲ့ Off-Road Mode ကို အသုံးပြခြင်း
--------------------------------------------------------------------
Opera နဲ့ Opera Mini ဘရောက်စာ နှစ်ခုစလုံးမှာ ဒေတာများကို ချုံ့ပေးနိုင်တဲ့ Off-Road Mode ပါရှိပါတယ်။ သူတို့ကလည်း Chrome လိုပဲ အခြား App များအတွက် အလုပ်မလုပ်ပေးပါဘူး။ ဘရောက်စာကနေ ကြည့်ရှုတဲ့ ၀က်ဆိုက်များရဲ့ ဒေတာများကိုသာ ချုံ့ပေးနိုင်တာပါ။ သူတို့ဟာ Opera Max မတိုင်ခင်က ထွက်ရှိထားတာပါ။ Windows, Mac, Linux စတာတွေ အတွက် ဖြန့်ချီပေးထားတဲ့ Opera ဘရောက်စာတိုင်းမှာ Off-Road Mode ပါရှိပါတယ်။ အဲဒီအတွက် ကွန်ပြူတာကနေ Opera ကို သုံးရင်လည်း ဒေတာများကို ချုံ့ပေးနိုင်ပါတယ်။
အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုဖို့ O Button ကို နှိပ်ပြီး Off-Road Mode ကို Enable လုပ်ပေးပါ။ နှေးကွေးတဲ့ ဖုန်းတွေအတွက် ဒီဇိုင်း လုပ်ပေးထားတဲ့ Opera Mini မှာလည်း ဒီနည်းနဲ့ Off-Road Mode ကို သုံးနိုင်ပါတယ်။ Opera Mini မှာ ချုံ့ထားတဲ့ ဒေတာပမာဏကို သိချင်ရင် Menu Button ကို နှိပ်ပြီး Help>Data Usage မှာ ကြည့်နိုင်ပါတယ်။


Android Phone များမှာ မိုဘိုင်းဒေတာ အသုံးပြုမှုကို Data Usage Screen မှာ ကြည့်နိုင်ပါတယ်။ Settings App ကို ဖွင့်ပြီး Data Usage ကို နှိပ်ပါ။ အဲဒီမှာ App တစ်ခုချင်းစီရဲ့ ဒေတာအသုံးပြုမှု ပမာဏနဲ့ အချိန်များကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ကွယ်မှာ ဒေတာ အသုံးပြုခွင့်မပေးချင်တဲ့ App ကို Block လုပ်ထားနိုင်ပါတယ်။

အင်တာနက် ကွန်နက်ရှင်နှေးကွေးသူများအတွက် အပေါ်မှာ ဖော်ပြထားတဲ့ Android App များက ကူညီပေးနိုင်ပါတယ်။ စာဖတ်သူရဲ့ အသုံးပြုပုံအပေါ်မူတည်ပြီး App များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Myanmar Digital Life Journal

No comments: