Thursday, June 30, 2016

EQ နဲ့ IQ အကြောင်း

ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စား တာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
 

I.Q မြင့် ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူ ဆို ရင် I.Q မြင့်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်က စပြီး E.Q ဆို တာ ခေတ်စားလာတယ်။

 E.Q ဆိုတာ Emotional Quotient ။ လွယ်လွယ်ပြောရင် မိမိ ရဲ့ စိတ်ခံစားမှု ကို ထိန်း သိမ်းနိုင် တဲ့ စွမ်းရည်။ တနည်း စိတ် ရင့်ကျက်မှု အညွန်းကိန်းပေါ့။ 

ဘာလို့လဲ ဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့ သူတွေထက် E.Q မြင့်တဲ့ သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
 

ဆိုလိုတာ က ဘ၀မှာ အောင်မြင်ဖို့ ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှု က ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။

လွန်ခဲ့တဲ့ တစ်ပတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ် ဆိုတာ ပြေပြ ထားတာ။ အကျဉ်းချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... 



“အဖွဲ့ အစည်းတွေ မှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့ အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင် တဲ့ စွမ်းရည်။ 

တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေ ကတော့ .. 

(၁) Self-awareness; (မိမိ ကိုယ်ကို သိတာ) မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။ မိမိ က အပြောအဆို။ အပြု အမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. 

(၂) Self-regulation (မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက် စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) 

 (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင် တာ. 

(၄) Empathy: သူတပါး ရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. 

(၅) Social skill: အခြား သူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင် ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ 

ကျနော် တို့ အားလုံး မှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့ ။ အချို့  စွမ်းရည် တွေမှာ အားနည်း နေတာ၊ အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ် ပါတယ် ..တဲ့။ 

အဲ ဒီ စွမ်းရည်တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့  နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “

ကျနော် ကိုယ့်ကိုယ် ကို ဆန်းစစ် တဲ့ နည်း ကတော့ စွမ်းရည် တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ 

နံပါတ် (၁) စွမ်းရည် မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ 

နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ 

အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ 

အမှတ် (၃)  နဲ့ (၅) ကတော့  ၅၀ ကျော်၊ ၆၀ လောက်ရှိ မလားမသိဘူး။ ကျနော် ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။

 တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြ မလဲ။


E.Q ကောင်းအောင်......
ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..”   သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ 

သူပြောမှ I.Q အကြောင်း ဆက်တွေး မိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်း မှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက် စပ်တွေးလေ့ ရှိကြတယ်။ 

I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊ အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင် တို့ ၊ မက်ဒေါနား တို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ 

တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့ သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်း တယ်၊ တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင် တဲ့ ဥာဏ် စွမ်းရည် (Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ 

Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..

“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊

ထို ခုနှစ်မျိုးမှာ......
၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။

၂။ဒုတိယ တစ်မျိုး မှာ ပုံဖော်နိုင် စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တု များ၏ သဏ္ဍန်ကို သိခြင်း၊ ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာ ပရိုဂရမ်များ၊ အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။ 

သူတို့မှာ ပုံဖော် စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊

၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။

၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..

၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်း နာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။

၆။ဆဌမ တစ်မျိုးမှာ ခံစား သိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။

၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့် လုပ်တတ်၊နေတတ်၊ ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာ များတွင် ရှိရ မည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”

ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစု မှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။

အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ 

စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။

တကယ်တော့ ကျနော် တို့ မှာ မွေးကတည်း က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင် သူတွေ ဖြစ် လာမှာပဲ။ 

ကျနော့ မိတ်ဆွေ၊ သူငယ်ချင်း တို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့  တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့  ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ 

အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...


 ဒေါက်တာ အောင်မျိုး

ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု လုပ်မယ်

ဆိုတော့ အရင်ဆုံး စဉ်းစားရမှာ က ကိုယ့်မှာ ဘာတွေ ရှိသလဲ ဆိုတာပါပဲ။
 

၁။ နေရာ ရှိသလား။
 

၂။ အတတ် ပညာရှိသလား။
 

၃။ လူ ရှိသလား။
 

၎။ ငွေ ရှိသလား။
 

 ကျောင်းမှာ သင်ရ တာတော့ Land, Labor, Capital ပေါ့။
 

ကျွန်တော့် မှာ ရုံးခန်း ဖွင့်လောက်တဲ့ နေရာ မရှိဘူး။ လက်ရှိနေတာ ကလည်း ရန်ကင်း တိုက်ခန်းဖြစ်နေ တယ်။ လေးလွှာ ဆိုတော့ ရုံးခန်း ဖွင့်ဖို့ မဖြစ်နိုင်။ မိသားစု နဲ့နေတာ ဆိုတော့ ပိုဆိုးတယ်။ ဒီတော့ နေရာက မဖြစ်နေ ရှာကိုရှာရမယ်။ မဝယ်နိုင်မှာသေချာတော့ ငှားဖို့ရှာရမှာပေါ့။

အတတ်ပညာ အနေ နဲ့ ..... ဘာတွေ တတ်သလဲ ဆိုရင် အသုံးတည့် တာ တိတိ ပပ ဘာမှ မတတ်ဘူး လို့ပဲ ပြော ရမယ်။ ပုံပြင် တစ်ပုဒ် ဖတ်ဖူးတယ်။ 


မိုးခေါင်ရေရှား နယ်တစ်ခု က စာတော် တဲ့ လူငယ် တစ်ယောက် ကို ရွာက လူတွေ ငွေစုပြီး မြို့ကို ပညာသင် လွှတ်တယ်။ ပညာတွေ တတ်ပြီး ရွာပြန် လာတော့ အားလုံး က အားကိုးကြတာပေါ့။ ဘာတွေသင် လာ သ လဲပေါ့။ 

လူငယ်လေး က သင်္ဘောဆောက် တဲ့ ပညာ သင်လာခဲ့တယ်။ သိပ်ကျွမ်း ဆိုပဲ။ ခက်တာ က သူတို့ဆီ မှာ ချောင်းတောင် မရှိဘူး။ အဲဒါ နဲ့ပဲ အဲဒီ ပညာ တတ်ကြီး ကို တစ်ရွာလုံး က ထမင်းတင်ကျွေးထားရသတဲ့။ 

ငါတို့ရွာက ပညာတတ်ကြီးကွ ဆိုပြီးတော့လည်း ဂုဏ်ယူ ရတာပေါ့လေ။ ကျွန်တော် လည်း အဲလိုပဲ။ ဘာတွေ တတ်သလဲ ဆိုရင် မစားရ ဝခမန်း ပြောစရာတွေ အများကြီး။ လေကြောင်းလိုင်း အကြောင်း နည်းနည်း သိ တယ်။ ဘဏ် အကြောင်း နည်းနည်း သိတယ်။ ကော်ပိုရေးရှင်းကြီးတွေ ဘယ်လို အလုပ် လုပ်ရတယ် နည်း နည်းသိတယ်။ အသံလွှင့် လုပ်ငန်း အကြောင်း နည်းနည်းသိတယ်။ ဖောင်ဒေးရှင်း တစ်ခုဘယ်လို အလုပ် လုပ်ရတယ် နည်းနည်းသိတယ်။ 


အဲဒါတွေ က ကျွန်တော့် အတွက်တော့ သင်္ဘောဆောက်တဲ့ ပညာတွေဖြစ်နေခဲ့တယ်။ အဲဒါ မျိုးတွေကို ကိုယ် ပိုင်လုပ်နိုင်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူးလေ။ အဲဒီတော့ ဘာလုပ်ငန်း လုပ်မလဲဆိုတာကို စဉ်းစား ဖို့ လိုလာ တယ်။ ကိုယ်တတ်နိုင် တာပဲဖြစ်ရမယ်။ လုပ်တတ်တိုင်း လုပ်လို့မရပါ။
 

လူရှိသလား .... ဆိုတော့ ရှိသလိုလို နဲ့ မရှိဘူး။ ကျွန်တော် နဲ့ အလုပ် တွဲလုပ်ခဲ့ ဖူးတဲ့ ဝန်ထမ်းတွေ အများကြီး။ ဒါပေမယ့် သူတို့ကို ကျွန်တော်ခေါ်လို့ မရဘူး။ 

ပထမ တစ်ချက်က လုပ်ငန်း အသစ်တစ်ခု အနေနဲ့ သူတို့ ရထားတဲ့ လစာ ကို ကျွန်တော်ပေးနိုင်ဖို့ ခက် တယ်။ 

ဒုတိယ တစ်ချက်က ကျင့်ဝတ် အရ ကျွမ်းကျင် တတ်မြောက်ပြီးသား ဝန်ထမ်းတွေ ကို အလုပ်ဟောင်းကနေ အတင်း ဆွဲထုတ်တာမျိုး ကျွန်တော် မလုပ်ချင်ဘူး။ ဒီတော့ လူသစ်တွေ ရှာရမယ်။
 

အရင်းအနှီး ရှိသလား။   တစ်သက်လုံး ဝန်ထမ်း လုပ်လာတဲ့ သူမို့ စုထားဆောင်း ထားတာ သိပ်မရှိပါ ။ ဖြစ်ချင်တော့ တောင်ဥက္ကလာ မှာ အဖွား ရဲ့မြေကွက်(ပေ ၄၀ × ပေ ၆၀) ကို ဦးလေးဆီ ကနေ တစ်ခြမ်း အမွေ ရထားတဲ့ အတွက် အိမ်ဆောက်နေတာ တန်းလန်းဖြစ်နေတယ်။ 

စုထားဆောင်း ထားတာ မှန်သမျှ  အဲဒီထဲမှာ အကုန် ဝင်နေပြီ။ ရှိစု မဲ့စု နဲ့ ဆောက်ရတာ ဆိုတော့ အိမ် က နှစ်နှစ် ရှိပြီ။ ခုထိ မပြီးသေးဘူး။ ပိုက်ဆံ စုလိုက်။ တစ်ခုပြီးအောင် လုပ်လိုက်နဲ့ ဆောက်နေတာ။ ဦးလေး မိသားစု နဲ့က တွဲလျက်ဆောက်ရတာ မို့ မိသားစုလေးစု ရှိတဲ့ ဦးလေးနဲ့ တစ်ယောက် တစ်ခြမ်း အဖြစ် ဦးလေး အဆင်ပြေအောင် အိမ်က ကန်ထရိုက်တိုက် လို လေးထပ်ဆောက် ရတော့ ပိုကြာသွားတယ်။ 

ဒီအတွက် အလုပ်လုပ်မယ် ဆိုတော့ ပြောပလောက်အောင် ငွေ မရှိဘူး။ လုပ်ငန်းသစ် တစ်ခုအတွက် လုံလောက်တဲ့ ငွေကြေး အရင်းအနှီး မရှိဘူး လို့ပဲ ပြောရမယ်။
 

လုပ်ငန်းအသစ် ဘယ်လို စခဲ့သလဲ ဆိုလို့သာပါ။ ပေးချက်တွေ ကို သိအောင် ပြောပြခြင်းသာ။ အဲဒီပေး ချက်တွေပေါ်မှာ ဒီပုစ္ဆာ ကို အဖြေထွက်အောင် တွက်ခဲ့ ရပါတယ်။
 

အလုပ် ထွက်ပြီးနှစ်လလောက် အိမ်မှာ ပဲ နေပါတယ်။ တက်စရာ ရုံးလည်း မရှိ။ လုပ်စရာ အလုပ်လည်း မရှိ ပါဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေ က တွေ့ချင်တယ် လို့ ဆက်သွယ် လာရင် နီးရာ ကော်ဖီဆိုင် မှာ ချိန်းတွေ့ ပါတယ်။ 

ရင်းနှီးတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ကလည်း တွေ့ချင်တယ် ဆိုရင် သူတို့ရုံးကို သွားပြီး တွေ့ဆုံ စကားပြောဖြစ် ပါတယ်။ အဲဒီမှာ လုပ်ငန်း အတူလုပ်ချင်တဲ့ လူတော်တော် များများ ကို ဆုံရပါတယ်။ ထူးခြား တာက အများစု က ကျွန်တော့် ကို ဝန်ထမ်းသက် ရှည်ကြာ ခဲ့တဲ့သူမို့ ဝန်ထမ်းကောင်း အဖြစ်ပဲ မြင်ကြ ပါ တယ်။ 

ဒါကြောင့် သူတို့ရဲ့ လုပ်ငန်းတွေ မှာ ဝန်ထမ်း လုပ်ဖို့အတွက်ပဲ အများဆုံး ကမ်းလှမ်းကြပါတယ်။ လုပ်ငန်း စပ်တူ လုပ်ဖို့ ကမ်းလှမ်း ခဲ့တာ ဦးတင်လတ် (Chindwin College) နဲ့ ကျွန်တော့် သူငယ်ချင်း စတီဗင် (Duwon) ပဲ ရှိခဲ့တယ်။


ကျွန်တော့် အနေနဲ့ က ကိုယ် ဘာလုပ်တတ် သလဲတွေကို အရင်မေ့ပစ် ရတယ်။ ကိုယ် ဘာလုပ်နိုင်မလဲကို ဦးစားပေး စဉ်းစားရတယ်။ ငွေကြေး အထောက်အပံ့ ဘယ်က ရနိုင်မလဲ ကိုလည်း တွက်ချက်ရတယ်။
 

ကျွန်တော့် မှာ ဘဏ်ကိုပေါင်စရာ မြေလောက်လောက်လားလား မရှိဘူး။ လက်ရှိ အမွေရထားတဲ့မြေ က လည်း ဆောက်လုပ်လက်စကြီး ဆိုတော့ ချေးငွေ ယူလို့ များများ မရနိုင်။ ပြီးတော့ နာမည်က ဦးလေး အမည်ပေါက်။ ခင်မင်သူတွေ ဆီက ငွေချးမယ် ဆိုတော့လည်း ပေးရမယ့် အတိုးက လုပ်ငန်းသစ် တစ်ခု အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်နိုင်တယ်။ နောက်ဆုံးအဖြေ က အရင်းအနှီး အများအပြား မရနိုင်တာ သေချာ တယ် ဆိုတဲ့ အဖြေပဲ။

ငွေကြေး အရင်းအနှီး မရှိရင် လူကိုပဲ ရင်းနှီးရမယ် ဆိုတာကို အသေအချာ သဘောပေါက်သွား တဲ့နောက် မှာ အကြံပေး လုပ်ငန်းလေး တစ်ခုကို အရင် စမယ်လို့ ဆုံးဖြတ်လိုက်ရတယ်။ စိတ်ထဲမှာ ရှိနေတဲ့ အိပ်မက် ကြီး ကြီးမားမားတွေ ကို နှစ်အလိုက် ချရေးလိုက်တယ်။ ဒီနှစ် ကျရင် ဒါဖြစ်အောင် လုပ်မယ်ပေါ့။ ဒါပေမယ့် လက်ရှိ ကတော့ လက်တွေ့ကျတာ ကိုပဲ ရွေးလိုက်တယ်။


လုပ်ငန်း အမျိုးအစား အရတော့ နေရာရှာတယ်။ အသင့်တော်ဆုံး ရုံးခန်း ကို သူငယ်ချင်း ကိုနိုင်ဇော်(Blue Line Travel & Tours) ဆီက ရတယ်။ သူ့လက်ရှိ ရုံးခန်း ကို တစ်ခြမ်း ယူလိုက်တဲ့ နည်းပါပဲ။ 


သူ့ ကူညီမှုကြောင့် ရုံးခန်းနေရာလေး ကို သင့်တော်တဲ့ဈေးနဲ့ ကျွန်တော် ရတယ်။ အောင်ဆန်းကွင်းနားမှာ။ အထက် ပန်းဆိုးတန်းမပေါ် က ပထမထပ် တိုက်ခန်းလေး။ သူက တစ်ခြမ်း ကို ခရီးသွားလုပ်ငန်း ဖွင့်ထား တယ်။ ကျွန်တော် က တစ်ခြမ်း ကို အကြံပေး လုပ်ငန်းလေး လုပ်မယ်လို့ ပြင်ဆင်လိုက်တယ်။


အဲဒီလို လုပ်နေတုန်း မှာ နောက်ထပ် မိတ်ဆွေ တစ်ယောက် နဲ့ ဆက်သွယ် မိတယ်။ သူက ကိုနန္ဒာ။ သူက ရှမ်းပြည် မှာ တန်ဖိုးနည်း အိမ်ရာ တစ်ခု ကို အကောင်အထည်ဖော်ဖို့ အစိုးရ ဆီကနေ ခွင့်ပြုချက် ရထားတယ်။


 လေးခန်းတွဲ ငါးထပ် တိုက်တွေပေါ့။ သူရထားတဲ့ အထဲ ကနေ ကျွန်တော်ဆောက်ချင်ရင် တချို့ ကို ပေးဆောက် မယ် လို့ သူက ကမ်းလှမ်း လာတယ်။ ကျွန်တော်က ၂၀၀၈ ကတည်းက ဆောက်လုပ်ရေး လုပ်ငန်း တချို့ကို ဦးစီး ခဲ့ရဖူး တဲ့ အတွေ့အကြုံရှိတယ်။ 

တဆင့်ခံ လုပ်ငန်းဖြစ်တဲ့ အတွက် အမြတ် အများကြီး မရနိုင်ပေမယ့် အရင် ဝန်ထမ်း ဘဝမှာ ရခဲ့တဲ့ လစာ ထက်တော့ ပိုရနိုင်တယ် လို့ ကျွန်တော် တွက်ချက် မိတယ်။ ဒါနဲ့ သူ့ကမ်းလှမ်းချက် ကို လက်ခံပြီး ရှမ်းပြည် မှာ ဆောက်လုပ်ရေး တစ်ခုလည်း လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အကြံပေးလုပ်ငန်း က စပဲ ထားသေးတာ။ အလုပ် မရှိသေးဘူး။ ဆောက်လုပ်ရေး က စလုပ်ရတော့ မယ်။ ဆောက်လုပ်ရေး က အရင်းအနှီး အနည်း အပါးတော့ လိုတယ်။ ကိုယ်က အရင် စိုက်ဆောက်ရမယ်။ ပြီးစီိးမှုပေါ် မူတည်ပြီး ပိုက်ဆံ က ရမှာ ဆိုတော့ ကနဦး စိုက်ထုတ်စရာလိုတယ်။ 


အဲဒီငွေ အတွက် ကြိုးစားနေတုန်း အရင် အလုပ်အတူ လုပ်ခဲ့တဲ့ သူငယ်ချင်းတွေ က ကျွန်တော့်ကို ဆက် သွယ် လာတယ်။ အဲဒီ ထဲက တစ်ယောက် က ကိုကျော်သီဟပေါ့။(အရင်ထူးက ဒု ဥက္ကဋ္ဌဟောင်း)။ သူလည်း အလုပ် ထွက်လိုက်ပြီ။ အလုပ်ပေါင်းလုပ်ရအောင် လို့ ကမ်းလှမ်း လာတယ်။ သူလည်း ကျွန်တော့် လို တစ် သက်လုံး ဝန်ထမ်း လုပ်လာသူ ဆိုတော့ လက်ထဲမှာ စုထားဆောင်း ထားတာ သိပ်မရှိဘူး။ 

ဒါပေမယ့် သူ့မိဘတွေ က စီးပွားရေး လုပ်ငန်းရှင်တွေ မို့ အရင်းအနှီး အများကြီး မဟုတ်တောင် ပမာဏ တစ်ခုတော့ သူ့ကို ထောက်ပံ့ပေးနိုင်ကြတယ်။ အဲဒါ နဲ့စဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်။ အဲဒီ အချိန် မှာ ကျွန်တော့် ကို အလုပ်အတူ လုပ်ရအောင်လို့ ကမ်းလှမ်းထားသူနှစ်ဦး ကို ဒီထက်ကြီး တဲ့ လုပ်ငန်း ကျမှ အတူ လုပ်မယ်လို့ ကျွန်တော် စဉ်းစားလိုက်တယ်။ 

လက်ရှိ လုပ်ရမယ့် အလုပ်က အမြတ်နည်းတယ်။ သူတို့က အလုပ်ကြီးကြီး လုပ်ချင်တဲ့ သူတွေ။ ဒီတော့ အလုပ်ကြီးကြီးတွေကို နှစ်အလိုက် လုပ်ဖို့ချရေးထားတဲ့ အတိုင်း သူတို့နဲ့ အဲဒီ ကျမှ လုပ်တော့မယ်လို့ ဆုံးဖြတ်ရပြန်တယ်။

ဒီအချိန် မှာပဲ ကိုသောင်းစုငြိမ်း (7day) က တဆင့် အန်ကယ် ဦးရန်ဝင်း (A1 Construction) က ဆက်သွယ် လာတယ်။ မြန်မာ့ ခရီးသွားဘဏ် ဆိုပြီး ဘဏ် တစ်ခု တည်ထောင်ဖို့အတွက်ပါ။ ဝန်ထမ်း လုပ်ဖို့ကို ကျွန်တော် ငြင်းလိုက်တယ်။ ဘဏ် အမ်ဒီ ဆိုတာ ကျွန်တော် ထွက်ခဲ့တဲ့ ရာထူးလေ။ ဘဏ်ထောင်တာ ကိုတော့ အကြံပေး အဖြစ် လုပ်ပေးနိုင်ပါတယ်လို့ အကြောင်းပြန်လိုက်တယ်။ 


အန်ကယ် က သဘောတူ တာနဲ့ ကျွန်တော့် ရဲ့ အကြံပေး လုပ်ငန်း အတွက် အလုပ် ရသွားတယ်။
တပြိုင် တည်း မှာပဲ သူငယ်ချင်းဖြစ်တဲ့ ကိုနေနေလွှမ်းမိုး (ဧရာဟင်္သာ) က ဆက်သွယ် လာတယ်။ 


ဧရာဝတီတိုင်းဒေသကြီး အစိုးရ က အများပိုင် ဘဏ် တစ်ခု လုပ်ဖို့ရှိတယ်။ တောင်သူလယ် သမား ဖွံ့ဖြိုးရေး ဘဏ် တဲ့။ အဲဒီ မှာလည်း ဒီလိုပဲ။ အမ်ဒီတော့ ကျွန်တော် မလုပ်ချင်တော့ပါ။ အကြံပေး ဆိုရင်တော့ လုပ်ပေး ပါ့မယ် ဆိုတာကို သူတို့ကလည်း သဘောတူတယ်။
 

ဒီလို နဲ့ပဲ ကျွန်တော့် ရဲ့ အကြံပေး လုပ်ငန်းလေး နဲ့ ဆောက်လုပ်ရေး လုပ်ငန်းလေး က စတင် အသက်ဝင် လာပါတယ်။
 

အခုနောက်ပိုင်းတော့ တခြား အလုပ်အသစ် ကလေးတွေ ထပ်တိုး လာသလို အဲဒီ အလုပ်တွေ အတွက် လည်း ကူညီပေးသူတွေ ရှိလာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ထပ်ချဲ့မယ့် လုပ်ငန်းတွေ အတွက် ကမ္ဘောဇဘဏ် က ကူညီမှုတွေ အများကြီး ထပ်ပေးခဲ့တယ်။ ရိုးသားသူတွေ၊ ကြိုးစားသူတွေ အတွက် ကူညီမယ့်သူ ဆိုတာ ရှိနေတတ် တာပါပဲ။

မြန်မာ ဆိုရိုး တစ်ခုလိုပေါ့ဗျာ။ ဘုရားတောင် အမီ ရှိမှပွင့်တယ် ဆိုတာလေး။ အတော် များများ က ဥပမာပေးပြော တတ်ကြလေ့ ရှိတယ်။


လုပ်ငန်း အသစ်တစ်ခု အတွက် ဒီလိုမျိုး ကလျာဏ မိတ္တတွေ ဟာ အပေါ်ကပြောထား တဲ့ Land, Labor, Capital လိုပဲ အရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ရ ပါမယ်။


ဒါကြောင့် နံပါတ် (၅) ကို ထပ်ထည့်ချင် ပါတယ်။
 


၅။ မိတ်ကောင်းဆွေကောင်း ရှိသလား။


ကိုရဲမင်းဦး

အတိုးနှုန်း နှင့် စီးပွား ၀င်ငွေ တွက်ချက်နည်း အကြောင်း သိကောင်းစရာ

စီးပွါးရေသမား များ အလုပ် လုပ်ရာ တွင် မိမိ လုပ်သော လုပ်ငန်း ဘယ်လောက် အတိုး ကိုက်သလဲ ဆိုတာ ကို ပေသီး ပြန်ခေါက်ကြပါ တယ်။ 

ဥပမာ ၃ ကျပ် တိုးလား? ၅ ကျပ် တိုးလာ? ၁၀ကျပ် တိုးလား? သူများ ဆီ မှ ငွေ မချေးပဲ ကိုယ့် ပိုက်ဆံနှင့် ကိုယ် လုပ်သော်လည်း မိမိ လုပ်ငန်း အတိုး ဘယ်လောက် ကိုက်လဲဆိုတာ လချုပ် နှစ်ချုပ် တွက်ကြပေသည်။ တွက်ဘို့လဲ လိုပါသည် ။  ဒါမှလဲ မိမိ လုပ်ငန်း တိုးတက်မူ့ဆုတ်ယုတ်မူ့ သိနိုင်ပါသည်။

တစ်ချို့ စနစ် မကျသော လုပ်ငန်းရှင်များ က ok ok နဲ့ အချိန် တန်သော် မ ok ဘဲ ပြုတ်သွားပါတော့သည်။ ဘာဖြစ်လို လဲ ဆိုတော့ စနစ်တကျ တစ်လ တစ်ခါ တနှစ် တစ်ခါ စာရင်း မချုပ်လို့ပါ။ စာရင်းပြန်ချုပ်ခြင်း အားဖြင့် အရူံး အမြတ် ကို  ဦးစွာ သိရပါလိမ်မည်။ 

ok မြတ်ပါ တယ်။  နောက် တစ်ဆင့် ဘယ် အတိုးနဲ့ ကိုက်ပါသလဲ? ၂၀ တိုးလောက် ကိုက်ရင် ok ပါတယ်။ ၃ကျပ် တိုး ကိုက်ရင် သိပ်မကောင်းဘူးပေါ့။ ကိုယ်ငွေလို လို့ လှယ်ရင် ရွှေ အပေါင်လေးပေး မှ ၃ကျပ် တိုးနဲ့ ဆွဲလို့ ရမှာကိုး ဒီတော့ ၃ကျပ်တိုး နဲ့ ကိုက်ရင် အရင်း ပဲ အပေါင်ဆိုင် ကို လုပ်ကျွေး လိုက်တာပဲလို့သတ်မှတ် ပါတယ်။ 

အခု နောက်ပိုင်းမှာတော့ ဘဏ်တိုး (ဘဏ်ငွေ အပ်ထားရင် ဘဏ် ကပေးသော အတိုးနှုန်း)  တောင် သိပ် မကိုက်ခြင်ဘူး ဟု ငြီးတဲ့သူများပါသည်။ တစ်ကယ်လဲ အဲ့ဒီလို ဖြစ်နေကြပါသည်။

 မြေကွက် ရောင်းဝယ် လုပ်နေသူ ရဲ့စကား....
သူ ဟိုတစ် လောက နေရာ တစ်ခု မှာ ၈၀×၈၀ မြေကွက် တစ်ကွက် ကို ၂၄၀၀ သိန်း နဲ့ ဝယ်လိုက် ပါတယ်။ အခုခြောက်လ လောက်ကြာ တော့ သိန်း၂၅၅၀ လာပေးပါတယ်။ ကျွန်တော် က " မင်းထောပြီ " ဆိုတော့ "ဘယ် ကထောရမှာတုန်း ရူံးနေတာ" " ဟေ" ဆိုတော့ သူက စိတ်ရှည် လက်ရှည် တွက်ပြပါတယ်။

သူ့မိတ်ဆွေ ဆီမှာ ထားရင် ၁ ကျပ် ၂၅ပြား အတိုး ရကြောင်း သိန်း၂၄၀၀ ကို ခြောက်လ ထားရင် အတိုးရပုံ တွက်ပြပါတယ်။
ပထမလ သိန်း ၂၄၀၀ မှာ ရရှိသော အတိုး သိန်း ၃၀ ရပါတယ်။
ဒုတိယလ သိန်း ၂၄၃၀ မှာ အတိုး သိန်း ၃၀.၃၇ ရပါတယ် ။
တတိယလ သိန်း ၂၄၆၀.၃၇ မှာ အတိုး သိန်း ၃၀.၇၅ ။
စတုထ္တလ သိန်း ၂၄၉၁.၁၂ အတိုး သိန်း ၃၁.၁၃ ။
ပဉ္စမလ သိန်း ၂၅၂၁.၂၅ အတိုး သိန်း ၃၁.၅၁ ။
ဆဋ္ဌမလ သိန်း ၂၅၅၁.၇၆ အတိုး သိန်း ၃၁.၈၉ ။
ခြောက်လ အပ်ပြီး ရရှိမဲ့ တိုးရင်းပေါင်း သိန်း ၂၅၈၃.၆၅ ဖြစ်ပါတယ်။



"အဲ့ဒီတော့ လက်ရှိ ရတဲ့ဈေးက ၃၃ သိန်းလောက် ရူံးနေကြောင်း ဒါတောင် အတိုးနှုန်း ကို ၁ကျပ် ၂၅ပြား နှုန်း နဲ့သာ တွက် ထားကြောင်း တစ်ကယ် လို့ အပြင်မှာ ၃ကျပ် တိုး နဲ့ ယူပြီး ဝယ်ထားတာ ဆိုရင် အရူံး ပြနေပြီ ဖြစ်ကြောင်းရှင်းပြတော့ နားထောင်ရင်း ကျွန်တော် တစ်ကိုယ် လုံး ချွေးတွေ ပြန် လာလို့ သူငယ်ချင်း က တစ်ရူးပေပါ ဆွဲထုတ်ပေး ပြီး " ဟာ မင်း ဘယ်လိုဖြစ်တာလဲ ချွေးတွေ အရမ်းထွက်နေပါလား?
 

သူနဲ့ လမ်းခွဲပြီး အတိုးနှုန်း ရဲ့ လုပ်ငန်းပေါ် အကျိုး သက်ရောက်မူ့ ကို စဉ်းစားရင် ချွေးတွေ ထပ် ထွက်လာပါ တယ်။ လက်လီဆိုင် များ နဲ့ အတိုးနှုန်း ဆိုင်ခန်း တစ်ခန်း ကို တစ်လ ၆သိန်း နဲ့ သိန်း၂၀၀ ရင်းပြီး လက်လီ ဆိုင် ဖွင့်တယ် ဆိုကြပါစို့။

ရောင်းကောင်းကောင်း မကောင်းကောင်း တစ်နေ့ ပုံမှန် ထွက် မဲ့ စားရိတ် တွက်ကြည့် ရအောင် .........
1) မိတ်ဆွေ လုပ်အားခ ကို ၈၀၀၀ သတ်မှတ်ကြစို့
2) အလုပ်သမား နှစ်ယောက် နေ့စားခ 5000×2= 10000ကျပ်
3) ရေဘိုး မီးဘိုး တစ်ရက် 3000 ဘဲ ထားကြစို့
4) ထမင်းဟင်း စားရိတ် 12000 ဘဲ ထားကြစို့
5)ဆိုင်ခန်း ဌားခ တစ်ရက် 20000
6) အရင်း သိန် 200 ကို 3 ကျပ် တိုး နဲ့တစ်ရက်ပေးရမဲ့အတိုး 20000
7) စည်ပင် အမိုက်ခွန် 1000

သာရေး နာရေး ကျန်းမာရေး ပညာရေး စားရိတ်များ ထည့် မတွက်တော့ပါဘူး။ 
မိမိရောင်းတဲ့ ကုန်ပစ္စည်းများ အလေ အလွင့် ထည့် မတွက်တော့ပါဘူး။ 
ဒီ စားရိတ်တွေ က တစ်ယောက်နဲ့ တစ်ယောက် ကုန်ကျစားရိတ် မတူနိုင်ပါဘူး။ ကိုယ့် ဟာကိုယ် ထည့်ပေါင်းကြပါ။

အဲ့ဒီတော့ တစ်နေ့ရောင်းကောင်းကောင်း မကောင်းကောင်း မိတ်ဆွေ ရဲ့ ထွက်ငွေ က 74000 ကျပ် ရှိပါတယ်။ ဒီနေ့ မိတ်ဆွေ အရောင်း အဝယ် လုပ် လို့ အမြတ်ငွေ 50000 ဆိုရင် မိတ်ဆွေ 24000 အနှုတ်ပြ သွားပါပြီ။ 

အရောင်း အဝယ် က ဒီနေ့ ကောင်း တယ် မနက်ဖြန် မကောင်းဘူး ဆိုတဲ့သဘော ရှိပါတယ်။ ဒီတော့ လချုပ် နဲ့ပြန်ဖမ်း ရပါတယ်။ ရက် 30 ပဲ သတ်မှတ် ကြစို့။ 

တစ်လ မိတ် ဆွေရဲ့ သေချာ တဲ့ ထွက်ငွေ က 2220000 ကျပ်ပါ။ မိတ်ဆွေ ရဲ့ အမြတ်က သိန်း 40 ဆိုရင် ဒီလ 17.8 မြတ် ပါတယ်။ သာရေး နာရေး ပညာရေး ကျန်းမာရေး မော်တော်ကား ဆီဘိုး  နုတ်လိုက်ရင် ရူံးတောင်
ရူံးမလားပဲ။


တစ်ချို့ လက်လီဆိုင် များ က ပစ္စည်းဈေး ကို % အသေ တင် ရောင်းတဲ့ သူတွေ အတွက် ဖော်မြူလာ ချကြည့် ရအောင်..........

 ဆိုပါစို့ မိတ်ဆွေက ပစ္စည်း အားလုံး ကို 10% တင်ထားတယ်ပေါ့။ မိတ်ဆွေ ထွက်ငွေ ကာဘာဖြစ်ဘို့ မိတ်ဆွေရောင်းရငွေ ဟာ အနဲဆုံး တစ်သိန်း ကို တစ်သောင်းမြတ်တော့ အနဲဆုံး ရောင်ရငွေ က 780000 ဘိုးရှိမှ မိတ်ဆွေ အရင်းရမှာ ဆို တဲ့ အသိလေး ထည့်ထား လိုက်ရုံပါပဲ။ ရှင်းပါတယ်နော်။

 ရွှေ ဝယ်ရောင်း နဲ့ပတ်သက် လို့ပြောကြည့်ရအောင်........
ဆိုကြပါစို့ မိတ်ဆွေ သိန်း210 ရင်းပြီး ရွှေသုံး တုံ ဝယ်လိုက်တယ်ပေါ့ဗျာ။ ရွှေဈေးက တစ်တုံးကို သိန်း70ပေါ့ ။


Aung Siam Gold & Jewellery shop's photo.


 ရွှေ ကစားရင် ရွှေ နဲ့ပဲ အရင်း သတ်မှတ်တာ အရှင်းဆုံး နဲ့ အမှန်ဆုံးပါ။ တစ်ချို့လဲ ယာယီ ဝင်ကစားသူက အရင်း ကို မြန်မာကျပ် သော်လည်း ကောင်း ဒေါ်လာ နဲ့သော်လည်းကောင်း သတ်မှတ်ကြပါတယ်။

1) ရွှေ နဲ့ သတ်မှတ်ရင် ရွှေ 3 တုံး
2) မြန်မာငွေ နဲ့ သတ်မှတ်ရင် ကျပ် သိန်း 210
3) ဒေါ်လာ နဲ့သတ်မှတ်ရင် 1200 ပဲ သတ်မှတ်ကြစို့
 

 ဒေါ်လာ $ 17500
ဒီရွှေ သုံးတုံး ကို အရင်းပြုပြီး အရောင်း အဝယ် လုပ်ရာ တစ်လပြည့် တဲ့ အချိန် မှာ ရွှေဈေး က 780000 ဈေးဖြစ်ပြီး ဒေါ်လာ ဈေး က ၁၂၃၀ ဖြစ်နေသည် ဆိုကြပါစို့ ၊


1) မိတ်ဆွေ လက်ထဲမှာ ရွှေ သုံးတုံး နဲ့ အမြတ်ငွေ ကျပ် 5 သိန်း ဆိုရင် မိတ်ဆွေ သေချာတဲ့ ၅ သိန်း မြတ် သွားပါပြီ။

2) မိတ်ဆွေ လက်ထဲ မှာ ကျပ် 225 သိန်း ငွေသားချည်းပဲ ကျန်တယ် ဆိုရင် မိတ်ဆွေ ငွေသား 15 သိန်း အမြတ်ပြသော် လည်း ရွှေ နဲ့ တွက်ရင် ကျပ် 14 သိန်း အရူံး ပေါ်သွားပါပြီ။

3) မိတ်ဆွေ လက်ထဲမှာ ဒေါ်လာ $ 18200 ကျန်ခဲ့ရင် ဒေါ်လာ အနေနဲ့ ပြောရင် 700 မြတ်သော်လည်း ရွှေ သုံးတုံး နဲ့ ပြန်တွက် ရင် ဒေါ်လာ $ 520 အရူံးပြနေပါပြီ။

4) အတိုးနှုန်း နဲ့ တွက်ရင် 1.25 အတိုး နဲ့တွက်ရင် သိန်း 210 တလ ပြည့်တဲ့ အချိန်မှာ ရမဲ့ တိုးရင်းပေါင်း 21262500 ရမှာပါ။

အတိုးနှုန်း အခြေခံပြီး အမြတ်ပြန်တွက်ကြည့်ကြစို့......

1) ရွှေ အခြေခံတဲ့သူက 2637500  ကျပ်မြတ်ပါတယ်။
2) ကျပ်ငွေ အခြေခံတဲ့သူက 1237500  ကျပ်မြတ်ပါတယ်။
3) ဒေါ်လာ အခြေခံ တဲ့သူက 1487500 ကျပ်မြတ်ပါတယ်။
 

ဒီ အပင်မှာ ရွှေ ဝင်ကစားသူ သုံးဦး လုံး အတိုးပေးစား သူနဲ့ စာရင် ok ပါတယ်။ တစ်ကယ်လို့များ ရွှေဈေး ငွေလွှဲ နှုန်း ဂျွမ်းပြန်ကျ လာရင် အတိုးပေးစား တဲ့သူက ရီနေမှာပါ။ 

ဆိုကြပါစို့ ရွှေဈေး 670000 နဲ့ ဒေါ်လာဈေး 1150 ဖြစ်ခဲ့ရင် ရွှေ ဝင်ကစားသူ သုံးဦး စလုံးမြန်မာကျပ်ပြန် လဲရင် အရူံးပေါ်နေပြီ အတိုးပေးစားသူက စင်ပေါ် ရောက်သွားပါတယ်။ မြန်မာ ကျပ် မာလာတဲ့သဘောပါ။

ဒီ အဖြစ် အပျက် ကနေ "သီအိုရမ်" ထုတ်ကြည့်ရင် ရွှေဈေး  ငြိမ်တဲ့ အကျ ဘက်ကို ဦးတည်နေရင် မြန်မာငွေ မာလာရင် " အတိုးပေးစား" တာ ကိုက်ပါတယ်။ တစ်ကယ်လို့ ရွှေဈေး တက်ရိပ်ပြတဲ့ အချိန် မြန်မာငွေ ပျော့ လာတဲ့ အချိန် မှာ ရွှေ ဝင်ကစားတာ ပိုအကျိုးရှိပါတယ်။
 

အကျိုးအမြတ် က ဘာမှ မဆိုင်ပါဘူး။ ခုန အဖြစ်အပျက် ကနေပြီး ကျပ်ငွေ နှင့် ဒေါ်လာ အခြေခံတဲ့သူ နှစ်
ယောက်က ရွှေသုံးတုံး ပြန် မဝယ် နိုင်သော်လည်း နီးစပ်ရာ ဘဏ်မှာ ပြန်အပ်ပြီး အတိုးနှုန်း လိုင်း ပြန်စီး ရင် ရွှေဈေး အကျ ကို ကျားချောင်း ပြန်ချောင်းပြီး အဝယ် မှန်ရင် ပြန်မြတ်ကြပါသေးတယ်။ ကမာ့္ဘရွှေဈေး
က တက်လိုက် ကျလိုက် အမြဲဖြစ်နေတာကိုးဗျ။


Good will နဲ့ Intellectual property ဘက်တွေမှာ ရင်းနှီ မြှုပ်နှံ့ လုပ်ကိုင် တာဟာ အင်မတန် ကောင်း ပါ တယ်။ နိုင်ငံတော် အစိုးရ ကလည်း အားပေးမှာပါ။

ကမ္ဘာ မှာ ဒုတိယ အချမ်းသာဆုံးဖြစ်တဲ့ မစ္စတာ ဝါရင်း ဘတ်ဖတ် (စာလုံးပေါင်း မှားရင် ခွင့်လွှတ်) ကပြော ပါတယ်။ " သူ ဘယ်တော့မှ ရွှေ မှာ ရင်းနှီးမြူတ်နှံ မူ့ မလုပ်ဘူး လယ်မြေမှာ ရင်းနှီး မြိုတ်နှံရင် အမေရိ ကန် လယ်သမားတွေ အလုပ် ရမည်ပေါ့"

 မြန်မာ့ရွှေပေါ်မှာ အဓိက အကျိုး သက်ရောက်မူ့ ၂ ချက်ရှိပါတယ်။ ကမ္ဘာရွှေဈေး ရယ် မြန်မာ့ ငွေလဲနှုန်း
ရယ် ရှိပါတယ်။ ကမာ့္ဘရွှေဈေး က မည်သူမှ control မရပါ။ သူဟာသူ float ဖြစ်နေမှာပါ။ inflation က
တော့ ကျွန်တော် တို့ ငွေ မာတာပျော့ တာနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်လို့ထင်ပါတယ်။ 


ဆရာပြောသလို ကုန်ဈေးနှုန်းဖောင်းပွတဲ့ သဘော က မြန်မာငွေပျော့လို့ ပါ။ အရင် က အစိုးရ ဝန်ထမ်း လစာ တိုးတယ် ဆိုရင်ပဲ အပြင်ဈေးကွက် မှာ ကျွန်တော်တို့ ငွေကပျော့လာ တတ် ပါတယ်။

ဒီ factor တစ်ခု က မြန်မာ့ရွှေဈေး ကို မြင့်စေပါ တယ်။ ဆရာ ပြောသလိုပါပဲ အတိုးနှုန်း ထက်စာရင် အဓိက အကျိုး သက်ရောက်မူ့က infation ပါ။

မျော်လင့်ထားတဲ့ ။ မျော်လင့် မထားတဲ့ ကုန်ဈေးနှုန်း ဖောင်းပွမူ့ ကဖြစ်တတ်ပါတယ်။ ငွေလွှဲနှုန်း ကို ကြိုးချည် ထားနိုင်ပေမဲ့ အများပြည်သူ စားတဲ့ ပြည်တွင်း ဆန်ဈေးနှင့် အခြေခံ စားသောက်ကုန်က မမျှော် လင့်ပဲ ခုန်တက်တာမျိုး ဖြစ်တတ်ပါတယ်။



Aung Siam Gold & Jewellery shop's photo.


ကျွန်တောတို့ အင်ဂျင်နီယာတွေ စက်ပစ္စည်းတွေ နဲ့ လုပ်ငန်း တည် ဘို့လုပ်တဲ့ အခါ ဒီ စက်ပစ္စည်းတွေရဲ့ အရင်းကျေ ကာလ တစ်ခုကို တွက်ရပါတယ်။ 

အဲ့ဒီမှာ ဒီ စက်ပစ္စည်းတွေ ရဲ့ တန်ဘိုးလျှောကျ မူ့ဆိုတာကို ထည့်သွင်း တွက်ချက် ရပါ တယ်။ ဆိုကြပါစို့ စက်အသစ် တန်ဘိုး က ၁၀၀၀ ကျပ် ဆိုပါစို့ နောက်နှစ် မှာ ဒီ စက်က ၉၀၀ ကျပ်ပဲ တန်ပါတယ်။

ဆိုလိုတာ long term investment မှာ အရင်ဆုံး ဦးစားပေး တွက်ရတာ က "အရင်းကျေ ကာလ" တစ်ခု အရင် တွက်ချက် ရပါတယ်။ အဲ့ဒီ ထဲမှာ interest rate က factor အများကြီး ထဲက တစ်ခုပါ။ 

ဆိုလိုတာ long term investment မှာ အဓိက က ဘယ်တော့ အရင်းကျေမလဲ ဆိုတဲ့ မဟာဗျူဟာ ချမှတ်ပြီး နည်းဗျူဟာ များ ဌာန အလိုက်ပြင်ဆင်ရပါတယ်။

တစ်ကယ်တော့ ရေးရင်သာ လွယ်တာပါ။ ကမာ့္ဘ ရွှေဈေး နှုန်းနဲ့ မြန်မာ ငွေ နဲ့ ဒေါ်လာ ချိတ်ဆက် မူ့ နှုန်း ထား က အင်မတန် ဖမ်းရခက်ပါတယ်။ မရိုသေ စကား ဗျ " အရူးမလင် "လုပ်ရတာမှ လွယ်ပါအုံးမယ်။
ဆရာကြီး မဟုတ်ပါဘူးဗျာ အယူအဆ မှားရင် ခွင့်လွှတ်ကြပါ။

ရတနာ ချစ်သူ မိတ်ဆွေများ အားလုံး နှစ်သစ် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။


စာလည်းတော်တော် ရှည်နေလို့ဒီမှာပဲ သိသလောက် ပြန်လည် ရှင်းလင်းတာ ရပ်ပါရစေ။
မိမိ သိထားတာလေးတွေလည်း ဝင်ရောက်ဆွေးနွေးဖြည့်စွက်ပေးဘို့ ဖိတ်ခေါ်အပ် ပါသည်။

 ကျေးဇူးတင်လျှက်။

အင်တာနက်လိုင်း မြန်အောင် လုပ်နည်း

နဂိုရှိ မှ နားကိုင်းထွက် ဆိုသလို န ဂိုအဝင် အင်တာနက် လိုင်း မကောင်းရင် ကိုယ်ရမယ့် Output အင်တာနက် လိုင်း ကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေ လည်း မိမိ ကွန်ပြူတာ တစ်လုံးတည်း မှာ တင် အများကြီး ရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ 

ဒီလို အလဟဿ           ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့် အဝ အသုံးချ လိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်း နဲ့ အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ 

လုပ်ပုံလုပ်နည်းလေး က အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း  
Start Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်း တက်ပါတယ်။
၂။ Window network socket reset လုပ်ခြင်း
OS တစ်ခု ကနေ အချက်အလက်တွေ ကို ပို့ဖို့ အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက် အသုံးပြု ရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကို ရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာ ကို Restart လုပ်ရပါမယ်။
ဒီလောက် ဆိုရင်မြန်သင့် သလောက် မြန်လာမယ် လို့ ထင်ပါတယ်။ အခြား နည်းလမ်းများ ရှိရင်လည်း စာဖတ်သူ တို့ လာရောက် မျှဝေ နိုင်ပါတယ်။

 

Tuesday, August 18, 2015

Google ကိုလက်တွေ့အသုံးပြုပြီး အချက်အလက်များကိုရှာဖွေနည်း


အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Google Tips and Tricksများကို မျှဝေလိုက်ပါတယ်။

သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။

လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။

၁. တိကျပါ။

ဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: “ website URL” ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: “name” လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: “word” လို့ရှာဖွေပါ။

၂.ဖော်မက်

Filetype: “jpg or other extension” လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။

၃.ရှာဖွေမှုကို တိုးချဲ့ပါ။

(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။

Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ဝက်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။

Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ဝက်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.thatantoeaung.com လိုရှာရင် သန်းတိုးအောင် ဝက်ဆိုက် နဲ့ ဆင်တူတဲ့ ဝက်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။

သင့်ရဲ့ ဆရာ က အချို့သော ဝက်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီဝက်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ဝက်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံးဝင်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။

အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။

စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define “word” လို့ ရိုက်ရှာပါ။

Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။

Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေ ရှာဖွေရာမှာ အသုံးဝင်ကောင်း ၀င်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းတော့ အဲ့ဒီလိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likes ရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေ ဘာလုပ်နေမလဲ Facebook ပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် Facebookကို အသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့ စသိပြီး သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebook သုံးကြပါတယ်။ သင်ရော အဲ့ဒီအထဲ ပါနေပြီလား? ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ဘ၀ ပြန်လည်အသက်ဝင်လာလိမ့်မယ်။

‘ပြန်လည်အသက်ဝင်လာမယ်’ဆိုတဲ့ စကားကိုသုံးရတာ အကြောင်းရှိပါတယ်။ သင်Facebookကို ကြည့်တဲ့ အကြိမ်ရေကို ပြန်တွက်ဖူးပါသလား?
တစ်နေ့မှာ၂၄နာရီ ရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီက အလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebook ကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebook ကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား၊ ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။

သူငယ်ချင်းနဲ့ ဖုန်းပြောမယ်၊
သူငယ်ချင်း (သို့) မိသားစုနဲ့ မုန့်သွားစားမယ် (သို့) တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ် (သို့) စာဖတ်မယ် ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့က Facebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ Facebookပေါ်မှာ အဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီး ဖတ်ဖြစ်လို့လား?
More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက ရှည်နေရင် သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာ များပါလိမ့်မယ်။

သင်Facebookကို ခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကို စောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲ ရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်း ရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ သင့်ဘေးက သင့်အပေါ် မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက် တကယ်အကျိုးရှိတဲ့ အရာအားလုံးကို သင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကို တကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebook ခဏခဏသုံးနေတာကို ရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ခါလောက်
စေ့စေ့စပ်စပ်လေး ကြည့်လိုက်ပါ။ သင်အများကြီး တိုးတက်လာလိမ့်မယ်။ သင့်ရဲ့ သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့ မိသားစုအတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။

၂။ အလုပ်တွေပိုပြီးလာလိမ့်မယ်။

ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။
စာတွေကို အင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebook ကိုကြည့်လိုက်နဲ့ အလုပ်ပေါ် အာရုံစူးစိုက်မှု အားနည်းလာပါတယ်။ Facebookကို ခဏလေးဆိုပြီး ကြည့်ရာကနေ ၁၅မိနစ်လောက်
ကြည့်ဖြစ်တဲ့အခါ ကြည့်ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ Productivity က သိသိသာသာ ကျသွားပါတယ်။ စာဖတ်နေရင်းနဲ့
Facebookကို ကြည့်ချင်စိတ်တွေ ပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stress များလာပါတယ်။ အရာရာ အဆင်မပြေတော့ပါဘူး။

ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ Facebookကို ဖွင့်မယ်ဆိုတာကို အချိန်ဇယား လုပ်လိုက်ပါတယ်။
အဲ့ဒီနောက်ပိုင်း အလုပ်တွေ ပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebook သုံးတာကို ဖြစ်နိုင်ရင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။

၃။ အခြားအရာတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းလာပါလိမ့်မယ်။

Facebook ကတက်လာမယ့် Update Status တွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက် စောင့်ဖူးပါသလား? အဲဒီအချိန်တွေကို အခြားမှာသုံးဖို့ရော စဉ်းစားဖူးပါသလား? အဲ့ဒီ New Status တွေတက်တာကို စောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ် စဉ်းစားဖူးပါသလား?
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာ သင့်ရဲ့ အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။

၎။ သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။

Facebookပေါ်မှာ ခင်ရတာ အရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး comment ပေးတယ်ဆိုတာ ပြောပါးလောက်အောင် အချိန်မကုန်ပါဘူး။ သင်Facebook မသုံးဘဲ နေကြည့်လိုက်ပါ။ သင့်ကို ဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့ အပြင်မှာ ဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။

၅။ သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာ သင်သိလာလိမ့်မယ်။

Facebookပေါ်မှာ Like တယ်ဆိုတာ တကယ်တော့ Likeရဲ့ Meaning တောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင် Likeမယ်။ Likeပြန်ရချင်လို့
Likeတာလည်း ဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရ လုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူး ဖြစ်နေကြပါတယ်။
ဒါကြောင့်Facebookနဲ့ နည်းနည်းခွဲနေကြည့်လိုက်ပါ။Facebookပေါ်က Likeဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။

၆။ လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။

Facebookကပေးတဲ့ အဓိကပြသနာကတော့ ဘယ်တော့မှ Facebookပေါ်မှာ လုပ်စရာတွေမ မကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေ
သူငယ်ချင်းအသစ်တွေ၊ comment ပေးစရာတွေ၊ Share စရာတွေနဲ့ သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခု ပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။
ပန်းကန်တွေ ကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာ တစ်ခုခု ပြီးမြောက်အောင် လုပ်ဆောင်ကြည့်ပါ။

၇။ Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။

Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကို စောင့်ကြည့်နေတဲ့သူ ရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ ဓာတ်ပုံတွေ၊
သင်ရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ အားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့
သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က သင့်ကို `မနက်ဖြန် Junction Sqareသွားကြမယ်လို့´ tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friend ဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့ သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန် ဘယ်သွားမလဲ
သိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒီလိုပြသနာတွေ ကြုံတော့မှာမဟုတ်ပါဘူး။

၈။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ Facebookက လူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။သင်postတစ်ခုတင်လို့
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင် ယုံကြည်မှုတွေပါ ကျဆင်းလာတတ်ပါတယ်။ သင့်ကို စိတ်ဓာတ် ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။

၉။ သင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။

ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူ တော်တော်များမျာဟာ ၀န်တိုစိတ်တွေ များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာ သူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေ တွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေ ပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့က မနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာ အရမ်းကြွားလို့ ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒီလိုမနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေ ခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားကြည့်လိုက်ပါ။

၁၀။ Facebook ဆိုတာ ကြော်ငြာတွေအများကြီး မြင်နိုင်တဲ့နေရာတစ်ခုထက် မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။

Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။ Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။

ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့
မိတ်ဆွေကောင်း အသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊ စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။
Facebookကနေ ကောင်းတဲ့အချက်တွေ အများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့ အချိန်အများစုကို အရေးမကြီးတဲ့ ကိစ္စတွေမှာ မဖြုန်းဖို့ ပြောချင်တာပါ။

Facebok စွဲလမ်းခြင်းရောဂါ အမြန်ဆုံး ပျောက်ကင်းကြပါစေ …

Credit: မိုးရှင်း { I.M.T }

Visit website