ရန်ကုန်မိုးက အရင်လို မဟုတ်တော့။ ရွာလိုက်လျှင် မစဲ။ စဲပြန်လျှင်လည်း ဖွဲဖွဲတော့ စွေသေးသည်။
ခုလည်း ညနေ ၄ နာရီကျော် ကတည်းက သဲသဲမဲမဲ ရွာနေသော မိုးက သဲတစ်လှည့်၊ ဖွဲတစ်လှည့်နှင့် ညနေ ၆ နာရီ ထိုးလုနီးချိန် အထိ မတိတ်နိုင်သေး။ ကျော်ခန့်လူက ကျွန်တော့်ကို လှည့်ကြည့်ရင်းနှင့်
“ရာသီဥတုကတော့ အားကစားသမားတွေ အကြိုက်ပဲ။ ငါ့လူ ထမယ့် အစီအစဉ် ရှိရဲ့လား”
ကျွန်တော်တို့ အချင်းချင်း နားလည်သော ဘာသာ စကားဖြစ်သည်။ မိုးအေးအေးနှင့် တစ်ဆိုင်ဆိုင်ကို သွားပြီး ယမကာ မှီဝဲရန် ကောင်းနေပြီ။ ကျွန်တော်က အေးစက်စက် ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ပြီး
“ကျွန်တော့် စိတ်ထဲကနေ ထသွားတာ အကြိမ်တစ်သန်း တိတိရှိပြီ။ တကယ် ထကစားဖို့က ဘောလုံးရှိမှ ဖြစ်တာ”
ကျွန်တော် ကွေးဆက်ပြလိုက်သော လက်ညှိုးနှင့် လက်မကို ကြည့်ပြီး သူက သက်ပြင်းမောကို ချသည်။ ပြီးတော့ သူ့မူပိုင် ချိုရှရှ အပြုံးကိုပြုံးကာ
“အေးဗျ၊ ၀တ္ထုတို ပေါင်းချုပ်မှာ ပါမယ့် ၀တ္ထုတိုအတွက် စာမူခ ရမလားလို့ ဖုန်းဆက်ကြည့်လိုက်တာ လကုန်မှ ထွက်မှာတဲ့။ စီးကရက် တစ်လိပ်ဖိုးပါ
ရော ပါသွားတယ်”
“ကျွန်တော်လည်း အဆင်မပြေဘူးဗျာ”
“ပြန်တော့မယ်ဗျာ။ အဆင်မပြေဘဲ ဆက်ထိုင် နေရတော့ ကောင်းကင်ကြီးက ကိုယ့်ရင်ဘတ်ပေါ် တအိအိ ပိကျလာသလိုပဲ”
ကျော်ခန့်လူက သူ့လွယ်အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်ရင်းပြောသည်။ ကျွန်တော်က ခေါင်းကိုသာ
ဆတ်ပြလိုက်မိ၏။ အကြည့်တွေကတော့ သဲသဲမဲမဲ မိုးရေထဲကို ရောက်နေမိ၏။
“တောက်... ဒီထီးဟာကွာ”
ဆွဲအဖွင့်တွင် အရိုး ကျွတ်သွားသော ထီးကို ပြန်ပြု ပြင်ရင်း သူက ညည်းတွားသည်။ ကျော်ခန့်လူထီးက လောကဓံ၏ ရိုက်ပုတ်မှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားထား ရပုံပေါ်၏။ တချို့နေရာများတွင် အရောင်လွင့်ကာ အနားစ တော်တော်များများ စုတ်ဖွာ နေကြပြီ။ သွားပြီဟု ထပ်နှုတ်ဆက်ရင်း ထွက်သွားသော သူ့ကျောပြင်ကို လိုက်ကြည့်ကာ ထီးလေးကို စိုးရိမ်လိုက်၏။ မိုးတို့တင် မဟုတ်၊ လေပါ တစ်ချက် တစ်ချက် ဝေ့ခနဲ ထိုးခွဲတိုက် ခိုက်နေတာပဲ။
လက်ဖက်ရည် ဆိုင်ထဲ ကို ပြန်သတိ ထားမိတော့ ကျွန်တော် အပါအ၀င် ၄-၅ ယောက်သာ ရှိတော့သည်။ တချို့ ခုံများကိုပင် သိမ်းပြီးပြီ။ သို့သော် ဆိုင်ကတော့ ထုံးစံ အတိုင်း လူတစ်ယောက်ယောက် ကျန်ချိန် အထိ သဘောကောင်းစွာ ဖွင့်နေဦးမည်။ ကျွန်တော် သက်ပြင်းငွေ့ငွေ့ကို ကြိတ်ချ မိလိုက်သည်။ တကယ်တော့ ကျွန်တော်နှင့် ကျော်ခန့်လူက ညနေ ၄ နာရီကတည်းက ရေနွေးကြမ်း တစ်အိုးနှင့် ထိုင်နေကြခြင်းသာ။ သူက လက်ဖက်ရည် မမှာတော့ ကိုယ်က ဆေးလိပ် မမှာရဲဟူသော အနေအထား။
ကျွန်တော် လွယ်အိတ် ကလေးကို ရွရွလေး ထွေးပွေ့ လိုက်၏။ လွယ်အိတ်ထဲတွင် ထီးရှိနေ၍ မဟုတ်ပါ။ ထီးပါ မလာခြင်းကြောင့်လည်း ကောင်းကင်ကြီး၏ တအိအိ ပြိုဆင်းဒဏ်ကို ခံနေရခြင်း။ မနက် အိမ်ကထွက်ရန်ပြင်စဉ် ကမှာလိုက်သော ဇနီးသည် စကားကို ပြန်ကြားယောင်မိ ၏။
“ရှင် ဒီနေ့ မဂ္ဂဇင်းက ၀တ္ထုတို စာမူခ ရမယ်ဆို၊ ထီး တစ်လက်တော့ ၀ယ်လာခဲ့နော်။ မြို့ထဲကို အမြဲလိုလို သွားနေရတော့ ထီးမရှိလို့ မဖြစ်ဘူး။ တော်ကြာ မိုးမိပြီး ဖျားရင် ဆေးဖိုးက ထီးဖိုးထက် ပိုထွက်နေဦးမယ်”
တကယ်လည်း ခုတော့ ကျွန်တော့် လွယ်အိတ်ထဲတွင် ၀တ္ထုတိုစာမူခ ၃,၀၀၀ ရှိနေပါသည်။ ခွင့်ပြုချက် ရပြီး သားမို့ စောစောကတည်းက ထီးဝယ်လိုက်လျှင် ဖြစ်နိုင်၏။ သို့သော် ဇနီးသည် စကားဆုံးတော့ သမီးပြောစကားက ထပ်ထွက်လာခဲ့သည်။
“ဖေကြီး သမီးတို့ မနက်ဖြန် ကျောင်းအပ်ရ တော့မယ်နော်။ သမီးကို မိုးစီးဖိနပ် ၀ယ်ပေးဦး။ ခုစီးနေတဲ့ ဖိနပ်က ဟောင်းနေပြီ”
“ဟဲ့... ဟောင်းပေမယ့် စီးလို့ ရသေးတယ် မဟုတ်လား။ နင့်အဖေက မြို့ထဲ မထွက်လို့ မရဘူး။ ထီးလိုတယ်”
သူ့အမေ စကားကြောင့် သမီးမျက်နှာက ငိုမဲ့မဲ့ဖြစ်သွား သည်။ ကျွန်တော့် အကြည့်က သမီး ခြေထောက်နှင့် သမီး ဖိနပ်ဆီကို ရောက်သွားမိ၏။ ဖိနပ်က တော်တော်ဟောင်း နွမ်းနေပြီ။ ထို့ပြင် ခက်နေတာက ဖနောင့်က ဖိနပ်ထက် တစ်လက်မခန့် ပိုနေနိုင်ခြင်းပင်။ ကြားဖူးသော ပုံပြင်ထဲက ပညာရှိကြီး စကားနှင့် ပြောရလျှင် ဖနောင့်ကို လှီးဖြတ်ရ မည့်အနေအထား။
သူတို့ကို ဘာစကားမှ ခွန်းတုံ့ပြန် မပြောဘဲ ကျွန်တော် မြို့ထဲ ထွက်လာခဲ့သည်။ စာမူခ ထုတ်ပြီးတော့ ကျွန်တော့်လုံးချင်း ထုတ်ဝေသူဆီ သွားသည်။ သူ့ညည်းသံ လုံးချင်း ၀တ္ထုရှည်ကြီးကို နားထောင်ပြီးမှ ကျွန်တော့် အခက်အခဲများကို ပြောပြရ၏။ မိုးက ကျွန်တော်တို့ ကျောကို ကျရောက်လာသည့် ကြာ ပွတ်သံ မဟုတ်လား။ ငွေ ဒင်္ဂါး... ငွေဒင်္ဂါး။ ငွေဒင်္ဂါးကို ထွေခင်းကစားမည့် မောင့်လိုယောက်ျား မဟုတ်ဘဲ၊ ငွေ ဒင်္ဂါးက ထွေခင်းကစားခြင်း ကို ခံနေရသည့် မောင့်လို ယောက်ျားဖြစ်နေရသည်။
“ဆရာ... ရေနွေးထပ် ယူဦးမှာလား”
အနားကို လာမေးသည့် စားပွဲထိုးလေး စကားကြောင့် ကျွန်တော် အတွေးဝယ်မျော နေရာမှ သတိပြန်ဝင်လာသည်။ ကြည့်လိုက်တော့ တစ်ဆိုင် လုံးတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်တော့၏။ လက်ဖက်ရည်ဆိုင် မီးဖိုများပင် ငြှိမ်းပြီးပြီ။ စားပွဲထိုး လေးလက်ထဲမှာက ပွက်ပွက် ဆူနေသော ရေနွေးတည်အိုး။
“တော်ပါပြီ၊ မယူတော့ ပါဘူးကွာ”
ကျွန်တော်က သူ့ကို မချိ ပြုံးပြုံးပြကာ ပြန်ပြောရင်း ထိုင်ရာမှ လေးပင်စွာ ထလိုက်သည်။ ပြီးတော့ ကောင်တာတွင် ငိုက်မြည်းစွာ ထိုင်နေသော ဆိုင်ရှင် ဦးမျိုးဆီကို သွားလိုက်၏။
“ဦးမျိုးရှိရင် ကျွန်တော့်ကို ကြွပ်ကြွပ်အိတ် တစ်လုံးလောက် ပေးပါလား”
ဦးမျိုးက ဘာမှ ပြန်မပြောဘဲ သူ့မှန်ဗီရိုလေးကို ဖွင့်ကာ ဟိုနှိုက် ဒီနှိုက် နှိုက်သည်။ ပြန်ထုတ်တော့ သူ့ လက်ထဲတွင် ကြွပ်ကြွပ်အိတ် အမည်းတစ်လုံး ပါလာ၏။
“ဒီမှာ၊ ထောင့်စွန်းကတော့ နည်းနည်း ပေါက်နေလိမ့်မယ်။ ဆရာကိုကောင်း ကျော် မဂ်္ဂဇင်းတွေ ထည့်ယူလာတာ”
“ကျေးဇူးပါပဲ”
ကျွန်တော်က လွယ်အိတ်ကို ကြွပ်ကြွပ်အိတ် အမည်းထဲ ထည့်ကာ လက်မှ ဆွဲလိုက်၏။ ခုလိုဆိုပါလျှင် လွယ်အိတ်ကတော့ မိုးဒဏ်မှ ကင်းလွတ်လေပြီ။ ကျွန်တော် ဆိုင်ထဲမှထွက်ရန် ပြင်တော့ ဦးမျိုးက လှမ်းပြောသည်။
“သိပ်မပေနဲ့ မောင်ရင်။ တော်ကြာ အရက်က အချောင် နာမည် ပျက်နေဦးမယ်”
ကျွန်တော်က သူ့ကို တစ်ချက်လှည့် ပြုံးပြပြီး မိုးရေထဲ ထွက်လိုက်တော့သည်။ စာရေးဆရာများ သေလျှင် အရက်ကိုပဲ စွဲချက်တင်တတ် ကြသည် မဟုတ်လား။ တကယ်တော့ ကျွန်တော်တို့ ဘ၀က အရက်နှင့် ရှောရှော ရှူရှူသေဖို့ အတွက်ပင် ဆုလာဘ် မရှင်သန်နိုင် တော့ပါ။ ၃၃ လမ်းမှ ထွက်လိုက်တော့ ကျွန်တော့်လိုပင် မိုးရေထဲမှာ အကာအကွယ်မဲ့ လမ်းလျှောက်နေသူ အတော်များများ ကို တွေ့လိုက်ရ၏။ သူတို့က အခါမဲ့ မေလမိုးမို့ ထီးမေ့ခဲ့ကြ တာလား။ ထီးကို မေ့ချင် ယောင်ဆောင် နေကြတာလား။ ဆက်မစဉ်းစား ဖြစ်တော့။ မိုးကတော့ သဲသဲမဲမဲ ရွာနေဆဲ။
ကျွန်တော် လမ်း လျှောက်လာရင်း ၃၅ လမ်း ထိပ်ကို ရောက်လာသည်။ ထိုလမ်းထိပ်တွင် ခုနှစ် မေ့လောက်သည့် တစ်နှစ်က ကျွန်တော် ၀ယ်ဖူးခဲ့သော ထီး အရောင်းဆိုင် ရှိ၏။ ကျွန်တော့် အကြည့်တွေ၊ ခြေလှမ်း တွေက အညှို့ငင် ခံလိုက်ရ သလို ထိုထီးဆိုင်ရှေ့ ရောက်သွားသည်။ ပလတ်စတစ် ခြင်းတောင်းရှည်များထဲတွင် ထည့်ထားသည့် ရောင်စုံထီးများ။ ကျွန်တော့်လက်က အလိုလို ထီးတစ်လက်ဆီ ရောက်သွားမိသည်။
“အဲဒီ ယောက်ျား ဆောင်းထီးက ၂၂၀၀ တည်းပါ ဆရာ၊ ဖွင့်ကြည့်ပါ”
အရောင်းဝန်ထမ်းဖြစ် ဟန်တူသည့် ကောင်လေး တစ်ယောက် ကျွန်တော့်နား ရောက်လာသည်။ ကျွန်တော့် တုံ့နှေးနှေး အမူအရာကြောင့် သူက ထီးကို ကပျာကယာ ယူပြီး ဖွင့်ပြ၏။
“ကြည့်ဆရာ၊ ဆောင်းမယ်ဆို တစ်မိသားစုလုံး ဆောင်းလို့ရတယ်။ တစ်မိုးကတော့ ရိုက်ချိုးတောင် မကျိုးဘူး”
ဘာရယ်မဟုတ်ဘဲ ကျွန်တော့် လက်တွေက နောက်ထီးတစ်လက်ဆီ ရောက်သွားပြန်၏။
“သူက ၂၅၀၀။ ထီး ကိုင်းတွေက နှစ်ချောင်းပူးလေ။ ထီးကိုင်းနှစ်ချောင်း၊ ငွေမင်ကာနဲ့ ဆိုရင်တော့ ၃၀၀၀ ပါ။ ၀ယ်မယ့်အတူတူ ငွေမင်နဲ့ ခိုင်ခိုင်ခံ့ခံ့ဝယ်ပေါ့ ဆရာ။ ငွေငါးရာ ဘာရှိတာ မှတ်လို့”
ပင်လယ်ငါး ၃၀၀ ဖိုး၊ ကန်စွန်းရွက် ၁၀၀ ဖိုး၊ ငရုတ်သီးခြောက် ၁၀၀ ဖိုးက တစ်ရက်တွက် ဖြစ်တာပေါ့ကွာဟု ကျွန်တော့် စိတ်ထဲမှာသာ ပြန်ပြောဖြစ်လိုက်မိ၏။ လက်တွေ့မှာတော့ အကြည့်တွေက ဆိုင်ထဲ ရောက်သွားသည်။ ဆိုင်ထဲရှိ အဆင့်တွေမှာက စီစီ ရီရီပြထားသည့်ဖိနပ်များ။ ခြေလှမ်းတွေကပါ ဆိုင်ထဲ ရောက်သွားပြန်သည်။ ထီးဖွင့်ပြနေသည့် ကောင်လေးကတော့ ခေါင်းကုတ် ကျန်နေခဲ့ ၏။
အရောင်းဝန်ထမ်းဖြစ် ဟန်တူသော ကောင်မလေး တွေကတော့ ကျွန်တော့်နား ကပ်လိုက်မလာပါ။ ကျွန်တော့် ကိုယ့်ခန္ဓာတွင် ရွှဲရွှဲစိုနေ သော မိုးရေစက်တွေကြောင့် လား၊ ရောင်စုံ ဖိနပ်တွေကို အလှ ၀င်ကြည့်သူဟု ထင်နေ ခြင်းကြောင့်လားတော့ မသိ။ သို့သော် ဖိနပ်များတွင် ဈေးနှုန်း ကပ်ပြီးသားမို့ ပြဿနာတော့ မရှိ။ ဆိုင်အ၀င်ဝတွင် တစ်ခွန်းဆိုင်ဟုလည်း ဆိုင်းဘုတ်ကြီး ကပ်ထားတာပဲ။
အချိန်တော်တော်ကြာ အောင်ကြည့်ပြီးတော့ ၁၈၀၀ ဟု တန်ဖိုး ကပ်ထားသည့် ဖိနပ်လေး တစ်ရံက ကျွန်တော့် စိတ်ကို ဖမ်းစားနေသည်။ ကျွန်တော် ရူးမတတ်ကြည့်ခဲ့ သည့် သမီး ခြေဖ၀ါးလေးနှင့် ဆိုပါလျှင် ဘုရားသခင် ဖန်ဆင်းပေးလိုက်သလို လိုက်လျောညီထွေ ဖြစ်နေပေလိမ့်မည်။ ကျွန်တော် မျက်စိကို ကမန်းကတန်း ပိတ်လိုက်သည်။
သို့သော် အာရုံတွင် ပျောက်ကွယ်မသွား။ မနက်ဖြန် ကျောင်းအပ်ရတော့မယ်တဲ့။ ဇနီးသည်၏ ခြောက်ခြောက်ကပ်ကပ် ပိုက်ဆံအိတ်ကို သတိရသွားသည်။ ငွေ ၃,၀၀၀ ထဲမှ ငွေ ၁,၈၀၀ ကို နုတ်ကြည့်ရာ စိတ်ကျေနပ် လောက်သည့် အဖြေမှန် မရဘဲ ချာချာလည်နေမိ၏။ ကောင်းကင်နှင့် မြေပြင် သဘောတရား။ ထီးနှင့်ဖိနပ်၏ အနေ အထား။ မိုးကတော့ သဲသဲမဲမဲ ဆက်ရွာနေဆဲပင်။
အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဇနီးသည် မျက်နှာကို အရင်ဆုံး မြင်လိုက်ရသည်။ ကျွန်တော့် မိုးရေစိုစို ခန္ဓာကိုယ်ကို မြင်တော့ သူက နှုတ်ခမ်းရွဲ့ကာ
“ဒီလောက်ကြာနေပုံ ထောက်ရင် သောက်နေပြီ ဆိုတာ ထင်သားပဲ။ ထီးမ၀ယ်ဘဲ မျိုလာဆို့လာပြီမဟုတ် လား။ သေသွားတော့လည်း အေးတာပေါ့။ ပြောတော့ စာရေးဆရာတဲ့။ ဘယ်လိုအသိ ဉာဏ်တွေနဲ့ ဘာတွေများ ရေးပါလိမ့်။ ရှင်သေသွားရင် ရေလှည်းတွန်းရောင်းတဲ့ လူကို ယူမယ်။ အဲဒါကမှ ထမင်း နပ်မှန်ဦးမယ်။ ဒီကတော့ ထီး ဆောင်းရပါစေ ပြောလိုက်ရတာ။ ကြည့်စမ်း၊ မိုးမိပြီး ခိုက်ခိုက်တုန်နေပြီ မဟုတ်လား။ နောက်နေ့တွေလည်း ထီးမရှိဘဲ ဆက်သွား။ ရှင်မြန် မြန် သေတော့ ကျုပ် မြန်မြန် အေးရတာပေါ့”
ဇနီးသည် ပြောရင်းနှင့် မျက်ရည်ဝိုင်းလာတာကို မြင်ရသည်။ ကျွန်တော် ခွန်းတုံ့ ပြန်ပြောမနေဘဲ အခန်းထဲဝင် ပြီး အ၀တ်အစားလဲလိုက်၏။ အမှန်လည်း ကျွန်တော် ခိုက် ခိုက်တုန်အောင် အေးလွန်းလှပြီ။ ကျွန်တော့် တုံဏိဘာဝေ အမူအရာကြောင့် သမီးကပါ ငိုမဲ့မဲ့ မျက်နှာနှင့် အိပ်ခန်းထဲ ၀င်သွားသည်။ ကျွန်တော် တိတ်ဆိတ် ငြိမ်သက်စွာပင် ထမင်း စားလိုက်၏။ ပြီးတော့မှ လွယ်အိတ်ထဲက မဂ္ဂဇင်း စာအုပ်ကို ထုတ်သည်။ ဇနီး သည်က မျက်စောင်းလှမ်း ထိုးသည်။
ကျွန်တော် ကျစ်ကျစ်ပါ အောင်ထည့်လာခဲ့သော ငွေစက္ကူလိပ်လေးကို ဇနီးသည်အား ကမ်းပေးလိုက်သည်။ သူက ဆောင့်ဆောင့်အောင့် အောင့် လှမ်းယူကာ ဖြေ ကြည့်၏။ ၅၀၀ တန်တစ် ရွက်၊ ၂၀၀ တန်နှစ်ရွက်၊ ၁၀၀ တန်တစ်ရွက်။
“ဒီဟာနဲ့ ဘာထီးမှ မရဘူး။ ရှင် မနက်ဖြန် မြို့ထဲ သွားရင် အရက်သောက်ဖို့ ပြန်သာယူသွား”
ကျွန်တော် ဘာမှပြန် မပြောဘဲ ခြေဖွကာ အိပ်ခန်းထဲ ၀င်လိုက်သည်။ ခြင်ထောင်ထဲမှ နေပြီး တံခါး ဘက်ကိုကြည့်နေသော သမီးက ကျွန်တော့်ကိုမြင် တာနှင့် ဖျတ်ခနဲ တစ်ဖက် လှည့်သွားသည်။ ကျွန်တော်က ခြင်ထောင်ထဲကို ၀င်လိုက်၏။ ပြီးတော့ သမီးလက် မောင်းလေးကို လှမ်းကိုင် လိုက်သည်။ သမီးက လှည့် မကြည့်။
ကျွန်တော်က ရင်ဘတ်ထဲတွင် ဖွက်ယူလာသော အထုပ်ကလေးကို ထုတ်ကာ သမီး မျက်နှာလှည့် နေရာဘက်ဆီသို့ ထိုးပြလိုက်၏။ သမီးက အိပ်နေရာမှ ဆတ် ခနဲထထိုင်သည်။ ပြီးတော့... ပြီးတော့ မျက်စိတွေက အရောင်တဖျပ်ဖျပ် တောက်ပသွားသည်။ ကျွန်တော်က နှုတ်ခမ်းထက်ပေါ် လက်ညှိုး ကပ်ကာ ရှူးခနဲ လုပ်ပြလိုက်၏။ သမီးကလည်း ကျွန်တော် လုပ်ပြသလို ပြန်လုပ်ပြကာ ပြုံးစစနှင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသည်။ ထိုသို့ နွေးထွေးသော အပြုံးကို ရနေပါလျှင် ကျွန်တော့်အတွက် ဒီတစ်သက်လုံးမှာ ထီးမလိုတော့ပါ။
အားလုံးကိုချစ်ခင်လေးစားလျှက်... Written by တင်မြင့်ဦး
YKKM
1 comment:
ဖခင်တစ်ယောက်ရဲ့ မေတ္တာက ပေါ်လွင် သလောက် မြန်မာပြည်ကစာရေးဆရာတွေ ရဲ့ ဘ၀က အရောင်မှိန်တွေ များနေတာ စိတ်မကောင်းဘူးဗျာ.....
Post a Comment