တယ်လီဖုန်းထဲက သတင်းဆိုးသည် ဦးသောင်းဟန်၏ အူအသည်းတွေကို ဓားထက်ထက်ဖြင့် လှီးဖြတ်သကဲ့သို့ တစ်ကိုယ်လုံး ဆတ်ဆတ်ခါ သွားစေ၏။ နီနီရဲ တယ်လီဖုန်းလေးကတော့
သူ့တာဝန်ကျေပြီမို့ တုံးလုံးပက်လက်။ ဖုန်းသရဲ ဆိုတာများလား။ ဖုန်းသရဲသာ ဖြစ်လိုက်ပါတော့။ အကြောင်းအချက်ကို ခြုံငုံပြီး စဉ်းစားလိုက်ပြန်တော့လည်း လီဆယ် လုပ်ကြံထားသည့် သတင်း ဘယ်နည်းနှင့်မှ မဖြစ်နိုင်။ “အဖြစ်ဆိုး လိုက်တာကွာ တောက်” ပွင့်အန် စကားလုံး တချို့ သတိလက်လွတ် ထွက်ကျ ကုန်၏။ နောက်လှည့်ကြည့်မိသည့် အခါ ဇနီးသည် ဒေါ်နုနုထွေးသည် အခန်း ထဲက ထွက်ပေါ်လာ၏။ “ဘယ်က ဖုန်းမို့လို့ ဒီလောက် စိတ်မကောင်းကြီးစွာ ဖြစ်နေရတာလဲ ဖိုးသောင်းဟန်” မျက်နှာကို တစ်ဖက်လှည့်ကာ ဦးသောင်းဟန် တတ်သလို မှတ်သလို သရုပ်ဆောင်လိုက်ရ၏။ “ညက ဘာစီနဲ့ မန်ယူပွဲ မန်ယူရှုံးတယ်တဲ့ ကွာ”
“ဘာသတင်းများလဲ လို့။ ပြော မပြောချင်ဘူး”
ဒေါ်နုနုထွေး အိမ်ပေါ် တက်သွားတော့မှပဲ ဦးသောင်းဟန် သက်ပြင်း ရဲရဲချနိုင်တော့သည်။ အသက်က ငါးဆယ့်ခြောက်၊ ရောဂါ က ကိုးဆယ့် ခြောက်ပါး ဖြစ်နေသည့် သူ့ဇနီး ဒီသတင်း ကြားသွားလို့ကတော့ ဆေးတောင်မီမည် မထင်။
အိပ်ရာလိပ်တွေ ဆွဲခြင်းတွေနှင့် မနိုင်မနင်း ဖြစ်နေ သည့် ဒေါ်ကြည်ကြည်ထွေး ပျာယိပျာယာဖြင့် ခြံပေါက်ဝ သို့ထွက်လာ၏။ သူမ၏ ကြိုး စားအားထုတ်မှု အချည်းနှီး ဖြစ်ရ၏။
“မမ ရိပ်သာက ခြောက်ရက်နေ့မှဆို။ ဒီနေ့ လေးရက် ပဲရှိသေးတယ်လေ”
လစ်ပြီအထင်နှင့် ထွက် လာခဲ့သည်မှာ ခုတော့ ပက်ပင်းတိုးပြီ။ ဒေါ်ကြည်ကြည်ထွေး ဟန်ကိုယ့်ဖို့ ဗျူဟာဖြင့် တုံ့ပြန်ရတော့ သည်။
“ဘယ်က ခြောက်ရက် ကမှာလဲ။ ညည်းနားကြား လွဲတာ”
“ဟုတ်လို့လား မမရယ်၊ နုကို လိုက်မလား ဆိုလို့ ရက်ကို သေသေချာချာ မှတ်ထား လိုက်တာ”
အပျိုကြီးပီပီ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် အရင်ကလို ငြင်းခုံ မနေတော့ ပါဘူး။ အရေးကြီးသည်က ဒီကနေ အပြင်ကို မြန်မြန်ရောက် ဖို့ပဲ။ လမ်းထိပ်က ဆိုက်ကားတွေကို မျက်မှန်အားကိုးဖြင့် ကြည့်လိုက်ပြန်တော့ တစ်စီး မျှမမြင်။
“ဟဲ့ နုနု ညည်းပြောတော့ ဒီတစ်ခေါက် ရိပ်သာ လိုက်မယ်ဆို”
“သားကြီးအောင် အောင်ဆီက ဖုန်းမလာတာ ကြာပြီ မမရဲ့။ ဒီတစ်ရက် နှစ်ရက် ဆက်လိမ့်မယ် ထင်တယ်။ မလိုက်ဖြစ်သေးပါ ဘူး”
ဦးသောင်းဟန် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်ရာကနေ ဒေါ်နုနုထွေးတို့ ညီအစ်မကို ဘာစကား ပြောနေသလဲဟု ခိုးနားထောင် နေ၏။
“ညည်းသားသမီးတွေက ပူရမယ့် အရွယ်တွေ မဟုတ်တော့ပါဘူးအေ။ ကိုယ့်အရေး ကိုယ်လုပ်ဖို့ စဉ်းစားဦး”
“မမက အပျိုကြီး ဆိုတော့ ပြောအား ရှိတာပေါ့။ သားသမီး ရှိလာရင် ကြီးကြီး ငယ်ငယ် အကုန် ပူရတာပါပဲ မမရယ်”
ဆိုက်ကားတစ်စီး အိမ်ရှေ့က ဖြတ်လာ၏။ ဟန်ကျ လိုက်တာ။
“ဆိုက်ကား”
ထိုအချိန်မှာပဲ ဆိုင်ကယ် တစ်စီးခြံထဲသို့ မောင်းဝင်လာ၏။ ဆိုင်ကယ် မောင်းဝင် လာသူက မိသားစု ဆရာဝင် ဒေါက်တာ မောင်ကိုကိုဖြစ်သည်။
“အန်တီ နေကောင်း တယ်နော်”
ဆိုင်ကယ် ဒေါက် ထောက်ရာကနေ ဆရာ လှမ်းနှုတ်ဆက်လေ၏။
“ကောင်းပါတယ် ဆရာ။ ဆရာလည်း ရက်မှား လာပြီထင်တယ်။ ဆရာ ပေးထားတဲ့ ဆေးတွေက တစ်ပတ်စာ ကျန်သေး တယ်”
“မမှားပါဘူး အန်တီ။ အခု ကျွန်တော်လာတာက အန်ကယ် ဖုန်းဆက်လိုက်လို့ လာတာပါ”
ဒေါ်နုနုထွေး တွေခနဲ ဖြစ်သွားလေ၏။ ဒီအိမ်မှာက ဆရာဝန်နှင့် အကျွမ်းတ၀င် ရှိတာဆိုလို့ သူမပဲ ရှိတာကိုး။
“ကြွပါဆရာ ကြါပါ။ ကျွန်တော် တစ်နေ့လုံး နေလို့ ထိုင်လို့ မကောင်းဘူး ဖြစ်နေတယ်။ ရင်ထဲက ကတုန်ကယင်ကြီး ဘာဖြစ်လဲ မသိဘူး”
သည်တော့မှပဲ ဒေါ်နုနုထွေး ဥာဏ်အလင်း ပွင့်သွားလေ၏။ ကလေး တစ်ယောက်လို လုပ်စရာရှိတာ ခပ်သွက်သွက် လုပ်ပေး ရာက
“ဆရာ မစစ်ခင် ကျွန်မ ဒီအဘိုးကြီးရဲ့ရောဂါကို ကြိုတင်ဟောကိန်း ထုတ်မယ်။ ဒါတစ်လုံးရောဂါ၊ ညက သူ သိပ်ကြိုက်တဲ့ မန်ယူရှုံးလို့ ဖြစ်တဲ့ရောဂါ”
“ဟား ဟား”
ချစ်ဇနီးလေး ရယ်သွမ်း သွေးပေမယ့် ဦးသောင်းဟန် တစ်ယောက် ဆရာ့နည်းတူ ၀တ်ကျေတမ်းကျေလေးတောင် လိုက်မရယ် နိုင်ပါ။ အခိုး မထွက်သည့် မီးက ရင်ထဲမှာ တညီးညီး တောက်လောင်လို့ နေ၏။ ဆရာဝန် မောင်ကိုကိုသည် လူနာကို ဂရု တစိုက် စစ်ဆေးပြီး ဆေးတစ်လုံး ထိုးပေး၏။ ထို့အတူ သောက်ဆေး ကိုလည်း တစ်ပတ်စာ ပေးပါသည်။
ဆရာ ပြန်ကြွသွားသည့် အခါမှာတော့ ဦးသောင်းဟန် အရိပ်လို ကပ်ပါသွားပါသည်။ “နု ဆရာ့ကို ငါလက်ဖက်ရည် သွားတိုက် လိုက်ဦး မယ်”
ဦးသောင်းဟန်၏ ရင် ထဲက မထွေးနိုင် မအန်နိုင် ဝေဒနာ အစိုင်အခဲကြီးကို ထုတ်ပြခွင့် ရတော့မှာမို့ ခြေလှမ်းတွေ မြန်နေ၏။
“ဆရာ ကျွန်တော့်သား အကြီးကောင် အောင်အောင့်ကို မြင်ဖူးတယ်နော်။ သင်္ဘော လိုက်တယ်ဆိုတာလေ”
“ဟုတ်ကဲ့ နှစ်ခါ သုံးခါ လောက်တော့ ဆုံဖူးပါတယ်။ ဘာဖြစ်လို့လဲ အန်ကယ်”
တကယ်လည်းပြော မည်လည်းလုပ်ရော အသံက တော်တော်နှင့် မထွက်လာတော့။ မျက်ရည်များသာ သူ့ ဆန္ဒမပါဘဲ ပါးပြင် ပေါ် စီးကျ လာ၏။
“အောင်အောင်ဆုံးပြီ ဆရာ။ သင်္ဘောပေါ်မှာ ကရိန်း စက်သီးကြိုးနဲ့ ရိုက်မိလို့တဲ့ ဆရာ”
လူနာ၏ ရောဂါ ဇာစ်မြစ်ကို အခုမှပဲ ဆရာသိရတော့ သည်။
“ဗျာ သေချာလို့လား အန်ကယ်။ လူများ မှားတာလား”
ဇနီးသည် အတွက်ရော သူ့အတွက်ပါ ငိုနေရသဖြင့် တော်တော်နှင့် မပြီးနိုင်။ ခေါင်းသာ ယမ်းပြနေ၏။ ခဏကြာမှ
“မှားစရာ မရှိပါဘူး ဆရာ။ သူ့ဦးလေးကလည်း သင်္ဘောသားပါပဲ။ သူ့ဆီက လာတဲ့ သတင်းပါ။ ကျွန်တော်တို့ သူ့အမေကို ဘယ်လို ပြော ကြမလဲ။ အကြံပေးပါဦး ဆရာ”
အတိမ်းအစောင်း မခံသည့် ကိစ္စမို့ ဆရာလည်း ဘယ်လို အကြံပေးရမည် မသိ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ဦးသောင်းဟန် မျက်နှာကိုသာ စာနာစိတ်ဖြင့် ငေးနေမိ၏
“ဒီလို ပြောကြည့်ပါလား။ ပထမဆေးရုံတင်ထား ရတယ်လို့ပြော၊ ဆုံးတဲ့ အကြောင်းကိုတော့ နောက်နေ့ မှပြော၊ တစ်ဆင့်ချင်း ဆိုတော့ သိပ်မဆိုးဘူးပေါ့”
အကြံဥာဏ်သာ တောင်းနေရသည်။ တကယ် တမ်းကျတော့ ဦးသောင်းဟန် လက်တွေ့ အသုံးမချရဲပါ။
“ဖြစ်မယ် မထင်ဘူး ဆရာ။ အောင်အောင့်ကို သူ တော်တော်ချစ်တာ။ ဖုန်းမဆက်တာ ကြာလာရင်တောင် သူနေမထိတော့ ဘူး”
“လောလောဆယ် မပြောသင့်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ။ ပြောဖို့ မေ့နေတယ်။ အန်ကယ်လည်း နှလုံးရောဂါ စချင်နေပြီ”
သူ့ရောဂါ အကြောင်းကို နားမ၀င်နိုင်။ သူ့မယား ဘေးမသီ ရန်မခဖို့သာ စက္ကန့် မလပ် တွေးနေမိ၏။
“နောက်တော့လည်း နောက်လျောက်လျားပေါ့ ဆရာရယ်”
ဒေါ်နုနုထွေး တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာကို အခုမှ သတိရမိ၏။ မမြင်ရတော့လည်း စိတ်ထဲက ပူသလိုလို မျက်နှာ ချင်းဆိုင် ပြန်တော့လည်း မလိမ့် တပတ်လုပ်နေရသည့် အဖြစ်ကို စက်ဆုပ်ရွံရှာမိ၏။
“ဆရာ ကျွန်တော်တို့ ပြန်ကြရအောင်”
ရင်ထဲက စလုံးစခု ဝေဒနာကြီးက အနေအထား ပျက်ယွင်းသွားလို့ သက်သာသလိုတော့ အရှိသား။ နည်းနည်း ကြာလာသည့် အခါမှာ ပုံစံတစ်မျိုးဖြင့် တိုး၍ နာလာ လိမ့်ဦးမည်။
ဦးသောင်းဟန်၏ ကျန်းမာရေး အခြေအနေသည် တိုးတက် ကောင်းမွန်လာ၏။ သို့သော် ယခင်လို ဖျတ်ဖျတ် လတ်လတ် မရှိလှ။ ထူးခြား တာက ၀ိပဿနာတရားခွေတွေ တွင်တွင်ဖွင့်ပြီး တရား ထိုင်တာတွေကို ခပ်စိပ်စပ် ပြုလုပ်လာ၏။
“ဖိုးသောင်းဟန် ညက ကျုပ်အိပ်မက်မက်တယ်။ အိပ်မက်က မကောင်းဘူး။ တော့် ပြောလည်း တော်က ယုံတဲ့ သူ မဟုတ်ပါ ဘူး”
ဦးသောင်းဟန် လှည့်မကြည့်ဘဲ ရွေးလက်စ တရား ခွေကိုသာ ဆက်ရွေးနေ၏။ မျက်လုံးတွေက ဝေေ၀၀ါးဝါး ရင်ထဲနာ သလိုလို။
“အိပ်မက်ထဲမှာ အောင်အောင်က အင်္ကျီအစုတ် ပုဆိုး အစုတ်လေးကို ၀တ်လို့ ကျုပ် ဆီလာတာ စကားလည်း တစ်ခွန်းမှ မပြောဘူး။ ကျုပ်ရင် ထဲ မကောင်းလိုက်တာ ငိုတောင်ငိုမိတယ်။ ခုထိ မျက် စိထဲကကို မထွက်ဘူး”
ယုံချင်ယုံ မယုံချင်နေ ဒေါ်နုနုထွေးကတော့ ပြောနေ တော့တာပဲ။ အခုမှ အပျိုကြီး မမ၏ တန်ဖိုးကို သိတော့သည်။
“အိပ်မက်ဆိုတာ စိတ်စွဲလို့ မက်တာပါကွာ။ တောင် တွေးမြောက်တွေး လျှောက်မတွေးနဲ့။ ကိုယ့်ရောဂါတွေကိုလည်း သတိရ ဦး။ တရားခွေ ဖွင့်မလို့ တရားနာမှာလား။ နာရင် စကားမများနဲ့”
အဘိုးကြီးလေသံက ဒေါသအငွေ့အသက် မကင်း တာကြောင့် ဒေါ်နုနုထွေး ကြောက်ချင်ဟန် ဆောင်ကာ အသာငြိမ်နေ လိုက်၏။
ဦးသောင်းဟန်ဖွင့် လိုက်သည့် တရားခွေသည် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာ တော်ဘုရားကြီး၏ ၀ိပဿနာ တရားခွေ ဖြစ်ပါ သည်။
“ရေမျောတဲ့ ပုဂ္ဂိုလ်ဖြစ် စေ အဆွဲလွဲလို့ရှိရင် သစ်ကိုင်း ခြောက်ဆွဲမိရင် ပြုတ်ကျမှာပဲ (မှန်ပါ့ဘုရား) ရေမျောတဲ့သူ ဟာ မိရာ ဖမ်းဆွဲငြားသော် လည်း ဆွဲတဲ့ သစ်ပင်က မခိုင် လို့ရှိရင် ဒီသစ်ပင်ကပဲ ဆွဲတဲ့ သူကိုပြန်ပိသေး(မှန်ပါ့) ဒါ ကြောင့် ဘုရားသခင် ကိုယ် တော်မြတ်ကြီးက ဟောတော် မူတယ်(မှန်ပါ့ဘုရား) ဘယ်လို ဟောတော်မူသလဲဆိုရင် တကာ တကာမတို့ ဖြစ်စဉ်က ဆရာကောင်း သမားကောင်း မတွေ့ဘိဆိုမှဖြင့် အဆွဲလွဲလို့ အမြုပ်ချည်းပဲ (မှန်ပါ့ဘုရား) စွဲမိစွဲရာစွဲ လမ်းမိလမ်းရာ လမ်းဆိုလို့ ရှိရင် သူတို့ဆွဲလို့ သူတို့ဆွဲကိုင်ရာနဲ့ သူတို့ပြန်ပိ ပြီးသကာလ သူတို့ပဲဒုက္ခ ရောက်မယ်ဟေ့ (မှန်ပါ့)သား သမီး ပစ္စည်းဥစ္စာ ဆိုတာက ကမ်းနားသစ်ပင်နဲ့တယ် တူတယ်။ ဆွဲတဲ့သူ အပေါ်ကို မြေစိုင်နှင့် တကွပြုတ်ကျလို့ ပိနေလိုက်ကြတာ တကာရွှေ ရေ တွေ့ဖူးကြရဲ့လား (တွေ့ ဖူးပါတယ် ဘုရား)”
ထိုတရား မဆုံးခင်မှာပဲ ကိုရွှေ လျှပ်စစ်မီးသည် စိတ်အကောက်ကြီး ကောက်သွား လေ၏။ မနိုင်၍ သည်းခံခြင်း မျိုးဖြင့် သည်းခံကာ ကက်ဆက် အနားမှ ခွာလိုက်ကြပါ တော့သည်။
“တစ်ခါလာလည်း ဒီတရား၊ တစ်ခါလာလည်း ဒီ တရား။ ကျုပ်တောင် အလွတ် ရနေပြီ”
ကာလအတန်ကြာ တိမ် မြုပ်နေသည့် အပြုံးတချို့ ဦး သောင်းဟန်၏ မျက်နှာပေါ်၌ တွေ့လိုက်ရ၏။
“လုပ်ပါဦး ဆရာမကြီးရယ်။ ကျုပ်ကိုလည်း ဒီ တရား အနှစ်ချုပ်လေး တစ်ဆင့် ပြန်ဟောပေးပါဦး”
အဘိုးကြီး၏ အပြုံးသည် တစ်ဖက်သားကိုပါ ကူးစက် ရွှင်မြူးသွားစေ၏။ ဒေါ်နုနုထွေးလည်း အားကျမခံ အပြုံးပန်းတွေ ပန်လို့။
“အဘိုးကြီး နားက တရားနာ၊ ဥာဏ်က ခန္ဓာ လှည့်ထားနော်။ တကယ်တော့ သားသမီးပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပဲဖြစ်ဖြစ် မိဘ မောင်ဘွား ပဲဖြစ်ဖြစ် ဒါတွေဟာ သင်္ခါရ တရားတွေ။ သင်္ခါရတရား ဆိုတာက အနိစ္စမှာပဲ လမ်းဆုံး ရမယ်။ မြဲတယ် ခိုင်တယ်လို့ မယူရဘူး။ ခိုင်မယ်ထင်လို့ ဆွဲရင် ဆွဲတဲ့လူအပေါ် ပိမှာပဲ။ သုသာန်တွေမှာ ပိလို့ ငိုနေတဲ့ လူတွေ မနည်းပါဘူး။ ကျုပ်တော့ ကိုယ်ကျိုးကြီး နည်းပြီး ဒီသားလေးကို အကျွေးကြီး ကျွေး အမွေးကြီး မွေးလာတာ ခုတော့ လက်မောင်းတစ်ဖက် ပြုတ်ပါ ပေါ့လား။ ရင်ထု ကြမ်းခုန်၊ မြေလုပြီး ငိုနေ လိုက်ကြတာ။ ငိုရမှာပေါ့ မခိုင်တဲ့ ကမ်းနားသစ်တွေ သွားဆွဲတာကိုး။ ဆွဲလိုက်ပါ လား ခိုင်တဲ့ မြဲတဲ့ နိစ္စ နိဗ္ဗာန်။ ဒုက္ခတွေငြိမ်း အငို ဇာတ်တွေသိမ်း”
တရားဟော ဆရာမကြီး မောသွားလို့ ခဏ နားလိုက်၏။ ခုချိန်ထိ ပြုံးနေဆဲ။
“ကြက်တူရွေးလို ရနေ လို့လည်း နေရာ မကျသေး ဘူး။ တရားသဘော အမှန်ကို ဥာဏ်ကလည်း ပိုင်းခြားဖို့ လိုသေးတယ်။ ဒါမှာကြုံလာတဲ့ လောကဓံကို မတုန်မလှုပ် အန်တုနိုင်မှာ။ မဟုတ်လို့ကတော့”
အကြောင်း တိုက်ဆိုင်လို့ ထင်ပါရဲ့။ အဝေးရောက် နေသည့် ရင်တွင်းဖြစ် သစ်ပင် လေး သုံးပင်ကို မှတ်မှတ်ထင်ထင် လွမ်းဆွတ်လာမိ၏။
“ကျုပ်ကတော့ ကျုပ်သား ကျုပ်သမီးတွေကို ချစ်လို့ကို မ၀ပါဘူးတော်။ သူတို့ ကို ချစ်ရတာကိုက ကျုပ်ဘ၀ ပဲ။ ပိကာမှပိရော မသေမချင်း ပျော်ပျော်ကြီးဆွဲသွားဦးမှာ။ ဒါ ကျုပ်ရဲ့ သစ္စာစကားပဲ”
ဦးသောင်းဟန် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်၏။ မင်းရော ဘယ်လိုလဲ။ ဖွင့်ပြောရဲတာနှင့် မပြောရဲတာ ဒါပဲကွာသည်တဲ့လေ။
တရား ဆွေးနွေးပွဲကို ဦးသောင်းဟန်၏ သက်ပြင်း ရှည်ကြီးဖြင့် ပတ်တောပိတ် ၏။
ဒေါ်နုနုထွေး ခြံထဲ ၀င်လာသည့် အချိန်နှင့် ဦးသောင်းဟန် ဖုန်းချလိုက်သည့် အချိန် တစ်ထပ်တည်း ကျလေ၏။ အကြည့်က ဘယ်ကဖုန်းလဲ ဆိုသည့် အကြည့်။
“နု မင်းဘယ်သွားနေ တာလဲ။ ခုပဲ အောင်အောင်ဆီက ဖုန်းလာသွားတယ်”
ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွား၏။ ထို့နောက် နီးစပ်ရာ ကုလားထိုင်ပေါ် ခြေပစ်လက် ပစ်ထိုင်ချလိုက်၏။
“အဘိုးကြီး ရှင်တယ် ရက်စက်ပါလား။ ကျုပ်ဘယ်မှ မသွားဘူး။ ခေါင်းရင်းအိမ်မှာ ရှိနေတာပဲ။ လှမ်းခေါ် လိုက်ပါလား။ ကိုယ် ချင်းစာစိတ် နည်းနည်းမှ မရှိဘူး။ ဟို နွားလေးက ငါရှိတဲ့အချိန်တော့ မဆက်ဘူး”
ဒေါ်နုနုထွေး၏ စူစူ အောင့်အောင့် မျက်နှာပေါ်တွင် ငိုရန် ရာနှုန်းပြည့် မျက် ရည်ပုလဲတို့ ခိုလို့တွဲလို့နေ၏။
“ပြီးခဲ့တဲ့ သုံးလေးရက် လောက်က သူဖျားနေလို့ မဆက်တာတဲ့။ မင်းကို မေးနေ တယ်။ အမေရိပ်သာ သွားဖြစ် လားတဲ့”
“ဒါဆို ကျုပ်အိပ်မက်က မှန်တာပေါ့။ ၀မ်းနဲ့လွယ်မွေး ထားတဲ့ အမေပဲ။ ကိုယ့်သား ကိုယ့်သမီးနဲ့က စိတ်ချင်းဆက် ပြီးသား။ လှမ်းအော်ရင်ရရဲ့ သားနဲ့ မအော်တာ အဘိုးကြီးကို အူယားတယ်”
“တူ...တူ”
ဖုန်းနီနီရဲရဲလေးက ပွဲဆူ အောင်လုပ်ပြန်ပါတော့သည်။ သည်တစ်ကြိမ်မှာတော့ ဒေါ်နုနုထွေး လက်ဦးမှုရရှိ သွား၏။ ဦးသောင်း ဟန် စိတ် ထဲဘုရား ဘုရား တနေမိ၏။
“ဟယ်လို”
“သြော် သားလား အမေပါ။ အေး နေကောင်းပါ တယ်။ အေး မင်းအစ်ကိုကြီးဆီက ဖုန်းဆက်သေးလား။ ဒီတစ်ခါဆက်ရင် အမေ စိတ်ပူ နေတယ်လို့ပြော။ ပြန်ဆက်ခိုင်းလိုက်။ အေး ရှိတယ်။ အေး အေး ကျန်းမာရေး ဂရု စိုက်နော်”
စင်ကာပူမှာ ပညာသင်ရင်း အလုပ်လုပ်နေသည့် အငယ်ကောင်ဆီက ဖုန်းဖြစ် နေလို့တော်သေးသည်။
“နု ဘာဖြစ်လို့ ဖုန်းချ လိုက်တာလဲ။ ငါဒီမှာ ရှိနေတာ မင်းမမြင်ဘူးလား။ ဘာလဲ မင်းက ကလဲ့စားချေတာ လား”
ဆိတ်ဆိတ်နေခြင်းဖြင့် ၀န်ခံကာ ထီမထင်မျက်နှာ ထားဖြင့် ဒေါ်နုနုထွေး အိမ် ပေါ်သို့ဟန်ပါပါတက်သွားလေ ၏။
ဘုရားစင်ရှေ့ ဦးသောင်းဟန် တရားထိုင်နေ၏။ ဘုရားကို လိမ်နေသလိုပါပဲ။ စိတ်က သူထားသည့် ကမ္မဋ္ဌာန်း အာရုံ ပေါ်မှာ မနေဘဲ ဘ၀ ခြားနေပြီ ဖြစ်သည့် အောင်အောင်ဆီ ရောက်လိုက်၊ သူ့အမေကို ဘယ်လိုဖွင့် ပြောရင် ကောင်းမလဲစသဖြင့် တစ် ယောက်တည်း အသံမထွက်ဘဲ စကားတွေ ပြောနေမိ၏။ ဘာသမာဓိမှလည်း မရ။ တစ်မျိုးတော့ ကောင်းပါသည်။ သူ့မျက်နှာ ငါမကြည့် ရဲ ငါ့မျက်နှာ ငါမကြည့်ရဲတာနှင့် စာရင် အခုလို ထိုင်တွေး နေရတာက ကောင်းပါသည်။
ရင်ဘတ်အောင့်သည့် ဝေဒနာကလည်း ကျဲရာက စိပ်၊ မထင်မရှားကနေ အသက် ရှူရခက်အောင်ကို အောင့် အောင့်လာ၏။ ဝေဒနာ အနိစ္စ ဝေဒနာ ငါမဟုတ်လို့ သုံးလေး ကြိမ်မှတ်လိုက် ဖမ်းရခက်သည့် စိတ်က အလေနတော ရောက်သွားလိုက်၊ သားနှင့် မယား အကြားမှာ မျက်ရည်နဲ့ မျက်ခွက် သွားဖြစ်နေလိုက် နှင့် တစ်နာရီသာ ပြည့်သွား၏။
“အဘိုးကြီး ကျုပ်မွေးနေ့ ရောက်တော့မယ်နော်”
မျက်နှာချင်း ဆိုင်လိုက်တာနှင့် အာရုံနောက်စရာတွေ က အလျှိုလျှိုပေါ်လာပါ တော့သည်။ မွေးနေ့လေးတွေ ကို အမှတ် တရဖြစ်အောင် လုပ်ပေးမိခဲ့သည့် ကိုယ့်ရူးသွပ်မှုကိုသာ နောင်တရမိ၏။ အိမ်ခေါင်းရင်း နံရံမှာ ချိတ်ထားသည့် ဟော်လို ဂစ်တာလေးသည် အောင်အောင် ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ လက်ဆောင်လေး ဖြစ်သည်။ ထိုလက်ဆောင်ရလို့ ထမင်း မစား ဟင်းမစား ပျော်နေသည့် မျက်နှာလေးကို ယခုတိုင်မြင် ယောင်နေဆဲ။
“ဒီနှစ်တော့ အောင် အောင်က အံ့အးသင့်စရာ ဘာလက်ဆောင်တွေ ပေးဦးမလဲ မသိဘူး။ အချိန်မရှိ အခါမရှိ ကျမှ အမေရေ သားပြန်လာပြီ လို့များ ခြံဝက အော်ခေါ်မ လားပဲ။ အမေ ပျော်တာကို အရမ်းမြင်ချင်တဲ့ ကလေး”
ဦးသောင်းဟန် ထိုင်နေ ရာကနေ ရင်ထဲ စူးခနဲ ထိုးအောင့်ကာ အမြင်အာရုံ တစ်ခုလုံး မှောင်အတိ ကျသွား၏။ အသက်လည်း ရှူလို့ မရတော့၊ တစ်သက်နှင့်တစ်ကိုယ် ခုလောက် တစ်ခါမျှ မမောဖူး ပေ။ ချွေးသီး၊ ချွေးပေါက်တွေ မျက်နှာ တစ်ပြင်လုံး ပြည့်လို့
“အဘိုးကြီး အဘိုးကြီး မမရေ လာပါဦး။ ဒီမှာ ဖိုးသောင်းဟန် ဘာဖြစ်မှန်း မသိဘူး”
ဒေါ်ကြည်ကြည်ထွေး ပြေးသာ လာရသည်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ လူနာဆီက အမောတွေ သူမဆီ ကူးစက်ကုန် တာပဲ အဖတ် တင်၏။
“ဆရာမောင်ကိုကိုဆီ ဖုန်းဆက် ဖုန်းဆက်။ နေဦး မဆက်နဲ့ မဆက်နဲ့။ အိမ်မှာ ရှိ မှာ မဟုတ်ဘူး”
အသေအချာဆုံးက ဆေးရုံမှာ ဆေးရှိမည်။ ဆရာ ၀န်ရှိမည်ဟု ဒေါ်နုနုထွေး လက်တွေ့ကျကျ စဉ်းစားမိ လေ၏။ အချိန်မီ ရောက်ဖို့ပဲ လိုသည်။
“ဆေးရုံသွားမှ ဖြစ် မယ်။ မမ ခေါင်းရင်းအိမ်က ကားကို သွားခေါ်ပေးပါ။ သွားလေ ဘာကြောင်နေတာ လဲ။ အရေးထဲမှာ”
အပျိုကြီး သွားဆိုလို့သာ သွားလိုက်ရသည်။ ခေါင်းရင်းနဲ့ ခြေရင်းမကွဲပြား ချင်တော့။ ခြေထောက်တွေကလည်း လေမိသည့် လူလို လေးတိလေးကန်။
နှစ်ကိုယ်စာ သောက တွေထမ်းခဲ့ရသည့် ဖိုးသောင်း ဟန်ခမျာ ဆေးရုံရောက်လျှင် ရောက်ချင်း ခေတ်မီဆေးဝါး ကိရိယာ တွေနှင့် ကျွမ်းကျင် အထူးကု ဆရာဝန်ကြီးတွေ၏ အရေးတယူ ပြုစုဖေးမမှုတွေ ကြောင့် နာရီပိုင်းအတွင်း လက်ရှိ ကမ္ဘာကြီးနှင့် ပြန်လည် အဆက်အသွယ် ရရှိခဲ့၏။ ငွေကြေး ရှေ့သွားရှိလေသူ ဖြစ်လေတော့ အားလုံးဟာ အခက် အခဲမရှိ လွယ်လင့် တကူပြီး မြောက်ခဲ့ပါသည်။
ဒေါ်နုနုထွေး တစ်ယောက်လည်း မိမိ၏ အရ တယ်ဘ၀လေးကို လုံးလုံး မေ့ကာ အိမ်ဦးနတ်အပေါ် တစ်ချိန်လုံး စိတ်ရောက်နေ ၏။ သူမ၏ စရိုက်သဘာဝ အရကိုက တခြားသူကို ပြုစု ပေးရတာ အလွန်နှစ်ခြိုက် သလောက် ကိုယ့်အတွက်ဆို အားနာလို့ ကို မဆုံးတော့။
“မမရေ ဟင်းအိုးလေး ကြည့်လိုက်ပါဦး။ နုရေချိုး လိုက်ဦးမယ်။ ဆေးရုံသွားရ မယ့် အချိန် နီးနေပြီ”
မြန်မြန်ထက်ထက် ပြုလုပ်ရမည့် အလုပ်ဆိုလျှင် ဒေါ်ကြည်ကြည်ထွေးကို အားကိုးအားထား ပြုလို့ မရတော့။ ဟိုဟာ ကိုင် တော့မလို ဒီဟာ ကိုင်တော့မလိုဖြင့် ပြီးနေ၏။ ဒီလို နှေးကွေးလို့လည်း အပျိုကြီး ဖြစ်တာဟု ဒေါ်နုနု ထွေး မကြာမကြာစလေ့ ရှိ၏။ အင်္ကျီ အ၀တ်အစားလဲပြီး အောက်ဆင်းလာသည့် အခါ မြင်ဖူးသလိုလို ရှိသော လူငယ် တစ်ယောက်ခြံထဲဝင်လာ၏။
“အန်တီနု ကျွန်တော့်ကို မမှတ်မိတော့ဘူးလား။ ကျွန်တော်စိုးမြင့်လေ ပုသိမ်က”
“သြော် အေး အေး မှတ် မိပြီ။ အသက်ကြီးလာတော့ မှတ်ဥာဏ်တွေက သုံးလို့မရ တော့ဘူး။ လာကွဲ့ လာထိုင်”
လွန်ခဲ့သည့် သုံးနှစ် လောက်က မောင်စိုးမြင့်သည် အိမ်တွင် တစ်လလောက်နေ သွားဖူး၏။
“အောင်အောင့်နာရေး သတင်းကြားတော့ ကျွန်တော်လည်း ဒူဘိုင်း ရောက်နေတာ။ ကိုယ့်ညီလေး တစ်ယောက် ဆုံးသွား သလိုပါပဲ အန်တီ ရယ်။ အရင်တစ်ခေါက်ကလို သူနဲ့ ကျွန်တော်သင်္ဘော တစ်စင်းတည်း စီးရရင် အောင်အောင် အခုလိုသေမှာ မဟုတ်ဘူး”
“သားကြီးအောင် အောင်ဆုံးပြီ အို”
စကားလုံးများ၏ စွမ်းပကားသည် ဒေါ်နုနုထွေးအား အရုပ်ကြိုးပြတ် လဲကျ သွားစေ၏။ မောင်စိုးမြင့် အချိန်မီ လှမ်းထိန်း လိုက်လို့ နို့မဟုတ်လျှင် မတွေးဝံ့စရာ။
“အန်တီနု အန်တီနု။ ဟာ ခေါ်လို့လည်း မရတော့ဘူး။ ကြီးကြီးလာပါဦး။ အန်တီနု ဘာဖြစ်သွားလဲ မသိဘူး”
“ဟဲ့ ဟဲ့ မင်း ငါ့ညီမကို ဘာလုပ်လိုက်တာလဲ”
“ကျွန်တော် အောင်အောင့်နာရေး သတင်းလာမေး တာပါ။ ကျွန်တော် ဘာမှ မလုပ်ပါဘူး”
နီးစပ်ရာ သတင်းစာ တစ်စောင်ဖြင့် မောင်စိုးမြင့် ယပ်ခတ်နေပါသည်။ ထို အခိုက်မှာပဲ ဒေါ်နုနုထွေးပြန် သတိရလာ၏။
“မင်းတော်တော် ရမ်း ကားတာပဲ။ နည်းနည်းလောက် မေးပါစမ်းပါဦးလား။ ငါတို့သူ့ကို ဒီအကြောင်း မသိအောင် ထားတာ ဒုက္ခ ပါပဲ။ ငါ့ညီမ သေသွားလို့ကတော့ နင်တရားခံပဲ”
“မမ မပြောပါနဲ့တော့။ သူ့အလွန် မဟုတ်ပါဘူး။ နုတို့ရဲ့ကံကိုက ဆိုးတာပါ။ သား လေးရယ် မင်းအဖြစ် ဆိုးလှ ချည်လား အီးဟီး”
စိတ်တိုင်းကျ ငိုဖို့ရန် အခွင့်ရပြီမို့ ဒေါ်ကြည်ကြည် ထွေးလည်း အခန်းထဲ ၀င်ကာ ကြူကြူပါအောင် ငိုပါတော့ သည်။ စိုးမြင့် ကတော့ လိုက်ငိုရကောင်းနိုးနိုး ထပြေးရ ကောင်းနိုးနိုးဖြစ်နေ၏။
“ဖိုးသောင်းဟန် ဒီ အဖြစ်ဆိုးကြီးကို တစ်ယောက်တည်း ရင်စည်းခံရင်း အခုလို ဆေးရုံရောက်ရတာ။ ငါစောစောစီးစီး သိဖို့ ကောင်းတယ် ဟီး ဟီး”
ဒေါ်နုနုထွေးနံရံမှာ ချိတ်ထားသည့် နာရီကြီးကို မော့ကြည့်လိုက်သည့် အခါ ဆေးရုံသွားရမည့် အချိန်ထက် ငါးမိနစ် လွန်နေ တာကို ညွှန်ပြ နေ၏။
“ငိုနေလို့ မပြီးသေး ပါဘူး မမရယ်။ ဆေးရုံက လူနာက ရှိသေးတယ်။ နု လဲလို့ မဖြစ်သေးဘူး။ မောင်စိုးမြင့် အန်တီ့ကို ဆေးရုံ လိုက်ပို့ပါ ကွယ်။ ဟိုရောက်ရင် ဆေးရုံဝ မှာ နေခဲ့နော်”
ဦးသောင်းဟန်သည် ဆေးရုံ ၀ရန်တာကနေ လှမ်း မျှော်ကြည့်နေ၏။ သူ့အမျိုး သမီးကို လှမ်းမြင်လိုက်မှပဲ ဣနြေ္ဒရရဖြင့် သူ့ အခန်းထဲဝင် ထိုင်နေ၏။
“နု ဆရာဝန်ကြီးက ဒီနေ့ ဆင်းလို့ ရပြီတဲ့။ နု လည်း ပင်ပန်းလှပါပြီကွာ”
နာမည်နှင့်လိုက်အောင် အရွယ်တင် နုပျိုနေသေး သည့် ဒေါ်နုနုထွေးအား ငေးရီ နေမိ၏။
“နု မပင်ပန်းပါဘူး။ အိမ်မှာဆိုတော့ လွတ်လွတ် လပ်လပ် နေရတာပေါ့”
“နု မင်း ငိုထားတာလား”
“ဟုတ်တယ်။ အောင်အောင်ဆုံးတာ နုအခု သိပြီး ပြီ။ မောင်စိုးမြင့် ဒီနေ့ အိမ်လာတယ်။ သူပြောပြတာ”
“ဟေ မင်းဘာမှမဖြစ် ဘူးနော်”
ဦးသောင်းဟန်၏ အမေးစကားသံက မယုံမရဲ လေသံဖြင့် ၀မ်းသာသည့် အရိပ်အယောင်တွေ ပါနေ သလားပဲ။
“ဖြစ်တာပေါ့။ မောင်စိုး မြင့်သာ ထိန်းမထားရင် ခေါင်းကွဲပြီး သေနေလောက်ပြီ။ ကျုပ် သတိပြန်ရလာ တော့ ရှင့်မျက်နှာကြီး ပြန် ပေါ်လာတယ်။ ကျုပ်တစ်ခုခု ဖြစ်ရင် ရှင်လည်းနေမှာ မဟုတ်ဘူး။ ခုချိန်မှာ ရှင်က လူနာ ကျုပ်က ပြုစုတဲ့လူ။ စိတ်ဓာတ် ပျော့ညံ့လို့ ဘယ်ရ မလဲလေ။ ကျန်တာတွေ မေ့ ထားလိုက်တော့ အဘိုးကြီး ရေ။ ကိုယ့်အသက် သေ အောင်တော့ သားသမီး တွေကို မစွဲသင့်ဘူး။ ရှေ့လျှောက် ဖြတ်နိုင်အောင် ကြိုးစား တော့”
“နု ဟိုမှာ မင်းသမီး လာ နေတယ်”
သမီးအလတ်မ နွေး နွေးဟန်သည် မိုင်ငါးဆယ် ကွာဝေးသည့်မြို့လေးတွင် အိမ်ထောင်ကျနေ၏။ သူမ လည်း သူ့တာဝန် နှင့်သူမို့ အရောက်အပေါက် နည်းလှ ၏။
“အဖေ သက်သာ လား။ စိတ်ပူလိုက်ရတာ အဖေရယ်”
ဖြစ်ဖြစ်ချင်း ကြားကြား ချင်းကတော့ မလာဘဲ ခုမှ စိတ်ပူနေပြန်သည်။
“သမီးရောက်တုန်း ရောက်ခိုက် တစ်ပတ်ဆယ် ရက်လောက်နေသွားပါလား ငါ့သမီးရယ်”
“မဖြစ်ပါဘူး အဖေ ရယ်။ အိမ်မှာက အလုပ်က မအားဘူး။ ပြီးတော့ အဖေ့ မြေးက သူ့အဖေနဲ့ နေတာ မဟုတ်ဘူး။ ဒီနေ့ မပြန်လို့ မဖြစ်ဘူး။ အဖေလည်း ကျန်းမာနေပြီပဲ။ နောက်တော့ လာတာပေါ့ အဖေရယ်”
နောက်တော့ဆိုသည့် စကားကို ဦးသောင်းဟန်တို့ လင်မယားနှစ်ယောက်လုံး ရိပ်မိ၏။ စောစောကတင် ဖြတ်တောက် ထားသည့် သံယောဇဉ်ဆိုသည့်ကြိုးက ဘယ်လိုဘယ်လို ပြန်ချည် သွားပါလိမ့်။ ပြန်ရုန်းကြည့် လိုက်တဲ့ အခါမှာတော့ ရင် ဘတ်ထဲက စူးခနဲအောင့် လာသဖြင့် နှစ်ယောက်သား ကိုယ့်ရင်ဘတ် ကိုယ်အသာ လက်ဖြင့် ဖိထားလိုက်ကြရ၏။
အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM
No comments:
Post a Comment