Tuesday, August 18, 2015

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေ ရှာဖွေရာမှာ အသုံးဝင်ကောင်း ၀င်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းတော့ အဲ့ဒီလိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likes ရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေ ဘာလုပ်နေမလဲ Facebook ပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် Facebookကို အသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့ စသိပြီး သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebook သုံးကြပါတယ်။ သင်ရော အဲ့ဒီအထဲ ပါနေပြီလား? ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ဘ၀ ပြန်လည်အသက်ဝင်လာလိမ့်မယ်။

‘ပြန်လည်အသက်ဝင်လာမယ်’ဆိုတဲ့ စကားကိုသုံးရတာ အကြောင်းရှိပါတယ်။ သင်Facebookကို ကြည့်တဲ့ အကြိမ်ရေကို ပြန်တွက်ဖူးပါသလား?
တစ်နေ့မှာ၂၄နာရီ ရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီက အလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebook ကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebook ကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား၊ ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။

သူငယ်ချင်းနဲ့ ဖုန်းပြောမယ်၊
သူငယ်ချင်း (သို့) မိသားစုနဲ့ မုန့်သွားစားမယ် (သို့) တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ် (သို့) စာဖတ်မယ် ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့က Facebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ Facebookပေါ်မှာ အဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီး ဖတ်ဖြစ်လို့လား?
More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက ရှည်နေရင် သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာ များပါလိမ့်မယ်။

သင်Facebookကို ခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကို စောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲ ရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်း ရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ သင့်ဘေးက သင့်အပေါ် မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက် တကယ်အကျိုးရှိတဲ့ အရာအားလုံးကို သင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကို တကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebook ခဏခဏသုံးနေတာကို ရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ခါလောက်
စေ့စေ့စပ်စပ်လေး ကြည့်လိုက်ပါ။ သင်အများကြီး တိုးတက်လာလိမ့်မယ်။ သင့်ရဲ့ သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့ မိသားစုအတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။

၂။ အလုပ်တွေပိုပြီးလာလိမ့်မယ်။

ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။
စာတွေကို အင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက်
Facebook ကိုကြည့်လိုက်နဲ့ အလုပ်ပေါ် အာရုံစူးစိုက်မှု အားနည်းလာပါတယ်။ Facebookကို ခဏလေးဆိုပြီး ကြည့်ရာကနေ ၁၅မိနစ်လောက်
ကြည့်ဖြစ်တဲ့အခါ ကြည့်ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ Productivity က သိသိသာသာ ကျသွားပါတယ်။ စာဖတ်နေရင်းနဲ့
Facebookကို ကြည့်ချင်စိတ်တွေ ပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stress များလာပါတယ်။ အရာရာ အဆင်မပြေတော့ပါဘူး။

ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ Facebookကို ဖွင့်မယ်ဆိုတာကို အချိန်ဇယား လုပ်လိုက်ပါတယ်။
အဲ့ဒီနောက်ပိုင်း အလုပ်တွေ ပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebook သုံးတာကို ဖြစ်နိုင်ရင်
ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။

၃။ အခြားအရာတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းလာပါလိမ့်မယ်။

Facebook ကတက်လာမယ့် Update Status တွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက် စောင့်ဖူးပါသလား? အဲဒီအချိန်တွေကို အခြားမှာသုံးဖို့ရော စဉ်းစားဖူးပါသလား? အဲ့ဒီ New Status တွေတက်တာကို စောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ် စဉ်းစားဖူးပါသလား?
စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာ သင့်ရဲ့ အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။

၎။ သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။

Facebookပေါ်မှာ ခင်ရတာ အရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး comment ပေးတယ်ဆိုတာ ပြောပါးလောက်အောင် အချိန်မကုန်ပါဘူး။ သင်Facebook မသုံးဘဲ နေကြည့်လိုက်ပါ။ သင့်ကို ဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့ အပြင်မှာ ဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ
စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။

၅။ သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာ သင်သိလာလိမ့်မယ်။

Facebookပေါ်မှာ Like တယ်ဆိုတာ တကယ်တော့ Likeရဲ့ Meaning တောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင် Likeမယ်။ Likeပြန်ရချင်လို့
Likeတာလည်း ဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရ လုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူး ဖြစ်နေကြပါတယ်။
ဒါကြောင့်Facebookနဲ့ နည်းနည်းခွဲနေကြည့်လိုက်ပါ။Facebookပေါ်က Likeဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။

၆။ လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။

Facebookကပေးတဲ့ အဓိကပြသနာကတော့ ဘယ်တော့မှ Facebookပေါ်မှာ လုပ်စရာတွေမ မကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေ
သူငယ်ချင်းအသစ်တွေ၊ comment ပေးစရာတွေ၊ Share စရာတွေနဲ့ သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခု ပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။
ပန်းကန်တွေ ကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာ တစ်ခုခု ပြီးမြောက်အောင် လုပ်ဆောင်ကြည့်ပါ။

၇။ Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။

Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကို စောင့်ကြည့်နေတဲ့သူ ရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ ဓာတ်ပုံတွေ၊
သင်ရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ အားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့
သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က သင့်ကို `မနက်ဖြန် Junction Sqareသွားကြမယ်လို့´ tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friend ဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့ သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန် ဘယ်သွားမလဲ
သိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒီလိုပြသနာတွေ ကြုံတော့မှာမဟုတ်ပါဘူး။

၈။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ Facebookက လူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။သင်postတစ်ခုတင်လို့
Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင် ယုံကြည်မှုတွေပါ ကျဆင်းလာတတ်ပါတယ်။ သင့်ကို စိတ်ဓာတ် ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။

၉။ သင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။

ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူ တော်တော်များမျာဟာ ၀န်တိုစိတ်တွေ များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာ သူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေ တွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေ ပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့က မနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာ အရမ်းကြွားလို့ ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒီလိုမနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေ ခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားကြည့်လိုက်ပါ။

၁၀။ Facebook ဆိုတာ ကြော်ငြာတွေအများကြီး မြင်နိုင်တဲ့နေရာတစ်ခုထက် မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။

Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။ Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။

ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့
မိတ်ဆွေကောင်း အသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊ စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။
Facebookကနေ ကောင်းတဲ့အချက်တွေ အများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့ အချိန်အများစုကို အရေးမကြီးတဲ့ ကိစ္စတွေမှာ မဖြုန်းဖို့ ပြောချင်တာပါ။

Facebok စွဲလမ်းခြင်းရောဂါ အမြန်ဆုံး ပျောက်ကင်းကြပါစေ …

Credit: မိုးရှင်း { I.M.T }

Visit website

Thursday, March 19, 2015

မြေဧက တွက်ကြမယ်

( ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ….. )

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

YKKM

Monday, March 16, 2015

" စိန်" အကြောင်းသိကောင်းစရာ

စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက် ၄ ချက်ဖြင့်သတ်မှတ်ပါသည်။ 4Cဟုအတိုကောက်မှတ်နိုင်သည်။
၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး
အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။
ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီး အရောင်မှာ အညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေး စိန်သွေးကွက်ဖြင့်သွေးထားမည်။ သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။
၁။Carat
ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင် ရတီချိန်ကို သုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ
၂။ Clarity
စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက် ၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။ Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။
၃။Cut
စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များ အရွယ်ကြီးပြီး မလှပသဖြင့်တန်ဖိုးနည်းပါသည်။
၎။ Color
စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီး သန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။
နိုရာ စုစည်းတင်ပြသည်။

Credit to Natural Jade ရတနာဆိုင်
ရွှေအိမ်စည်စာကြည့်တိုက်
YKKm

Friday, March 13, 2015

အချိန်ရဲ့တန်ဖိုး

- တစ်ဘဝရဲ့ တန်ဖိုးကို သိချင်ရင် သေခြင်းတရားကို စောင့်စားနေတဲ့ ကင်ဆာရောဂါသည်ကို မေးကြည့်ပါ။

- တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

- တစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးရဲ့ မိခင်ကို မေးကြည့်ပါ။

- တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။

- တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင် ကလေး ၆ ယောက်ခန့်ကို ကျွေးနေရတဲ့
နေ့စဉ်အလုပ်သမား တစ်ဦးကိုမေးကြည့်ပါ။

- တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်ဆိုင်းနေတဲ့ ချစ်သူများကို မေးကြည့်ပါ။

- တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထား မမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

- တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။

- တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ်ငွေတံဆိပ် ဆုရှင်ကို မေးကြည့်ပါ။

အချိန်သည် တန်ဖိုးကြီးလှ၍ ပြန်လည် မရနိုင်သော လူ့ဘဝ၏ အရာများထဲတွင် တစ်ခု ပါဝင်ပါသည်။ ဒါကြောင့် မိနစ်၊ စက္ကန့်၊ နာရီ တွေတိုင်းကို တန်ဖိုးရှိအောင် အသုံးချပါလို့ တိုက်တွန်းအပ်ပါသည်။

ဆောင်းပါရှင် - ရဲသီဟမောင်