Monday, July 21, 2014

အကြီးစား အိမ်တွင်း သူခိုး

သာမန် Mobile User တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံး

စကိုင်တော့မယ် ဆိုရင် အခုဆို တော်တော်မျာများက

အင်တာနက် ကောင်းကောင်းသုံးလို့ရမယ့် ဖုန်းတွေကိုပဲ

ရွေးချယ်ဝယ်ယူလာပါတော့တယ်...

အခြေခံ လူတန်းစားတွေ အနေနဲ့ကတော့

ဈေးသက်သက်သာသာနဲ့ ကောင်းကောင်းမွန်မွန်

အသုံးပြုနိုင်ဖို့ Huawei အမျိုးအစား ဖုန်းများအား

ဝယ်ယူအသုံးပြုကြသလို နည်းနည်းပိုက်ဆံ တက်နိုင်ပြီး

ကောင်းကောင်းပေးပြီး ကောင်းကောင်းသုံးချင်သူတွေကတော့

နာမည်ရ လာတဲ့ Samsung သို့မဟုတ် HTC နှင့် Sony ဖုန်းအမျိုးစားများ

ကို ရွေးချယ်လာကြပါတယ်....

တစ်ချို့ကြပြန်တော့လဲ နာမည်ကြီးအသစ်ထွက် iPhone,Samsung,Sony,HTC ရဲ့

Device တွေကို ကိုင်နိုင်ခါမှ လူထင်ကြီးခံရ လူရာသွင်းခံရသလိုလို နဲ့ စိတ်ရဲ့စေစားရာ

အရ ၀ယ်ယူသုံးစွဲကြပြန်တယ်...

ဒါတွေ ထားလိုက်ပါအုံး ဖုန်းတစ်လုံး ၀ယ်ယူယုံဖြင့် ပြီးပြီထင်ပါသလား....?

မိတ်ဆွေ ပြန်စဉ်းစားပါ...

ဖုန်းဝယ်ပြီး မြန်မာစာ ထည့်သွင်းဖို့ Service ခ သက်သက် ဆိုပြီး

သက်သက်ထပ်ပေးရပါမယ်

(ယခုအခါဆိုင်တော်တော်များများက အခမဲ့ ပြုလုပ်ပေးနေပါပြီ)

ဒါမှ ကိုယ်လိုချင်တဲ့ App & Game များနှင့်

သီချင်း Ring Tune များကို ရရှိကြမှာပါ...

မပေးရဘူးဆိုရင်တောင် အနည်းဆုံး ၃၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ်

နီးပါး ပတ်ဝန်းကျင် ပေးဆောင်နေရတုံးပါပဲ...

Viber ဖွင့်ခ ၃၀၀၀ ကျပ်

Facebook Acc ဖွင့်ခ ၅၀၀၀ ကျပ်

Skype Facebook Viber အားလုံးပေါင်း ၁၀၀၀၀ ကျပ် ဘာညာစသဖြင့် ပေါင်းချုပ်

ယူကြသည်လဲ ရှိပါတယ် မိတ်ဆွေများလဲ ကြုံဖူးမှာပါ...

ဒါက အစပဲ ရှိပါတယ်....

နောက်တစ်ဆင့် ထပ်တက်လာရရင် အ၀တ်မပါ ဗလာကိုယ်နတ္တိ

မိမိ တို့ရဲ့ ဖုန်းများအား အလှတန်ဆာ ဆင်ရန်အတွက်

နောက်ဆုံးပေါ် အရုပ်လှလှလေးများ ဥပမာ ။ Stick နှင့် Banana အရုပ်လေးများ

Key Change များ Back Cover များ Sticker များ Screen Guard များ

ဝယ်မဆုံးနိုင်အောင် သင့်အိတ်ကပ်ထဲက ပိုက်ဆံများကို သိသိကြီးရော

မသိမသာရော ခိုးယူနေပါတယ်...

ယခု နောက်ပိုင်းတွင်တော့ Screen Guard များ နှင့် အခြားလက်ဆောင်များကို

ပိုက်ဆံ မယူတော့ပဲ လက်ဆောင်အနေဖြင့် ပေးတဲ့ ဆိုင်များလဲ ရှိလာပါပြီ

တန်ဖိုးများ အရလဲ အနည်းဆုံး ၅၀၀ ကျပ်မှ အများဆုံး သိန်းကျော်တန်ထိ

အဆင်တန်ဆာများရဲ့ တန်ဖိုးက သက်ရောက်မှု ရှိနေပါတယ်...

ခေတ်စားလာတဲ့ iPhone 5 / 5s Gold Cover များ ကိုသာ ကြည့်ပါ မိတ်ဆွေ

ဒါကတော့ အကောင်အထည်ရော မြင်သာထင်သာရော ခိုးယူနေတဲ့

အရာတွေပါ....

မမြင်ရတဲ့ သူခိုးတွေက ဘာတွေလဲ?

0950 နံပါတ်တွေမှာကတည်းက ရရှိလာတဲ့ အခွင့်ထူးခံ ဖုန်းခေါ်လျင်

မြည်သော Ring Tune Service လေးပါ...

တစ်လ ကို ၃၀၀၀ ကျပ် ဖြတ်ပါတယ်...

တစ်ခြားဟာကသာ နောက်ကျမယ် သူကတော့ နောက်မကျပါ...

ပြီးပြီလား? ရှိသေးတယ်ဗျ...

Ring Tune တွေကို ၀ယ်သုံးရပါတယ် တစ်ပုဒ်ကို ၃၀၀ ကျပ်ပါ..

သိပ်မသိသာတဲ့ ပိုက်ဆံမို့ မောင်သစ် ကိုယ်တိုင်လဲ

၃၀၀ ကျပ် ၃၀၀ ကျပ် နဲ့ အတော် ထိနေပါပြီ...

ပြီးနောက် တွင်ကျယ်လာတဲ့ Service တွေက

အချိန်ပြည့် သတင်းတို စနစ်တွေ

BBC မြန်မာပိုင်း သတင်းပို့ချက်တွေ

စီးပွားရေး ဆိုင်ရာ နဲ့ ငွေကြေးသတင်းတွေ

နည်းနည်း နည်းနည်း နဲ့ ဖဲ့ယူနေကြပါတယ်...

နောက်ဆုံး ခိုးယူမှု အများဆုံးကတော့

Internet Service ပါ...

မြန်မာပြည် ရဲ့ Internet Service ကောက်ခံမှု နှုန်းထားက

လက်ရှိအနေနဲ့ပြောရရင် User တွေ ကျေနပ်လောက်တဲ့

အနေအထား မဟုတ်သေးပါဘူး...

GSM တွေကို ၁ နာရီကို ၁၂၀ ကျပ်

WCDM တွေကို ၁ နာရီ ၂၄၀ ကျပ်

CDMA တွေကို ၁ နာရီ ၂၄၀ ကျပ်

နှင့် ကောက်ခံနေပြီး လက်ရှိအနေအထားရ

နေရာကွာဟ မှု များကြောင်း ကောင်းတစ်ချက်

မကောင်းတစ်ချက် အင်တာနက်လိုင်းကို

သုံးစွဲနေရင်းကနေ ပိုက်ဆံတွေ ခိုးယူခံနေရတုန်းပါပဲ...

နောက်ပိုင်း Ooredoo နှင့် Telenor ကဲ့သို့

နိုင်ငံခြား Telecom Service များ ၀င်ရောက်လာတဲ့အတွက်

အခြေအနေ ပိုမိုကောင်းမွန်လာလာမည်ဟုလဲ ယူဆမိပါသည်.....

နောက်တစ်ခုကတော့ Message App တွေပါပဲ

Video Chat နှင့် Free Call တွေ ဟာ

Share System တွေ ပါဝင်ပါတယ်...

ခုမှ စတင်သုံးပြီး မသိနားမလည်သေးတဲ့

User တစ်ချို့ဆိုရင် Share ကို ဖုန်းရဲ့

MPT Service ဖြစ်တဲ့ Message ကနေသာ

Share မိကြတယ်...

ဒီလိုမျိုး SMS တွေ ဆိုရင် မောင်သစ်ဆီ

ခဏခဏ ကို ၀င်နေပါတယ်

ဒီ APP သုံးချင်ရင် Download ဆွဲကြပါပေါ့

တစ်ယောက်ကို ၂၅ ကျပ်နှုန်းနဲ့

အယောက် ၁၀၀ များ ရှိခဲ့ရင်တော့...

သူ့ ပိုက်ဆံတွေ ပျောက်ပျောက်ကုန်တယ်ဆိုပြီး

Service ဆိုင် သို့မဟုတ် MPT ကို တိုင်ကြားမှာတော့

သေချာသလောက်ပါပဲ....

နောက်ဆုံး ပြောချင်တာကတော့ ဖြစ်နိုင်ရင်

အပိုအလို မသုံးပဲ ယိုပေါက်လေးတွေကို ဖာထေးပြီး

ဘယ်နေရာကနေ ဘယ်လိုကုန်နေသလဲ ဆိုတာကို

Mobile Phone အသုံးပြုသူ User များအား

သိရှိနားလည်စေချင်ပါတယ်....

မိမိ လိုအပ်သော အရာများနှင့်

ကိုက်ညီသော Mobile ဖုန်းများကို

ဝယ်ယူသုံးဆွဲရင်း စိတ်ချမ်းသာမှု

ရရှိကြပါစေ....

♪ Android ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်.

စမ်းသပ်သင့်သည့်ကုဒ်များ

ကျွန်တော်တို့ Android Phone တစ်လုံးကိုဝယ်တော့မယ်ဆိုရင် အများစုက ရုပ်ထွက်ကိုသာ အဓိက စမ်းသပ်ကြတာများပါတယ်ဒီလို Test လုပ်တာက Android Phone မှာတင်မှမ ဟုတ်ပါဘူးကွန်ပျူတာ ၀ယ်တဲ့ အခါမှာလည်း ရုပ်ထွက်ကိုပဲ အများစုကစမ်းသပ်ကြပါတယ်။ တစ်ကယ်တမ်းမှာက ရုပ်ထွက်ဆိုတာထက် အတွင်းပိုင်းက Hardware ပိုင်းတွေနဲ့ ၄င်းတို့ ကြံ့ခိုင်မှုကိုပါတစ်ခါတည်းစစ်ဆေးရမှာဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်တော့ ကွန်ပျူတာတွေမှာလို System Unit ဖွင့်ပီး Hardware Specification တွေကြည့်လို့ မရသလို Laptop မှာလည်း အောက်ကိုဖွင့်ပီး ကြည့်လို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Android Phone များဟာ ဖွင့်ဖောက်စစ်ဆေးဖို့ဆိုတာ မလွယ်ကူပါဘူး..ဒါကြောင့် ကျွန်တော်တို့က Dialing Pad ကနေပဲ Hardware Test တွေ Product Test တွေ System Test တွေကိုလုပ်  ဆောင်ရမှာဖြစ်ပါတယ်။အရင်ဆုံး ကျွန်တော်တို့စတင်စမ်းသပ်မယ့် Code ကတော့….

*#*0# ဖြစ်ပါတယ်။

ဘာကြောင့် ဒီကုဒ်ကိုစမ်းသပ်ရသလည်းဆိုတော့ ဒီ Code ထဲမှာပါတဲ့ Testing Mode တွေကတော့ Phone Screen ရဲ့ Colorပေါက်ထွက်မှုရှိမရှိတို့၊ Camera ကောင်းမွန်စွာအလုပ် လုပ်မလုပ်တို့ ၊ Sensor တွေ Touch တွေ ဖုန်းရဲ့စပီကာတွေတစ်ကယ်ကောင်းမွန်စွာအလုပ်လုပ်မလုပ်တို့ကိုစမ်းသပ်ရန်ဖြစ်ပါတယ်။

*#06#

သူ့ကိုကတော့ ကျွန်တော်တို့ IMEI Number ကိုစစ်ဖို့ဖြစ်ပါတယ်။အဲဒီ IMEI Number တွေနဲ့ ပတ်သက်ပီးတော့ နောက်ပိုင်း Postတွေမှာ အလျင်းသင့်လျှင်သင့်သလို ဖော်ပြပေးသွားပါမယ်။ အဲ… တစ်ခုပြောချင်တာက ၄င်း Code ကို စမ်းသပ်တဲ့အခါမှာတော့စုစုပေါင်း Code ၁၅လုံးဖော်ပြပေးပါလိမ့်မယ်။ ၄င်း ၁၅ လုံးထဲမှာမှ၇လုံးမြောက်နှင့် ၈လုံးမြောက်ကုဒ်ကို ကြည့်ပီး ယခုစမ်းသပ်နေသောဖုန်းရဲ့ Quality ကိုလည် ဘယ်နိုင်ငံထုတ်ပီး ဘယ်လောက် အရည်အသွေးကောင်းလည်းဆိုတာ သိရှိနိုင်ပါတယ်။ အကယ်လို့ ၄င်းကုဒ်ဖြင့် IMEI Number ကိုစစ်ကြည့်တဲ့အခါ ဂဏန်းအားလုံး သုညပြနေမယ်ဆိုရင်တော့ ၄င်းဖုန်းမှာ Firmware Error တစ်ခုခုရှိနေတယ်လို့ ဆိုရပါမယ်။

*#*#197328640#*#*
ဒီကုဒ်ကတော့ Intermediate Level အဆင့်ဖြစ်ပါတယ်။ သူ့ထဲမှာ ဖော်ပြမယ့်အကြောင်းအရာတွေ ကတော့ အောက်ပါပုံအတိုင်းဖြစ်ပီး သူ့ထဲမှာ Software Version တွေရဲ့ Information အကြောင်းတွေ Hardware Version တွေရဲ့ Information အကြောင်းတွေကိုတိကျစုံ လင်စွာဖော်ပြပေးထားတဲ့အပြင် မိမိစိတ်ကြိုက် StringTableValueတွေကိုလည်း ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ ၀င်ရောက်လေ့လာ ရုံလောက်ပဲစမ်းသပ်ပီး မည်သည့် တန်ဖိုး (Value) မှ ပြင်ဆင်ရေးသားထပ်တိုးခြင်းများလုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ အကယ်လို့ သင်ဟာ Phone Developer တစ်ဦးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး….

*#*#1234#*#* နှင့် *#*#0842#*#*

သူကတော့ PDA နဲ့ Firmware Version တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ သူ့ဆီမှာအသေးစိတ်ဖော်ပြပေး မယ့် ကုဒ်တွေကတော့ PDA Version ၊  PHONE Version ၊ CSC Version တွေကို တိကျစွာဖော်ပြပေး မှာဖြစ်ပါတယ်။ ဘာကြောင့် ဒီကုဒ်ကို အဓိကစစ်ရသလည်းဆိုတော့ အကယ်လို့ သင်ဟာ အကြောင်း တစ်စုံတစ်ရာကြောင့် သင့်ဖုန်းရဲ့ Firmware အား ထိခိုက်သွားတဲ့ အခါမှာ ၄င်းဖော်ပြထားတဲ့ ထဲမှာပါရှိသော Firmware Number ဖြင့် ပြန်လည်ဒေါင်းလုပ် လုပ်ယူပီး ပြုပြင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဒီကုဒ်ကတော့ ဖုန်း
ပြင်တဲ့ သူတွေအတွက် အဓိက အသုံးဝင်မှာပါ။

*#*#0842#*#*
ဆိုတာကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Back Light ရဲ့ အလင်းရောင်  အလင်းဆုံးဘယ်လောက် ရှိသလည်းဆိုတာရယ် ၄င်းဖုန်းအတွင်းမှ Vibrator RPM ဘယ်လောက်ရှိသလည်းဆိုတာကိုစမ်းသပ်ဖို့ပါ။

*#*#2664#*#*
သူကတော့ သင်စမ်းသပ်နေတဲ့ဖုန်းရဲ့ Touch Screen ကို ဘယ်လောက်ထိ Touch ကောင်းသည် မကောင်းသည်ကို စမ်းသပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုစမ်းသပ်ရသလည်းဆိုတော့တစ်ချို့ဖုန်းတွေမှာ Screen ရဲ့ ထောင့်နား လေးတွေဆိုရင် မမိ တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်စမ်းသပ်ရတာဖြစ်ပါ  တယ်။ ဒီနည်းကတော့ Single Touch Test ဖြစ်ပါတယ်။ အကယ်လို့ ဖုန်းအမျိုး အစားက 4.0 နှင့်အထက်ဆိုရင်တော့ ၄င်းဖုန်းရဲ့ System Setting ထဲကနေ တဆင့် About Phone ထဲကိုဝင်ပါ။ ထို့နောက် Android Version ဆိုတာကိုသုံးချက်လောက်ဆင့်နှိပ်လိုက်ပါတဲ့အခါမှာတော့ သင့် Android ဖုန်းရဲ့ Sceen ကို Multi Test စမ်းသပ်လို့ရပါမယ်။

 *#*#7780#*#* နှင့် *2767*3855#

သူကတော့ အ၇မ်းအရေးကြီးသော Code ဖြစ်ပါတယ်။ ဒါကတော့ ၄င်းဖုန်း အား Factory Reset ချတဲ့ Code ဖြစ်သောကြောင့် ၄င်းကုဒ်ကိုစမ်းသပ်မယ် ဆိုရင်သတိထားရပါမယ်။ ဆိုင်က အသစ်ဆိုသော ဖုန်းအားသွားချမိရင်တော့ အရောင်း စာရေးနဲ့ စကားများမှာဖြစ်ပါတယ်။ လက်ရှိကိုင်နေတဲ့ဖုန်းကိုချမိ မယ်ဆိုရင်လည်း သင့်ဖုန်းထဲမှာမှတ်ထားသော Contact List တွေ၊ System Setting တွေ၊ Application တွေ၊ Google Account တွေ၊ Facebook Account  တွေအကုန်လုံးပျက်သွားမှာဖြစ်ပါတယ်။

*#*#4636#*#*

သူကတော့ ဖုန်းနဲ့ ပတ်သက်ပီး Information တော်တော်များများကိုသိနိုင်ပါတယ် ဆိုလိုတာက ဖုန်းရဲ့ Battery Information တွေ ၊ Phone Information တွေစတာတွေအပြင် ကျွန်တော်တို့ GSM ဖုန်းနဲ့ Network ချိတ်ထားသူတွေအတွက် Phone Information မှ WCDMA preferred ဆိုတာကိုရွေးပေး  ခြင်းဖြင့် GSM Phone ကို WCDMA Network Mode ဖြင့် Data Traffic သွားသောကြောင့် သင်က Mobile Network ကို Enable လုပ်လိုက်တာနဲ့ H ဆိုပီးတန်းတက်လာမှာပါ.. ယခု ကျွန်တော်လက်ရှိ GSM ဖုန်းကိုလည်း ထိုနည်းအတိုင်းသုံးနေပါတယ်။ ထိုသို့သုံးခြင်းဖြင့် သာမာန် GSM Phone ချင်းအတူတူတောင် Network Speedကို မြန်မာကျပ်ငွေ နှစ်ကျပ်တည်းဖြင့်WCDMAMode မြန်မာကျပ်ငွေ လေးကျပ်နှုန်းစာ လောက်ရှိသော Data Traffic ကိုရရှိနိုင်မှာဖြစ်ပါတယ်။

*#*#3264#*#*
သူကတော့ ဖုန်းရဲ့ RAM Version ကိုစစ်ဆေးဖို့ဖြစ်ပါတယ်။  ကဲအားလုံးပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အခုကျွန်တော်ဖော်ပြထားတဲ့ Code လေးတွေကိုတော့ဖြစ်နိုင်ရင် အလွတ်ကျက် ထားစေချင်ပါတယ်။ ဒါမှလည်း သင့်သူငယ်ချင်းသို့ မဟုတ် သင့် ပိုင်ရာဆိုင်ရာတွေအတွက် ဖုန်းလိုက် ၀ယ်ပေးတာတို့  ဘာတို့ဆိုရင်လည်း အလွယ်တကူဖြစ်နိုင်မယ်လေ။


Knowledge Note

SAMSUNG KOREA MODEL များတွင် Internet Error ဖြေရှင်းနည်း

SAMSUNG KOREA Model တွေမှာ Internet မဖွင့်ပဲ သူအလိုလိုပွင့်တာတွေကိုရှင်းတဲ့နည်းလေးပါ…တချို့Modelတွေက Power ပိတ်လိုက်တာတို့ Restart ကျသွားတဲ့အချိန်တွေမှာ Power ပြန်တက်လာရင် Internet က သူ့အလိုလိုပွင့်နေတက်ပါတယ် တချို့Model တွေကျတော့ ဒီအတိုင်းကိုပွင့်နေတက်တာပါ… လွယ်ပါတယ်… Phone Key (Dialer) ကနေ 319712358 ဟုရိုက်လိုက်ပါ။ Password တောင်းပါက 774632 (သို့) 996412 (သို့) 110821 ဟုရိုက်ထည့်လိုက်ပါက.. Menu တစ်ခုတက်လာပါမည်။ ၄င်း Menu ထဲမှ Network Setting ကိုဝင်ပါ Network mode မှတဆင့် GSM 900 ကိုရွေးပြီး Home Key နဲ့ပြန်ထွက်လိုက်ရင် အားလုံးအဆင်ပြေသွားပါပြီ….. (y) […]

♪ Android Phone မှာ အင်တာနက် အမြန်နှုန်းမြှင့်ပေးမယ့် Apps များ

အင်တာနက်မှ ဒေတာများကို ချုံ့ပေးနိုင်တဲ့ Apps များရှိပါတယ်။ အဲဒီ App များက သင်နဲ့ အင်တာနက်ကြားမှာ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒေတာများကို ချုံ့လိုက်တဲ့အတွက် ဒေါင်းလုပ်ပြုလုပ်ရတာ ပိုမို မြန်ဆန်လာမှာပါ။ ဒေါင်းလုပ်ပြုလုပ်တယ်ဆိုရာမှာ ဘရောက်စာကနေ Web Page တွေကြည့်တာ၊ Facebook လို Internet App များသုံးတာကို ဆိုလိုပါတယ်။ အင်တာနက်ကို ဒေတာပမာဏနဲ့ အသုံးပြုနေရသူများအတွက်လည်း အကျိုးကျေးဇူးရှိစေမှာပါ။

အလုပ်လုပ်ပုံ
--------------
ဒေတာများကို ချုံ့ပေးနိုင်တဲ့ App များက သူတို့ရဲ့ Third-Party Server များကို အသုံးပြုကြတာပါ။ ဥပမာ အားဖြင့် facebook.com ကို ဘရောက်စာကနေ ဖွင့်ကြည်တယ်ဆိုပါစို့။ ဒါဆိုရင် သင် က Facebook ရဲ့ ဆာဗာတွေကို တိုက်ရိုက်ဆက်သွယ်တာဖြစ်ပြီး Facebook က သင့်ထံ ဒေတာများ ပေးပို့မှာဖြစ်ပါတယ်။ ဒေတာများကို ချုံ့ပေးတဲ့ Apps များကို အသုံးပြုရင် သင်ဟာ Third-Party Server ကို အရင်ဆက်သွယ်မှာပါ။ Third-Party Server က Facebook ကို ဆက်သွယ်ပြီး ဒေတာများကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ပြီးရင် ဒေတာများကို ချုံ့ပြီး သင့်ထံ ပို့ဆောင်ပေးမှာပါ။ ဒေတာများကို ချုံ့ပေးတဲ့ App များဟာ ဘရောက်စာကနေ ၀က်ဆိုက်များ ကြည့်တဲ့ အခါမှာသာ ဒေတာများကို ချုံ့ပေးနိုင်တာမဟုတ်ဘဲ အခြား Apps များအတွက်လည်း ဒေတာများကို ချုံ့ပေးနိုင်ပါတယ်။

Opera Max
--------------
Opera Max က အင်တာနက် ချိတ်ဆက်မိတာနဲ့ သင့် ဖုန်းမှ Apps အားလုံးအတွက် ဒေတာများကို Encrypt လုပ်ပေးမှာပါ။ ဒေတာများကို Opera ရဲ့ ဆာဗာများဆီကနေ ချုံ့ပေးပြီး သင့်ထံ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Opera Max က ဓါတ်ပုံ၊ Web Pages နဲ့ အခြား ဒေတာအမျိုးအစားများအပြင် ဗီဒီယိုများကိုပါ ချုံ့ပေးနိုင်တဲ့အတွက် အင်တာနက် ကွန်နက်ရှင် နှေးသူများတောင် ဗီဒီယိုများ ကြည့်နိုင်မှာပါ။ ဒါ့အပြင် Apps များရဲ့ ဒေတာ အသုံးပြုမှုကို ပြသပေးပြီး အင်တာနက် အသုံးပြုခွင့်မပေးချင်တဲ့ App ကို Block လုပ်ထားနိုင်ပါတယ်။
Opera Max ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် တစ်ခါတစ်လေမှာ ကြော်ညာများကို မြင်တွေ့ရမှာပါ။


Onavo Extend
------------------
Onavo Extend က နောက်ထပ် ဒေတာများ ချုံ့ပေးနိုင်တဲ့ App တစ်ခုပါ။ သူကလည်း သင့်ဖုန်းမှ App အားလုံးအတွက် ဒေတာများ ချုံ့ပေးနိုင်ပါတယ်။ သူဟာ Opera Max ထက် အလွန်စောစွာ ထွက်ရှိခဲ့တာပါ။ တစ်ခုရှိတာက Onavo Extend ဟာ Opera Max လို ဗီဒီယိုများကို ချုံ့ပေးနိုင်ခြင်း မရှိပါဘူး။ ဗီဒီယိုများကို နှစ်သက်သူဆိုရင် Opera Max ကို သုံးပါ။
Onavo ကို သင်ကြားဖူးမှာ မဟုတ်ပေမယ့် သူ့ရဲ့ ကုမ္ပဏီကိုတော့ သင်ကောင်းကောင်းသိမှာပါ။ အဲဒါကတော့ Facebook ပါပဲ။ Facebook က Onavo ကို ၂၀၁၃ ခုနှစ်မှာ ၀ယ်ယူခဲ့တာပါ။


Chrome ရဲ့ ဒေတာများကို ချုံ့ပေးနိုင်တဲ့ စွမ်းဆောင်ချက်ကို အသုံးပြုခြင်း
-------------------------------------------------------------------------------
Google မှာ သူ့ရဲ့ ကိုယ်ပိုင် ဒေတာချုံ့ပေးတဲ့ နည်းပညာရှိပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှ Apps အားလုံးအတွက် ဒေတာများကို ချုံ့ပေးနိုင်ခြင်း မရှိဘဲ Chrome Browser မှာသာ အဲဒီ စွမ်းဆောင်ချက်ပါရှိတာပါ။ အဲဒီအတွက် Chrome Browser ကနေ ၀က်ဆိုက်များ ကြည့်တဲ့ အချိန်မှာသာ ဒေတာများကို ချုံ့ပေးမှာဖြစ်ပါတယ်။
Apps များကို မသုံးဘဲ ၀က်ဆိုက်များကိုသာ လျှင်မြန်စွာ ကြည့်ချင်သူများအတွက် Chrome က ရွေးချယ်စရာတစ်ခုပါ။ Chrome App ကို ဖွင့်ပြီး Menu ကို နှိပ်ပါ။ Settings ကို နှိပ်ပြီး Bandwidth management ကဏ္ဍကို သွားပါ။ အဲဒီမှာ Reduce data usage feature ကို Enable လုပ်ပါ။


Opera & Opera Mini ရဲ့ Off-Road Mode ကို အသုံးပြခြင်း
--------------------------------------------------------------------
Opera နဲ့ Opera Mini ဘရောက်စာ နှစ်ခုစလုံးမှာ ဒေတာများကို ချုံ့ပေးနိုင်တဲ့ Off-Road Mode ပါရှိပါတယ်။ သူတို့ကလည်း Chrome လိုပဲ အခြား App များအတွက် အလုပ်မလုပ်ပေးပါဘူး။ ဘရောက်စာကနေ ကြည့်ရှုတဲ့ ၀က်ဆိုက်များရဲ့ ဒေတာများကိုသာ ချုံ့ပေးနိုင်တာပါ။ သူတို့ဟာ Opera Max မတိုင်ခင်က ထွက်ရှိထားတာပါ။ Windows, Mac, Linux စတာတွေ အတွက် ဖြန့်ချီပေးထားတဲ့ Opera ဘရောက်စာတိုင်းမှာ Off-Road Mode ပါရှိပါတယ်။ အဲဒီအတွက် ကွန်ပြူတာကနေ Opera ကို သုံးရင်လည်း ဒေတာများကို ချုံ့ပေးနိုင်ပါတယ်။
အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုဖို့ O Button ကို နှိပ်ပြီး Off-Road Mode ကို Enable လုပ်ပေးပါ။ နှေးကွေးတဲ့ ဖုန်းတွေအတွက် ဒီဇိုင်း လုပ်ပေးထားတဲ့ Opera Mini မှာလည်း ဒီနည်းနဲ့ Off-Road Mode ကို သုံးနိုင်ပါတယ်။ Opera Mini မှာ ချုံ့ထားတဲ့ ဒေတာပမာဏကို သိချင်ရင် Menu Button ကို နှိပ်ပြီး Help>Data Usage မှာ ကြည့်နိုင်ပါတယ်။


Android Phone များမှာ မိုဘိုင်းဒေတာ အသုံးပြုမှုကို Data Usage Screen မှာ ကြည့်နိုင်ပါတယ်။ Settings App ကို ဖွင့်ပြီး Data Usage ကို နှိပ်ပါ။ အဲဒီမှာ App တစ်ခုချင်းစီရဲ့ ဒေတာအသုံးပြုမှု ပမာဏနဲ့ အချိန်များကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ကွယ်မှာ ဒေတာ အသုံးပြုခွင့်မပေးချင်တဲ့ App ကို Block လုပ်ထားနိုင်ပါတယ်။

အင်တာနက် ကွန်နက်ရှင်နှေးကွေးသူများအတွက် အပေါ်မှာ ဖော်ပြထားတဲ့ Android App များက ကူညီပေးနိုင်ပါတယ်။ စာဖတ်သူရဲ့ အသုံးပြုပုံအပေါ်မူတည်ပြီး App များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Myanmar Digital Life Journal

Monday, June 20, 2011

နှလုံးသားအချစ်နဲ့ ပီကေကြိုက်တဲ့ကောင်မလေးရဲ့အကြောင်း

နှလုံးသားဆိုတာ လူ့ခန္ဓာ တစ်ခုလုံးရဲ့ နူးညံ့ သိမ်မွေ့ဆုံး အရာလို့ နားလည်ခဲ့တယ်။ အသက် ရှင်သန်ဖို့ သက်သက် မဟုတ်ဘဲ မြတ်နိုးစွာ ခံစားတတ်ဖို့ ဆောင်ရွက်တာလည်း သူ့တာဝန်ပါပဲ။

နှလုံးသား တစ်ခုကို ပိုင်ဆိုင် ထားကြသူတိုင်း သူ့ရဲ့ စေညွှန်ရာ အချစ် မွေးဖွားခြင်းကို တစ်ချိန်ချိန် တွေ့ထိ ခံစားဖူးကြမှာပါ။ ကျွန်တော်ကတော့ သူ့ရဲ့စေညွှန်ရာကို ပီပီပြင်ပြင် နာခံခဲ့ဖူးပါတယ်။ ကျွန်တော် အေးကို နင့်နင့်သည်းသည်း ချစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၁၅၊ ၁၆ ပေါ့။ ကျွန်တော်က ကိုးတန်း။ သူက ရှစ်တန်း။ တစ်ရွာတည်း ဖြစ်ပြီး နှစ်မိုင်လောက် ဝေးတဲ့ ကျောင်းကြီးကို စက်ဘီးနဲ့ အသွားအပြန် တက်ကြရင်း သံယောဇဉ်တွေ တွယ်ခဲ့ကြတာပါ။

ကျောင်းသွား၊ ကျောင်းပြန် စက်ဘီး စီးရင်း စကား ပြောရတာတွေ၊ ထမင်းအတူ ၀ိုင်းဖွဲ့ စားရတာတွေ မိုးရွာထဲ အပူအပင်မဲ့ လမ်းလျှောက်ခဲ့ ရတာတွေဟာ အချစ်ကြိုးရဲ့ တုန်ခါမှု အစတွေပေါ့။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ရှေ့မှ မဖွင့် ဖြစ်ခဲ့ဘူး။ အဲဒီအချိန်က ဖွင့်ပြောဖို့ထက် အများ သိမှာကိုပဲ စိုးနေရတာပါ။ သူနဲ့ စကားပြောရင်လည်း သူ့မျက်ဝန်းဝိုင်းတွေကို
ဘယ်တော့မှ ရင်မဆိုင်ရဲခဲ့ဘူး။ ညအိပ်ရာထဲ ရောက်မှ တစ်ယောက်တည်း စိတ်ရှိ လက်ရှိ အုံ့ပုန်း ချစ်နေရတဲ့ အဖြစ်ပါ။ ဒီလိုနဲ့ သူ တက္ကသိုလ် ၀င်တန်း ဖြေပြီးတဲ့ နွေရာသီ တစ်နေ့မှာတော့ အနှစ်နှစ် အလလက မြိုသိပ်ခဲ့ ရတဲ့ အချစ်တွေကို သူ့ရှေ့ဖွင့်ဟဖြစ်ခဲ့တယ်။ အဲဒီနေ့က သူ ရန်ကုန်မှာ စက်ချုပ်သင်တန်း တက်ဖို့ ကျွန်တော့်ဆီလာ နှုတ်ဆက်တဲ့ နေ့ပါ။ မှတ်မှတ် ရရ အိမ်ရှေ့မန်ကျည်းပင် အောက်က ကွပ်ပျစ်လေးမှာ ထိုင်ရင်း စာဖတ်နေတုန်း ဖက် ဖူးရောင် ၀တ်စုံလေးနဲ့ သူ ရောက်လာတာ။

“ကိုခန့်၊ အေး ရန်ကုန် စက်ချုပ် သင်တန်း သွားတက်မလို့ လာနှုတ်ဆက်တာ”

သူပြောတော့ ငေးမော အံ့သြ မင်သက်မိရင်း သူ့ကို ကြည့်မိလိုက်တယ်။ အဲဒီတုန်းက နှလုံးခုန်သံကို အခု ထိ မှတ်မိနေသေးတယ်။ ရင်ထဲမှာ ဗလောင် ဆူနေလိုက် တာများ သဲသောင်ပြင်ပေါ်က ငါးတစ်ကောင်လိုပဲ ဖျပ်ဖျပ်ကို လူးလို့။ လည်ချောင်း ထဲလည်း အလုံးကြီး ဆို့ပြီး ဘာစကားမှ မပြောနိုင်ဘူး။ မျက်ရည်တွေသာ ဘယ်လိုဝဲ လာမှန်းမသိ။
ဘ၀မှာ နှလုံးသားရဲ့ စေ့ဆော်မှုကြောင့် ပထမဆုံး ဝေ့ခဲ့ရ မျက်ရည်မို့ ပြန်တွေးတိုင်း အမှတ်ရနေတယ်။ သူ ပြုံးပြီး ကြည့်နေစဉ်မှာပဲ ရင်ထဲက စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောဖြစ်ခဲ့တယ်။ တိတိကျကျ မမှတ်မိတော့ပေမယ့် “သိပ်ချစ်တယ်”ဆိုတဲ့ စကားကိုတော့ မှတ်မိနေဆဲပဲ။

ဘ၀မှာ အေးကို ပထမဆုံး ချစ်ခဲ့တာပါ။ နောက်ဆုံး အချစ်လို့လည်း ယုံကြည်ခဲ့တယ်။(အဲဒီ အချိန်ကပေါ့။) သူ ရန်ကုန်မှာ ရှိနေတဲ့ ကာလတွေဟာ ကျွန်တော့်အတွက် လောက ငရဲပါပဲ။ မစားနိုင်၊ မအိပ်နိုင်နဲ့ အချစ် ဒုက္ခရဲ့ ဝေဒနာကို အသေအချာ သိခဲ့ရတယ်။

အဝေးပြေးကားတွေ ၀င်လာတိုင်း သူပါမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြေး ကြည့်ခဲ့ရတာလည်း နံနက် တိုင်းလိုလိုပါပဲ။ အမေ မေးရင် စောစောထပြီး လမ်း လျှောက်ကြည့်တာပါလို့ ဖြေတတ်ခဲ့တယ်။ မခိုင်လုံမှန်းသိ ပေမယ့် အမှန်အတိုင်း ၀န်ခံဖို့ မ၀ံ့ခဲ့ဘူး။

ဒီလိုနဲ့ပဲ တစ်ယောက် တည်း ကြိတ်လွမ်းခဲ့ရတယ်။ သူနဲ့အတူ လျှောက်ခဲ့တဲ့ လမ်းတွေကို ကြည့်ရင်း လွမ်းတယ်။ သူနဲ့အတူ ထိုင်ဖြစ်ခဲ့တဲ့ ကုက္ကိုပင် အောက်က ခုံတန်းပြာလေးကို မြင်လည်း လွမ်းတယ်။ အဲဒီ အချိန်တုန်းက ရင်ထဲမှာ အလွမ်းတွေ ဖွဲ့ သီနေတာမို့ အရာရာတိုင်းဟာ လွမ်းစရာတွေချည်းပါပဲ။

လွမ်းဆွတ်တမ်းတ ခြင်းရဲ့ အဆုံးစွန်မှာ သူ့ဆီ လိုက်သွားဖို့ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘ၀နဲ့ဆန္ဒရဲ့ အားပြိုင်မှုကြားမှာ ကျွန်တော် ရှုံးခဲ့တယ်။ ဘ၀က စိတ်ကူးယဉ် ကဗျာ တစ်ပုဒ်လောက် ဖတ်ချင်စရာ မဖြစ်ခဲ့ဘူး။
စာတိုက်မရှိ၊ တယ်လီဖုန်း မရှိတဲ့ မိုင်ထောင်ချီရွာ လေးကပဲ သူ့ကိုလွမ်းရင်း အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့် အသက် ၁၈ နှစ်ပါ။

သူ ပြန်လာတဲ့နေ့ဟာ ဘ၀ရဲ့ ပျော်စရာ နေ့ထဲက အပျော်ရဆုံး တစ်နေ့အဖြစ် ဘ၀ စာမျက်နှာမှာ မှတ်တမ်း တင်နိုင်ခဲ့တယ်။ သူပြန်လာပြီး မကြာခင်ပဲ ငတ်မွတ် တမ်းတခဲ့တဲ့ သူ့ချစ် မေတ္တာကို ရရှိ ပိုင်ဆိုင်ခဲ့တယ်။ အဲဒီ အချိန်ကတော့ ဘ၀မှာ အရာရာ ပြည့်စုံသွားပြီလို့ကို ထင် မိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့် အထင်ဟာ မှား ယွင်းမှု တစ်ခုသာ ဖြစ်ခဲ့ပါ တယ်။

အေးနဲ့ ချစ်သူဖြစ်ပြီး ၃ နှစ်တာ ကာလကို ကျော်ဖြတ် ခဲ့ကြတယ်။ “ကြာလေလေ၊ ခိုင်မြဲလေလေ” ဆိုတဲ့ စကား ဟာ ကျွန်တော့် အတွက်တော့ ဟာသပါပဲ။ နှစ်တွေ ကြာလာလေ စိတ်ခံစားမှု အေးခဲလာလေမို့ ကိုယ့်ဘာသာ အံ့သြခဲ့ရတယ်။
အချစ်ဆိုတာ ပင်လယ် ကမ်းခြေက ခရုကောက် သလိုပဲဆိုတဲ့ စကားကို အဲဒီ ကတည်းက ကျွန်တော် လက်ခံ ဖြစ်ခဲ့တာပါ။ကျွန်တော့်ဘ၀ ကမ်းခြေတစ်လျှောက် ခရုလှလှလေးတွေ ထပ်တွေ့ လာတဲ့အခါ လက်ထဲ ကောက်မိခဲ့တဲ့ ခရုလေးကို လွှတ်ချဖြစ်ခဲ့တယ်။

ရက်စက်ရာ၊ သစ္စာမဲ့ရာ ရောက်ခဲ့ပေမယ့် ကိုယ့်ဆန္ဒသာ ရှေ့တန်းတင်ဖြစ်ခဲ့တဲ့ အတ္တသမား တစ်ယောက်မှာ ကျူးလွန်ခဲ့တဲ့ အမှားအတွက် နောင်တဆိုတာ မရှိခဲ့ဘူး။ နောက်ခရုလေးရှေ့မှာ
“ဖြူ့ကို အရမ်းချစ် တယ်ကွာ”
လို့ ပြောမိတဲ့ စကား အတွက်လည်း ကိုယ့်ဘာသာ လိပ်ပြာသန့်တယ်။ တကယ်လည်း ချစ်ခဲ့တာကိုး။ (ကျွန် တော်ထင်တာလည်း ဖြစ်နိုင် ပါတယ်။)

ဖြူက ကျွန်တော့်ကို ကြည့်ရင်း ပြုံးတယ်။ သူ့ အပြုံးရဲ့ အဓိပ္ပာယ်ကို မသိပေမယ့် ရင်တစ်ခုလုံး တုန်ယင် လှိုက်မောပြီး တလှပ်လှပ်ဖြစ်ခဲ့ရတယ်။ အဲဒီအပြုံးလေး တွေကိုပဲ တမြတ်တနိုး ကောက်ချင်ခဲ့တဲ့ ကာလပေါ့။ အဲဒီ အချိန်က ကျွန်တော့် အသက် ၂၂ နှစ်။ ဆယ်ကျော်သက် မဟုတ်လို့ ရင်ခုန် လှိုက်မောစရာ မကောင်းဘူးဆိုရင် ကျွန်တော် အဲဒီအဆို ငြင်းချင်ပါတယ်။ ကျွန်တော့် ရင်ခုန်မှုက ပထမဆုံး အေးရဲ့ အဖြေကို ရစဉ်တုန်းက အတိုင်းပါပဲ။ သေချာ စဉ်းစားကြည့်ရင် ဒီ တစ်ခါ ရင်ခုန်မှုက ပိုပြီး သစ်လွင်သလိုတောင် ခံစားရတယ်။

ဖြူ့အဖြေကို ရပုံက လည်း အတော်ပဟေဠိဆန် နေတာကိုး။ ဖြူက ကျွန်တော့်လို စာရေး၊ စာဖတ် ၀ါသနာပါ တယ်။ အိမ်မှာ အချိန်ရတိုင်း ကျွန်တော် ရှိနေတဲ့ စာကြည့် တိုက်လေးကို စာလာဖတ်လေ့ ရှိတယ်။ ဖြူက ဒီနယ် သားမဟုတ်ဘူး။ တစ်နယ်က ပြောင်းလာကြတာပါ။

စာပေကို အရင်းခံပြီး ကျွန်တော်တို့ ရင်းနှီးခဲ့ကြတယ်။ ဖတ်ပြီးသား စာအုပ်တွေကို ဝေဖန်ကြတယ်။ ဆွေးနွေးကြတယ်။ တစ်ခါ တစ်ရံ အယူအဆချင်းတွေ ထိပ်တိုက်တွေ့ပြီး သီအိုရီတွေကို ငြင်းခုန်ဖြစ်ကြတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့် ရင်ထဲ သူရောက်လာတယ်။ ဒါပေမယ့် အချိန်တော်တော်ကြာ သိမ်းထားဖြစ်ပါသေး တယ်။ နောက်မှ ရင်ထဲက စကားတွေကို သူ့ရှေ့ဖွင့်ဖြစ်လိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့က စာကြည့်တိုက်မှာ သူနဲ့ကျွန်တော်ကလွဲပြီး ဘယ်သူမှ ရှိမနေဘူး။ ကျွန်တော် ပြောခဲ့သမျှ စကားလုံးတိုင်းကို မမှတ်မိတော့ပေမယ့် “ဖြူ့ကို အရမ်း ချစ်တယ်ကွာ” ဆိုတဲ့ စကားလေးတော့ အခုထိ မှတ်မိနေပါသေးတယ်။

ဖြူ့ကို ချစ်ခွန်း သီပြီးတဲ့ နောက် သူ ကျွန်တော့်အပေါ် ခပ်တန်းတန်း ဖြစ်သွားတယ်။ အရင်လို စာကြည့်တိုက်ကို အားတဲ့ အချိန်တိုင်း မလာတော့ဘူး။ လာရင်လည်း စကားပြော နည်းပြီး မျက်နှာထားကြီး တင်းနေတယ်။ ကျွန်တော် စကားခေါ် ရင်လည်း မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။ စာအုပ် အကြောင်းလည်း မပြောတော့ဘူး။ စာအုပ် ငှားပြီးရင်လည်း ချက် ချင်းပြန်တယ်။

ကျွန်တော့်ကိုလည်း အကြောင်း မပြန်ဘူး။ သုံးလေးကြိမ်လောက် ကျွန်တော် နားပူသေးတယ်။ သူက ပုံမှန် ပဲ။ကြာလာတော့ ကျွန်တော် စိတ်ပျက်လာတယ်။ စိတ်ရဲ့ ကျက်စားရာ စာပေကလည်း ရှိနေတာမို့ ဒီဘက်ကိုလျှော့ပြီး အရင် အတိုင်းပဲ နေဖြစ်လိုက်တယ်။ အဲဒီကျမှ သူကလည်း အရင်အတိုင်း ပြန်ဖြစ်လာတာလေ။ ဖြူ့ကိုကြည့်ပြီး မိန်းကလေးတွေရဲ့ သဘာဝကို တီးခေါက်မိသလို ဖြစ်ခဲ့တယ်။

ဖြူ့ကို ရင်ဖွင့်ပြီး သူ့ဆီက တုံ့ပြန်လာမယ့် အဖြေကို ရဖို့ နေ့ရောညရော ကျွန်တော် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အရာ မထင်ခဲ့ဘူး။ သူက တင်းလို့ ကျွန်တော်လက် လျှော့သလို လုပ်ပြီး ဘာသာ နေတော့မှ သူကတစ်ခါ ပြန် ၀ဲလာတယ်။
အဲဒီကတည်းကပဲ ဆိုပါတော့။ “ချစ်သူတစ်ယောက် ရဖို့ဆိုရင် စွန်လွှတ် ကျွမ်းရမယ်”ဆိုတဲ့ စကားလေးကို ကျွန်တော် လက်ခံ ဖြစ်ခဲ့တာလေ။ ဖြူ ကျွန်တော့်ကို အဖြေ ပေးပုံကလည်း အတော် ကဗျာဆန်ပါတယ်။

မှတ်မှတ်ရရ၊ အဲဒီနေ့ ကျွန်တော် မြို့ကို စာမူလာ ထည့်ဖို့ ဆိုင်ကယ်လေး သနေစဉ်ပဲ သူရောက်လာတာ။ အရင်နေ့ကတော့ ကျွန်တော် စာမူသွားထည့်မယ့် အကြောင်း ပြောပြီး ထည့်စရာရှိရင် အဆင်သင့် လုပ်ပြီး လာပေးဖို့ မှာထားတာပါ။
(ကျွန်တော်တို့ဒေသက စာတိုက်နဲ့ ဝေးတာမို့ စာမူ ထည့်ရင် အခုလို တကူးတက သွားထည့်ရမှ ရောက် တာပါ။ မဟုတ်ရင် စာမူတစ် ပုဒ်တိုက်ကို ရောက်ဖို့ဆိုတာ ဒုလ္လဘ တစ်ခုလို ခက်တယ်။ ဒါကြောင့် ၀ါသနာတူချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ သူ့ စာမူကို ကျွန်တော် ယူသွားပေးဖို့ ပြောခဲ့တာပါ။)

မနက်မှာ စာအိတ် ၂ အိတ်ကိုင်ပြီး သူရောက်လာတယ်။ ကျွန်တော်က ပုံမှန်ပါ ပဲ။ သူ့ကိုတစ်ချက် ငဲ့ကြည့် တော့ ၀င်းဖန့်ဖန့် အပြုံး တစ်ပွင့်ကို မြင်ရတယ်။ ရင်တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွား တာပဲ။ သူ့မျက်နှာမှာ ဒီအပြုံး မမြင်ရတာ ကြာပြီလေ။ ကျွန်တော် လှုပ်လှုပ်ရှားဖြစ် နေစဉ်မှာပဲ
“ကိုခန့်၊ ဒါက ဖြူထည့် နေကျ မဂ္ဂဇင်းတိုက်ကိုနော်”

စာအိတ်တစ်အိတ် ကမ်းပေးတယ်။ ကျွန်တော် လှမ်းယူလိုက်စဉ်ပဲ နောက် တစ်အိတ် ထပ်ပေးတယ်။
“ဒါကတော့ ဖြူ့ဘ၀ မှာ တစ်ခါမှ မပို့ဖြစ်သေးတဲ့ မဂ္ဂဇင်းတိုက်ပဲ ဆိုပါတော့။ တစ်ခါမှ မပို့ရသေးတော့ ရင် လည်းခုန်တယ်။ အဲဒါ ကိုခန့်ပဲ စစ်ပြီး ထည့်ခဲ့ပေါ့”

ပြောပြီး သူပြေးထွက်သွားတယ်။ ကျွန်တော့် လက်ထဲမှာ စာအိတ်လေးက ပွင့် လျက်သား။ “ကိုခန့် စစ်ပြီးမှ ထည့်”လို့ သူခွင့် ပေးထားခဲ့တာမို့ အထဲက စာရွက်လေးကို ထုတ်ဖြစ်လိုက်တယ်။
မင်သက် အံ့သြ၊ ၀မ်းသာ။ ခံစားမှုအစုံပဲ။ ရင်တစ်ခုလုံး ဘောင်ဘင်ခတ် သွားတယ်။ ပန်းရောင်စာ ရွက်လေးမှာ သူရေးထားတာ စာလေး တစ်ကြောင်းတည်း။
“ဖြူ့နှလုံးသားက အစ်ကို့ အချစ်ဆောင်းမှာ ခိုက်ခိုက်တုန် ချမ်းခဲ့တာပါ”တဲ့။

ဖြူနဲ့ကျွန်တော် ချစ်သူဘ၀ ရောက်ခဲ့ကြတယ်။ စဉ်းစားကြည့်ရင် ၀ါသနာတူ၊ ရည်ရွယ်ချက် တူကြသူတွေမို့ ပျော်စရာပဲလို့ ထင်စရာပေါ့။ ဒါပေမယ့် ကျွန်တော် မပျော်ဖြစ်ဘူး။ ဘာကြောင့်လို့လည်း နားမလည်ဘူး။ ဖြူနဲ့ချစ်သူ ဖြစ်ပြီး တစ်နှစ်ကျော်လောက်မှာပဲ လမ်းခွဲဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့ ချစ်သူတွေ ဖြစ်ခဲ့တာ ၀တ္ထု ဆန်ခဲ့သလို လမ်းခွဲတော့လည်း ၀တ္ထုဆန် ဆန်ပါပဲ။ နှစ်ဦးသား သဘော မတိုက်ဆိုင်ပါသဖြင့် ဆိုတဲ့ စကားလေးနဲ့ ပွဲသိမ်းနိုင်ခဲ့ပါ တယ်။ ဒုတိယမြောက် ချစ်သူနဲ့ လမ်းခွဲခြင်းဟာ ကျွန်တော့် အတွက် ပီကေ၀ါးသလောက် ပါပဲ။

အဲဒီတုန်းက ကျွန်တော့် အသက် ၂၅ နှစ်ပါ။ ချစ်သူနှစ်ယောက်နဲ့ လမ်းခွဲပြီး ၂၅ ဆိုတဲ့ အရွယ်ဟာ စာမျက်နှာပေါ်ဖြတ်သန်း ဖို့ သင့်တင့်တဲ့ အရွယ်ပါ။ ကျွန်တော့် ၀တ္ထုတွေ စာမျက် နှာပေါ် မြင်လာရတဲ့ အခါ ချစ်သူတစ်ယောက် ရခြင်း ထက် ပိုပျော်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ခရုကောက်တမ်း ကစားရတာ ၀ါသနာ ပါလာတယ်။ ခရုလေးတွေ ကောက် ပြီး ပြန်လွှတ်ရတာ ဘယ် ခံစားမှုနဲ့မှ မတူဘူး။ ခရုလေးတွေ ကောက်ရင်း၊ လွှတ်ရင်းနဲ့ပဲ ဘ၀ရဲ့ နောက်ဆုံး ခရုလေးကို တွေ့ခဲ့ရတယ် ဆိုပါတော့။ အဲဒီတုန်း က ကျွန်တော့်အသက် ၃၅ ပါ။ နောက်ဆုံး တွေ့ခဲ့တဲ့ ခရု လေးမို့ အခုထိ မှတ်မိနေတယ်။ အမှတ်ရစေတွေ ကလည်း ဖြစ်ခဲ့ရတာကိုး။


သူ့နာမည်က ဖူးဖူးခိုင်တဲ့။ တစ်အိမ်လုံးက ဖူးဖူးလို့ ခေါ်ကြတယ်။ သူဘယ်ကမှန်း ကျွန်တော် သေချာမသိပါ ဘူး။ ရန်ကုန်က အေးတို့ အိမ်ကို အလည်လာတဲ့ အေးတို့ အမျိုးဆိုတာပဲ သိတယ်။ အသက်ကတော့ ခပ်ငယ်ငယ်ပါ။ ၁၇၊ ၁၈ လောက်ပဲရှိမယ်။ ရန်ကုန်သူ ဆိုတော့ သိတဲ့အတိုင်း ပြောတာ ဆိုတာကအစ သွက်တယ်။ ပြင်တာဆင်တာက စမတ်ကျတယ်။ သူ့အကျင့် တစ်ခုက အမြဲတမ်း ပီကေ၀ါး နေတတ်တာပဲ။

ပီကေတော့ အတော် ကြိုက်ပုံရတယ်။ သူ့ကို ဘယ်အချိန်ကြည့်ကြည့် ပါးစပ်ထဲမှာ ပီကေတစ်ခု အမြဲ ၀ါးနေတတ်တာချည်းပဲ။ ကောင်မလေးချောချော ဆိုရင် သဘော ကျတတ်တဲ့ ကျွန်တော့် ၀ါသနာ အတိုင်း သူ့ကိုလည်း သဘော ကျသွားတယ်။ နွားအို မြက်နုကြိုက်လို့ ပြောပြော၊ အမဲရိုးက ဟင်းအိုးနဲ့ မတန်လို့ဆိုဆို သဘောကျ တာတော့ အမှန်ပဲ။ ဒါကြောင့် သူ့နဲ့ ရင်းနှီးဖို့ ကြိုးစားဖြစ်တယ်။ ရန်ကုန်သူ ဆိုတော့ သူနဲ့ ရင်းနှီးဖို့ ကြိုးစားရတာ လွယ်ပါတယ်။ ခက်တာက ကျွန်တော့် ပထမဦးဆုံး ချစ်သူ အေးတို့အိမ်မှာ ရောက်နေတာ တစ်ခုပဲ။ ကျွန်တော့် အကြောင်းကို အေးက တစ်ဆင့် သူသိနေမှာ သေချာပါတယ်။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ သူနဲ့ရင်းနှီးပြီး အကောင်းဆုံးအခွင့်အရေးရတဲ့ အချိန်မှာ သူ့ကိုရင်ဖွင့်ဖို့ စိတ် ကူးဖြစ်တယ်။ အမြဲတမ်း ကြံစည် ကြိုးစားနေသူ အတွက် အခွင့်အရေးကလည်း သိပ် တော့မရှားပါဘူး။

အဲဒီနေ့က သူရွာဦး စေတီမှာ ပန်းတွေလှူပြီး ကုက္ကိုပင်ကြီး အောက်က ခုံ တန်းပြာလေးမှာ ထိုင်နေတာ ပါ။ ကျွန်တော် သူ့ဆီသွားတော့ အပြုံးနဲ့ကြိုတယ်။ ဒီအပြုံးက ကျွန်တော့် လည်ပင်းကို စွပ်မယ့်ကြိုးမှန်း မသိခဲ့ဘူး။ အဲဒီတုန်းက ကျွန်တော့် စကားကို ငံ့လင့်နေတဲ့ အပြုံးလို့ မှားယွင်းစွာ ထင်ခဲ့မိပါ တယ်။ အဲဒီအထင်နဲ့ပဲ “ဖူးဖူး ကို သိပ်ချစ်တယ်”လို့ ဖွင့် ပြောဖြစ်ခဲ့တာပါ။

ကျွန်တော့်စကား ကြား လိုက်တာနဲ့ ထိပ်ပုတ်ခံလိုက် ရတဲ့ မြွေဟောက်တစ်ကောင် လို ရှူးခနဲ သူထရပ်လိုက် တယ်။ ပြီးတော့ စိမ်းစိမ်းကြီး ကြည့်တယ်။ မိန်းကလေး တစ်ယောက်ရဲ့ အကြည့် စူးစူးကြောင့် အတိုင်းအဆ မရှိ ကြောက်ခဲ့ရတာ အဲဒီအချိန် ပထမဆုံးပဲ။

“ရှင် ဘာစကား ပြောတာလဲ။ ရှင်ခြွေတိုင်း ကြွေမယ့် မိန်းကလေးတွေထဲမှာ ကျွန်မ မပါဘူး”

ဖြန်း
“မမအေးရဲ့ အချစ်ကို သစ်စိမ်းချိုးခဲ့တဲ့ အတွက်”

ဖြန်း
“ကိုယ့်နှမ အရွယ်လေးကို မစာမနာ စော်ကားတဲ့ အတွက်”

ပါးပြင်နှစ်ဖက်ကို အမှတ်တမဲ့ စမ်းဖြစ်လိုက်တယ်။ ကြာတော့လည်း ကြာခဲ့ပါပြီ။ အသက် ၄၀ ကျော်ခဲ့ပြီဆိုတော့ ဒီအဖြစ် အပျက်လေးဟာ ဆယ်စုနှစ် နီးပါးကြာခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးတိုင်း အမှတ်ရနေတယ်။ အဲဒီကတည်းက ကျွန်တော့် နှလုံးသားဟာ အသက် ရှင်သန်ဖို့ တာဝန် တစ်ခုပဲ ထမ်းဆောင်ပါတော့တယ်။ အချစ်အတွက် နှလုံးသားရဲ့ ခံစားမှုဆိုတာ မရှိတော့ဘူး။ ကောင်မလေးတွေကိုလည်း အဝေးက ရှောင်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ပီကေ ကြိုက်တဲ့ ကောင်မလေးတွေ ကိုပေါ့။

Written by နော်၊ကျောက်တိုင်၊

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM

Monday, May 2, 2011

ထီးနှင့်ဖိနပ်


ရန်ကုန်မိုးက အရင်လို မဟုတ်တော့။ ရွာလိုက်လျှင် မစဲ။ စဲပြန်လျှင်လည်း ဖွဲဖွဲတော့ စွေသေးသည်။

ခုလည်း ညနေ ၄ နာရီကျော် ကတည်းက သဲသဲမဲမဲ ရွာနေသော မိုးက သဲတစ်လှည့်၊ ဖွဲတစ်လှည့်နှင့် ညနေ ၆ နာရီ ထိုးလုနီးချိန် အထိ မတိတ်နိုင်သေး။ ကျော်ခန့်လူက ကျွန်တော့်ကို လှည့်ကြည့်ရင်းနှင့်
“ရာသီဥတုကတော့ အားကစားသမားတွေ အကြိုက်ပဲ။ ငါ့လူ ထမယ့် အစီအစဉ် ရှိရဲ့လား”

ကျွန်တော်တို့ အချင်းချင်း နားလည်သော ဘာသာ စကားဖြစ်သည်။ မိုးအေးအေးနှင့် တစ်ဆိုင်ဆိုင်ကို သွားပြီး ယမကာ မှီဝဲရန် ကောင်းနေပြီ။ ကျွန်တော်က အေးစက်စက် ရေနွေးကြမ်းခွက်ကို မော့သောက်လိုက်ပြီး
“ကျွန်တော့် စိတ်ထဲကနေ ထသွားတာ အကြိမ်တစ်သန်း တိတိရှိပြီ။ တကယ် ထကစားဖို့က ဘောလုံးရှိမှ ဖြစ်တာ”

ကျွန်တော် ကွေးဆက်ပြလိုက်သော လက်ညှိုးနှင့် လက်မကို ကြည့်ပြီး သူက သက်ပြင်းမောကို ချသည်။ ပြီးတော့ သူ့မူပိုင် ချိုရှရှ အပြုံးကိုပြုံးကာ
“အေးဗျ၊ ၀တ္ထုတို ပေါင်းချုပ်မှာ ပါမယ့် ၀တ္ထုတိုအတွက် စာမူခ ရမလားလို့ ဖုန်းဆက်ကြည့်လိုက်တာ လကုန်မှ ထွက်မှာတဲ့။ စီးကရက် တစ်လိပ်ဖိုးပါ
ရော ပါသွားတယ်”

“ကျွန်တော်လည်း အဆင်မပြေဘူးဗျာ”

“ပြန်တော့မယ်ဗျာ။ အဆင်မပြေဘဲ ဆက်ထိုင် နေရတော့ ကောင်းကင်ကြီးက ကိုယ့်ရင်ဘတ်ပေါ် တအိအိ ပိကျလာသလိုပဲ”

ကျော်ခန့်လူက သူ့လွယ်အိတ်ထဲမှ ခေါက်ထီးလေးကို ထုတ်ရင်းပြောသည်။ ကျွန်တော်က ခေါင်းကိုသာ
ဆတ်ပြလိုက်မိ၏။ အကြည့်တွေကတော့ သဲသဲမဲမဲ မိုးရေထဲကို ရောက်နေမိ၏။
“တောက်... ဒီထီးဟာကွာ”

ဆွဲအဖွင့်တွင် အရိုး ကျွတ်သွားသော ထီးကို ပြန်ပြု ပြင်ရင်း သူက ညည်းတွားသည်။ ကျော်ခန့်လူထီးက လောကဓံ၏ ရိုက်ပုတ်မှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားထား ရပုံပေါ်၏။ တချို့နေရာများတွင် အရောင်လွင့်ကာ အနားစ တော်တော်များများ စုတ်ဖွာ နေကြပြီ။ သွားပြီဟု ထပ်နှုတ်ဆက်ရင်း ထွက်သွားသော သူ့ကျောပြင်ကို လိုက်ကြည့်ကာ ထီးလေးကို စိုးရိမ်လိုက်၏။ မိုးတို့တင် မဟုတ်၊ လေပါ တစ်ချက် တစ်ချက် ဝေ့ခနဲ ထိုးခွဲတိုက် ခိုက်နေတာပဲ။

လက်ဖက်ရည် ဆိုင်ထဲ ကို ပြန်သတိ ထားမိတော့ ကျွန်တော် အပါအ၀င် ၄-၅ ယောက်သာ ရှိတော့သည်။ တချို့ ခုံများကိုပင် သိမ်းပြီးပြီ။ သို့သော် ဆိုင်ကတော့ ထုံးစံ အတိုင်း လူတစ်ယောက်ယောက် ကျန်ချိန် အထိ သဘောကောင်းစွာ ဖွင့်နေဦးမည်။ ကျွန်တော် သက်ပြင်းငွေ့ငွေ့ကို ကြိတ်ချ မိလိုက်သည်။ တကယ်တော့ ကျွန်တော်နှင့် ကျော်ခန့်လူက ညနေ ၄ နာရီကတည်းက ရေနွေးကြမ်း တစ်အိုးနှင့် ထိုင်နေကြခြင်းသာ။ သူက လက်ဖက်ရည် မမှာတော့ ကိုယ်က ဆေးလိပ် မမှာရဲဟူသော အနေအထား။

ကျွန်တော် လွယ်အိတ် ကလေးကို ရွရွလေး ထွေးပွေ့ လိုက်၏။ လွယ်အိတ်ထဲတွင် ထီးရှိနေ၍ မဟုတ်ပါ။ ထီးပါ မလာခြင်းကြောင့်လည်း ကောင်းကင်ကြီး၏ တအိအိ ပြိုဆင်းဒဏ်ကို ခံနေရခြင်း။ မနက် အိမ်ကထွက်ရန်ပြင်စဉ် ကမှာလိုက်သော ဇနီးသည် စကားကို ပြန်ကြားယောင်မိ ၏။
“ရှင် ဒီနေ့ မဂ္ဂဇင်းက ၀တ္ထုတို စာမူခ ရမယ်ဆို၊ ထီး တစ်လက်တော့ ၀ယ်လာခဲ့နော်။ မြို့ထဲကို အမြဲလိုလို သွားနေရတော့ ထီးမရှိလို့ မဖြစ်ဘူး။ တော်ကြာ မိုးမိပြီး ဖျားရင် ဆေးဖိုးက ထီးဖိုးထက် ပိုထွက်နေဦးမယ်”

တကယ်လည်း ခုတော့ ကျွန်တော့် လွယ်အိတ်ထဲတွင် ၀တ္ထုတိုစာမူခ ၃,၀၀၀ ရှိနေပါသည်။ ခွင့်ပြုချက် ရပြီး သားမို့ စောစောကတည်းက ထီးဝယ်လိုက်လျှင် ဖြစ်နိုင်၏။ သို့သော် ဇနီးသည် စကားဆုံးတော့ သမီးပြောစကားက ထပ်ထွက်လာခဲ့သည်။
“ဖေကြီး သမီးတို့ မနက်ဖြန် ကျောင်းအပ်ရ တော့မယ်နော်။ သမီးကို မိုးစီးဖိနပ် ၀ယ်ပေးဦး။ ခုစီးနေတဲ့ ဖိနပ်က ဟောင်းနေပြီ”

“ဟဲ့... ဟောင်းပေမယ့် စီးလို့ ရသေးတယ် မဟုတ်လား။ နင့်အဖေက မြို့ထဲ မထွက်လို့ မရဘူး။ ထီးလိုတယ်”

သူ့အမေ စကားကြောင့် သမီးမျက်နှာက ငိုမဲ့မဲ့ဖြစ်သွား သည်။ ကျွန်တော့် အကြည့်က သမီး ခြေထောက်နှင့် သမီး ဖိနပ်ဆီကို ရောက်သွားမိ၏။ ဖိနပ်က တော်တော်ဟောင်း နွမ်းနေပြီ။ ထို့ပြင် ခက်နေတာက ဖနောင့်က ဖိနပ်ထက် တစ်လက်မခန့် ပိုနေနိုင်ခြင်းပင်။ ကြားဖူးသော ပုံပြင်ထဲက ပညာရှိကြီး စကားနှင့် ပြောရလျှင် ဖနောင့်ကို လှီးဖြတ်ရ မည့်အနေအထား။

သူတို့ကို ဘာစကားမှ ခွန်းတုံ့ပြန် မပြောဘဲ ကျွန်တော် မြို့ထဲ ထွက်လာခဲ့သည်။ စာမူခ ထုတ်ပြီးတော့ ကျွန်တော့်လုံးချင်း ထုတ်ဝေသူဆီ သွားသည်။ သူ့ညည်းသံ လုံးချင်း ၀တ္ထုရှည်ကြီးကို နားထောင်ပြီးမှ ကျွန်တော့် အခက်အခဲများကို ပြောပြရ၏။ မိုးက ကျွန်တော်တို့ ကျောကို ကျရောက်လာသည့် ကြာ ပွတ်သံ မဟုတ်လား။ ငွေ ဒင်္ဂါး... ငွေဒင်္ဂါး။ ငွေဒင်္ဂါးကို ထွေခင်းကစားမည့် မောင့်လိုယောက်ျား မဟုတ်ဘဲ၊ ငွေ ဒင်္ဂါးက ထွေခင်းကစားခြင်း ကို ခံနေရသည့် မောင့်လို ယောက်ျားဖြစ်နေရသည်။

“ဆရာ... ရေနွေးထပ် ယူဦးမှာလား”

အနားကို လာမေးသည့် စားပွဲထိုးလေး စကားကြောင့် ကျွန်တော် အတွေးဝယ်မျော နေရာမှ သတိပြန်ဝင်လာသည်။ ကြည့်လိုက်တော့ တစ်ဆိုင် လုံးတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်တော့၏။ လက်ဖက်ရည်ဆိုင် မီးဖိုများပင် ငြှိမ်းပြီးပြီ။ စားပွဲထိုး လေးလက်ထဲမှာက ပွက်ပွက် ဆူနေသော ရေနွေးတည်အိုး။

“တော်ပါပြီ၊ မယူတော့ ပါဘူးကွာ”

ကျွန်တော်က သူ့ကို မချိ ပြုံးပြုံးပြကာ ပြန်ပြောရင်း ထိုင်ရာမှ လေးပင်စွာ ထလိုက်သည်။ ပြီးတော့ ကောင်တာတွင် ငိုက်မြည်းစွာ ထိုင်နေသော ဆိုင်ရှင် ဦးမျိုးဆီကို သွားလိုက်၏။
“ဦးမျိုးရှိရင် ကျွန်တော့်ကို ကြွပ်ကြွပ်အိတ် တစ်လုံးလောက် ပေးပါလား”

ဦးမျိုးက ဘာမှ ပြန်မပြောဘဲ သူ့မှန်ဗီရိုလေးကို ဖွင့်ကာ ဟိုနှိုက် ဒီနှိုက် နှိုက်သည်။ ပြန်ထုတ်တော့ သူ့ လက်ထဲတွင် ကြွပ်ကြွပ်အိတ် အမည်းတစ်လုံး ပါလာ၏။
“ဒီမှာ၊ ထောင့်စွန်းကတော့ နည်းနည်း ပေါက်နေလိမ့်မယ်။ ဆရာကိုကောင်း ကျော် မဂ်္ဂဇင်းတွေ ထည့်ယူလာတာ”

“ကျေးဇူးပါပဲ”

ကျွန်တော်က လွယ်အိတ်ကို ကြွပ်ကြွပ်အိတ် အမည်းထဲ ထည့်ကာ လက်မှ ဆွဲလိုက်၏။ ခုလိုဆိုပါလျှင် လွယ်အိတ်ကတော့ မိုးဒဏ်မှ ကင်းလွတ်လေပြီ။ ကျွန်တော် ဆိုင်ထဲမှထွက်ရန် ပြင်တော့ ဦးမျိုးက လှမ်းပြောသည်။
“သိပ်မပေနဲ့ မောင်ရင်။ တော်ကြာ အရက်က အချောင် နာမည် ပျက်နေဦးမယ်”

ကျွန်တော်က သူ့ကို တစ်ချက်လှည့် ပြုံးပြပြီး မိုးရေထဲ ထွက်လိုက်တော့သည်။ စာရေးဆရာများ သေလျှင် အရက်ကိုပဲ စွဲချက်တင်တတ် ကြသည် မဟုတ်လား။ တကယ်တော့ ကျွန်တော်တို့ ဘ၀က အရက်နှင့် ရှောရှော ရှူရှူသေဖို့ အတွက်ပင် ဆုလာဘ် မရှင်သန်နိုင် တော့ပါ။ ၃၃ လမ်းမှ ထွက်လိုက်တော့ ကျွန်တော့်လိုပင် မိုးရေထဲမှာ အကာအကွယ်မဲ့ လမ်းလျှောက်နေသူ အတော်များများ ကို တွေ့လိုက်ရ၏။ သူတို့က အခါမဲ့ မေလမိုးမို့ ထီးမေ့ခဲ့ကြ တာလား။ ထီးကို မေ့ချင် ယောင်ဆောင် နေကြတာလား။ ဆက်မစဉ်းစား ဖြစ်တော့။ မိုးကတော့ သဲသဲမဲမဲ ရွာနေဆဲ။

ကျွန်တော် လမ်း လျှောက်လာရင်း ၃၅ လမ်း ထိပ်ကို ရောက်လာသည်။ ထိုလမ်းထိပ်တွင် ခုနှစ် မေ့လောက်သည့် တစ်နှစ်က ကျွန်တော် ၀ယ်ဖူးခဲ့သော ထီး အရောင်းဆိုင် ရှိ၏။ ကျွန်တော့် အကြည့်တွေ၊ ခြေလှမ်း တွေက အညှို့ငင် ခံလိုက်ရ သလို ထိုထီးဆိုင်ရှေ့ ရောက်သွားသည်။ ပလတ်စတစ် ခြင်းတောင်းရှည်များထဲတွင် ထည့်ထားသည့် ရောင်စုံထီးများ။ ကျွန်တော့်လက်က အလိုလို ထီးတစ်လက်ဆီ ရောက်သွားမိသည်။
“အဲဒီ ယောက်ျား ဆောင်းထီးက ၂၂၀၀ တည်းပါ ဆရာ၊ ဖွင့်ကြည့်ပါ”

အရောင်းဝန်ထမ်းဖြစ် ဟန်တူသည့် ကောင်လေး တစ်ယောက် ကျွန်တော့်နား ရောက်လာသည်။ ကျွန်တော့် တုံ့နှေးနှေး အမူအရာကြောင့် သူက ထီးကို ကပျာကယာ ယူပြီး ဖွင့်ပြ၏။
“ကြည့်ဆရာ၊ ဆောင်းမယ်ဆို တစ်မိသားစုလုံး ဆောင်းလို့ရတယ်။ တစ်မိုးကတော့ ရိုက်ချိုးတောင် မကျိုးဘူး”
ဘာရယ်မဟုတ်ဘဲ ကျွန်တော့် လက်တွေက နောက်ထီးတစ်လက်ဆီ ရောက်သွားပြန်၏။

“သူက ၂၅၀၀။ ထီး ကိုင်းတွေက နှစ်ချောင်းပူးလေ။ ထီးကိုင်းနှစ်ချောင်း၊ ငွေမင်ကာနဲ့ ဆိုရင်တော့ ၃၀၀၀ ပါ။ ၀ယ်မယ့်အတူတူ ငွေမင်နဲ့ ခိုင်ခိုင်ခံ့ခံ့ဝယ်ပေါ့ ဆရာ။ ငွေငါးရာ ဘာရှိတာ မှတ်လို့”

ပင်လယ်ငါး ၃၀၀ ဖိုး၊ ကန်စွန်းရွက် ၁၀၀ ဖိုး၊ ငရုတ်သီးခြောက် ၁၀၀ ဖိုးက တစ်ရက်တွက် ဖြစ်တာပေါ့ကွာဟု ကျွန်တော့် စိတ်ထဲမှာသာ ပြန်ပြောဖြစ်လိုက်မိ၏။ လက်တွေ့မှာတော့ အကြည့်တွေက ဆိုင်ထဲ ရောက်သွားသည်။ ဆိုင်ထဲရှိ အဆင့်တွေမှာက စီစီ ရီရီပြထားသည့်ဖိနပ်များ။ ခြေလှမ်းတွေကပါ ဆိုင်ထဲ ရောက်သွားပြန်သည်။ ထီးဖွင့်ပြနေသည့် ကောင်လေးကတော့ ခေါင်းကုတ် ကျန်နေခဲ့ ၏။

အရောင်းဝန်ထမ်းဖြစ် ဟန်တူသော ကောင်မလေး တွေကတော့ ကျွန်တော့်နား ကပ်လိုက်မလာပါ။ ကျွန်တော့် ကိုယ့်ခန္ဓာတွင် ရွှဲရွှဲစိုနေ သော မိုးရေစက်တွေကြောင့် လား၊ ရောင်စုံ ဖိနပ်တွေကို အလှ ၀င်ကြည့်သူဟု ထင်နေ ခြင်းကြောင့်လားတော့ မသိ။ သို့သော် ဖိနပ်များတွင် ဈေးနှုန်း ကပ်ပြီးသားမို့ ပြဿနာတော့ မရှိ။ ဆိုင်အ၀င်ဝတွင် တစ်ခွန်းဆိုင်ဟုလည်း ဆိုင်းဘုတ်ကြီး ကပ်ထားတာပဲ။

အချိန်တော်တော်ကြာ အောင်ကြည့်ပြီးတော့ ၁၈၀၀ ဟု တန်ဖိုး ကပ်ထားသည့် ဖိနပ်လေး တစ်ရံက ကျွန်တော့် စိတ်ကို ဖမ်းစားနေသည်။ ကျွန်တော် ရူးမတတ်ကြည့်ခဲ့ သည့် သမီး ခြေဖ၀ါးလေးနှင့် ဆိုပါလျှင် ဘုရားသခင် ဖန်ဆင်းပေးလိုက်သလို လိုက်လျောညီထွေ ဖြစ်နေပေလိမ့်မည်။ ကျွန်တော် မျက်စိကို ကမန်းကတန်း ပိတ်လိုက်သည်။

သို့သော် အာရုံတွင် ပျောက်ကွယ်မသွား။ မနက်ဖြန် ကျောင်းအပ်ရတော့မယ်တဲ့။ ဇနီးသည်၏ ခြောက်ခြောက်ကပ်ကပ် ပိုက်ဆံအိတ်ကို သတိရသွားသည်။ ငွေ ၃,၀၀၀ ထဲမှ ငွေ ၁,၈၀၀ ကို နုတ်ကြည့်ရာ စိတ်ကျေနပ် လောက်သည့် အဖြေမှန် မရဘဲ ချာချာလည်နေမိ၏။ ကောင်းကင်နှင့် မြေပြင် သဘောတရား။ ထီးနှင့်ဖိနပ်၏ အနေ အထား။ မိုးကတော့ သဲသဲမဲမဲ ဆက်ရွာနေဆဲပင်။

အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဇနီးသည် မျက်နှာကို အရင်ဆုံး မြင်လိုက်ရသည်။ ကျွန်တော့် မိုးရေစိုစို ခန္ဓာကိုယ်ကို မြင်တော့ သူက နှုတ်ခမ်းရွဲ့ကာ
“ဒီလောက်ကြာနေပုံ ထောက်ရင် သောက်နေပြီ ဆိုတာ ထင်သားပဲ။ ထီးမ၀ယ်ဘဲ မျိုလာဆို့လာပြီမဟုတ် လား။ သေသွားတော့လည်း အေးတာပေါ့။ ပြောတော့ စာရေးဆရာတဲ့။ ဘယ်လိုအသိ ဉာဏ်တွေနဲ့ ဘာတွေများ ရေးပါလိမ့်။ ရှင်သေသွားရင် ရေလှည်းတွန်းရောင်းတဲ့ လူကို ယူမယ်။ အဲဒါကမှ ထမင်း နပ်မှန်ဦးမယ်။ ဒီကတော့ ထီး ဆောင်းရပါစေ ပြောလိုက်ရတာ။ ကြည့်စမ်း၊ မိုးမိပြီး ခိုက်ခိုက်တုန်နေပြီ မဟုတ်လား။ နောက်နေ့တွေလည်း ထီးမရှိဘဲ ဆက်သွား။ ရှင်မြန် မြန် သေတော့ ကျုပ် မြန်မြန် အေးရတာပေါ့”

ဇနီးသည် ပြောရင်းနှင့် မျက်ရည်ဝိုင်းလာတာကို မြင်ရသည်။ ကျွန်တော် ခွန်းတုံ့ ပြန်ပြောမနေဘဲ အခန်းထဲဝင် ပြီး အ၀တ်အစားလဲလိုက်၏။ အမှန်လည်း ကျွန်တော် ခိုက် ခိုက်တုန်အောင် အေးလွန်းလှပြီ။ ကျွန်တော့် တုံဏိဘာဝေ အမူအရာကြောင့် သမီးကပါ ငိုမဲ့မဲ့ မျက်နှာနှင့် အိပ်ခန်းထဲ ၀င်သွားသည်။ ကျွန်တော် တိတ်ဆိတ် ငြိမ်သက်စွာပင် ထမင်း စားလိုက်၏။ ပြီးတော့မှ လွယ်အိတ်ထဲက မဂ္ဂဇင်း စာအုပ်ကို ထုတ်သည်။ ဇနီး သည်က မျက်စောင်းလှမ်း ထိုးသည်။

ကျွန်တော် ကျစ်ကျစ်ပါ အောင်ထည့်လာခဲ့သော ငွေစက္ကူလိပ်လေးကို ဇနီးသည်အား ကမ်းပေးလိုက်သည်။ သူက ဆောင့်ဆောင့်အောင့် အောင့် လှမ်းယူကာ ဖြေ ကြည့်၏။ ၅၀၀ တန်တစ် ရွက်၊ ၂၀၀ တန်နှစ်ရွက်၊ ၁၀၀ တန်တစ်ရွက်။
“ဒီဟာနဲ့ ဘာထီးမှ မရဘူး။ ရှင် မနက်ဖြန် မြို့ထဲ သွားရင် အရက်သောက်ဖို့ ပြန်သာယူသွား”

ကျွန်တော် ဘာမှပြန် မပြောဘဲ ခြေဖွကာ အိပ်ခန်းထဲ ၀င်လိုက်သည်။ ခြင်ထောင်ထဲမှ နေပြီး တံခါး ဘက်ကိုကြည့်နေသော သမီးက ကျွန်တော့်ကိုမြင် တာနှင့် ဖျတ်ခနဲ တစ်ဖက် လှည့်သွားသည်။ ကျွန်တော်က ခြင်ထောင်ထဲကို ၀င်လိုက်၏။ ပြီးတော့ သမီးလက် မောင်းလေးကို လှမ်းကိုင် လိုက်သည်။ သမီးက လှည့် မကြည့်။

ကျွန်တော်က ရင်ဘတ်ထဲတွင် ဖွက်ယူလာသော အထုပ်ကလေးကို ထုတ်ကာ သမီး မျက်နှာလှည့် နေရာဘက်ဆီသို့ ထိုးပြလိုက်၏။ သမီးက အိပ်နေရာမှ ဆတ် ခနဲထထိုင်သည်။ ပြီးတော့... ပြီးတော့ မျက်စိတွေက အရောင်တဖျပ်ဖျပ် တောက်ပသွားသည်။ ကျွန်တော်က နှုတ်ခမ်းထက်ပေါ် လက်ညှိုး ကပ်ကာ ရှူးခနဲ လုပ်ပြလိုက်၏။ သမီးကလည်း ကျွန်တော် လုပ်ပြသလို ပြန်လုပ်ပြကာ ပြုံးစစနှင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသည်။ ထိုသို့ နွေးထွေးသော အပြုံးကို ရနေပါလျှင် ကျွန်တော့်အတွက် ဒီတစ်သက်လုံးမှာ ထီးမလိုတော့ပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်... Written by တင်မြင့်ဦး

YKKM

Tuesday, March 15, 2011

ဆူးမဲ့နှင်းဆီရဲ့ လွမ်းတေးတစ်ပုဒ်


၁။ “စစ်ဒေါင်း (Six down) ၀င်လာပြီဟေ့၊ စစ်ဒေါင်း ၀င်လာပြီ”
ဈေးသည် တစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် ဘူတာ ပလက်ဖောင်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ခရီး ဆက်မယ့်သူ၊ ဧည့်သည်ကြိုမယ့် သူတွေကတော့ မျှော်လင့်ချက် မျက်နှာတို့ဖြင့် အဝေးမှ ရထားကြီးကို စောင့်မျှော် ကြည့်ရှုနေဆဲ။ ပလက်ဖောင်း သမံတလင်း ဖျာလေး တစ်ချပ်ပေါ်တွင် လဲလျောင်းနေသော အေးသီ တစ်ယောက် လူးလဲ၍ ထလိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားသော စောင်ပါးလေးကို အနားတွင် အိပ်မော ကျနေသော သမီးနဲ့သားငယ်တို့ အပေါ် ထပ်မံ၍ လွှမ်းခြုံပေး လိုက်သည်။ ထဘီကို ပြင်၍ ၀တ်ဆင်လိုက်ရင်း အနီးအနား ရေနွေးကြမ်းသည် ကောင်မလေးထံမှ ရေနွေးကြမ်းတစ်ခွက် ယူ၍ သောက်လိုက်၏။

ရေနွေးက သိပ်မပူတော့ချေ။ ဘူတာပလက်ဖောင်း စင်္ကြံမှ နာရီကြီးကို ကြည့်လိုက်တော့ ညတစ်နာရီကျော်။ ပလက်ဖောင်းရဲ့ နံဘေး၊ သံလမ်းပေါ်မှာတော့ ညဉ့်ဦးပိုင်က ရွာချထားသော မိုးရေစက် တွေကြောင့် စိုစွတ်စွတ် ပြောင်ချောချော။ မိနစ် အနည်းငယ် အတွင်း စက်ခေါင်းကြီးရဲ့ စူးရှမီးရောင် တန်းကြီးနဲ့အတူ မီးရထား ကြီးက အရှိန်လျှော့၍ နံပါတ် (၁)ပလက်ဖောင်းထဲသို့ ထိုးဆိုက်လာ၏။

“ကြက်သားဟင်းနဲ့ ထမင်းရမယ်၊ ထမင်းရမယ်”

“မျှစ်ချဉ်ရမယ်၊ မျှစ်ချဉ် ရမယ်”

“လက်ဖက်ရည်၊ စမူဆာ၊ နံပြား”

“ဒံပေါက် စားမလား၊ ရေနွေးကြမ်း ပူပူလေး”

ဈေးသည်များရဲ့ ပြေးလွှား အော်ဟစ်သံ၊ ခရီးသည် များရဲ့ ကတိုက်ကရိုက် ခြေလှမ်းများ။ ဘူတာဆင်း ခရီး သည်များရဲ့ တိုးဝှေ့လှုပ်ရှား အော်ဟစ်ခေါ်သံများက စင်္ကြံ ပလက်ဖောင်းထဲတွင် လွင့်စင်လျက်။ ဒါတွေက အေးသီ အတွက် ညစဉ် မြင်တွေ့နေရသော မရိုးနိုင်တဲ့ မြင်ကွင်းများ။ ခဏနေတော့ ရထားကြီးက ဥသြသံတစ်ချက်ပေး၍ ခရီး ဆုံးသို့ ဆက်လက် ထွက်ခွာ သွားပေပြီ။ ဘူတာလေး လည်း ငြိမ်သက်သွားသလို။

“အစ်မ ဖျာငှားလို့ ရ သေးလား”

စကားသံနှင့်အတူ ခရီး သွားအိတ်တွေ လွယ်ထားကြ သော လူငယ်နှစ်ယောက် အေးသီတာရဲ့ ရှေ့မှာ ရပ်လျက် အနေအထား။
“ရတယ် မောင်လေး။ ဘယ်နှချပ်လဲ”

“တစ်ချပ်တည်းပါ အစ်မ”

သူမ သွက်လက်ဖျတ် လတ်စွာပင် ဖျာတစ်ချပ်ကို ယူ၍ သင့်တော်သော နေရာ တစ်နေရာတွင် ခင်းပေးလိုက်သည်။ ရေဆင်း တက္ကသိုလ် ကျောင်းသားလေးတွေ ဖြစ်လိမ့်မည်။ ပျဉ်းမနားနဲ့ ရေဆင်းက ဆယ့်သုံးမိုင်ခန့် ကွာဝေး၍ ဒီအချိန်ဆိုလျှင် ကားပြေးဆွဲခြင်း မရှိတော့၍ ဘူတာမှာ တစ်ညအိပ်၊ နံနက် မိုးလင်းတော့ ထပြန်ပေါ့။ နောက်ထပ် အသက်ခပ် ကြီးကြီး မိန်းမနှစ်ယောက် ဖျာနှစ်ချပ် လာငှား၏။ တောင်တွင်းကြီး-ကြေးနီ ဘက်သွားမယ့် ပလက်ဖောင်း ဘက်မှာတော့ ခရီးသည်တွေ အစီအရီ အိပ်မောကျလို့။

ရထားက နံနက်မိုးလင်း လောက်မှ ဆိုက်ရောက်မှာလေ။ အေးသီတစ်ယောက် အိပ်မော ကျနေသော ခရီးသည် တွေ အမှောင်ရိပ်အောက် သံလမ်းပေါ်မှ ကြံတင်ကုန်တွဲ နဲ့ သစ်တွဲတွေကို ငေးမော ကြည့်ရှုရင်း စိတ်ထဲမှ ဒီည ဖျာငှားရမ်းခ ငွေများကို တွက်ချက်နေမိ၏။ တောင်တွင်းကြီး-ကြေး နီသွား ပလက်ဖောင်းပေါ်မှာ ရှစ်ချပ်၊ နံပါတ် (၁) ပလက် ဖောင်းပေါ်မှာ ဆယ်ချပ်၊ လက်မှတ်တန်းစီတဲ့ နေရာမှာ ငါးချပ် စုစုပေါင်း နှစ်ဆယ့် သုံးချပ်။ အင်း၊ တစ်ချပ်ကို တစ်ရာဆိုတော့ ဒီညအတွက် မဆိုးပါဘူးလေ၊ သက်ပြင်း တစ်ချက်ကို အသာအယာ ချရင်း အေးသီတစ်ယောက် တည်း တီးတိုးဆိုနေမိ၏။ မိုးသက်ရနံ့ စွက်နေသော လေတို့က ပလက် ဖောင်းထဲသို့ ဝေ့၀ိုက်တိုက် ခတ်သွားသည်။ ဖျာငှားသော အလုပ် လုပ်ရတာကလည်း သိပ်တော့ မလွယ်ကူလှချေ။ အိပ်ရေးအရမ်း ပျက်ရသလို၊ ကိုယ်တိုင်လည်း ဘူတာမှာပင် ကြက်အိပ်၊ ကြက်နိုး အိပ်ရ၏။ နံဘေးမှာ နှစ်ခြိုက်စွာဖြင့် ကွေးကွေးလေး အိပ်မော ကျနေသော သမီးနဲ့ သားကို ကြည့်ရင်း ရင်ထဲမှာ လေးလံ သွားသလို။

သမီးအကြီးမက ရွာကောက် မူလတန်း ကျောင်းလေးမှာ လေးတန်း ကျောင်းသူ၊ အငယ်က ကျောင်းမနေ သေး၍ တော်သေး၏။အကြီးမက ဥာဏ်လည်း ကောင်း၍ စာတော်သည်။ တစ်ဆက်တည်း နံနက်ပိုင်းက သမီးကြီး ပြောသော စကားလေးတွေကို အမှတ်ရ နေမိပြန်သည်။
“အမေ၊ သမီးရဲ့ကျောင်း စိမ်းက ဟောင်းနေပြီ၊ အသစ် တစ်စုံလောက် ၀ယ်ပေးပါ လားဟင်”

တောင်းဆိုမှု ပြုနေ သော သမီးလေးရဲ့ မျှော်လင့်ချက် မျက်ဝန်းကို ကြည့်ရင်း အေးသီရဲ့ စိတ်ကူးထဲမှာတော့ ကျောင်းစိမ်း တစ်စုံပင်မက အများအပြားပင် ၀ယ်ပေးချင် လိုက်တာ။ ဒါပေမယ့် အိမ်စရိတ်၊ မီးဖိုချောင်စရိတ်၊ သာရေး နာရေးနဲ့ အေးသီရဲ့ ဖျာငှားရမ်းခ ၀င်ငွေလေး တစ်ခုကတည်းက လောက်င ရုံပင်။ ဖျတ်ခနဲ ယောက်ျားဖြစ်သူ ကိုအောင်ရဲ့ မျက်နှာကို နာကြည်းစွာဖြင့် ပြေးပြီး မြင်ယောင်မိသည်။ ဒါတွေ အကုန်လုံး ဒင်း အသုံးမကျ လို့ဖြစ်ရတာပင်။ ရခါစက တော့ ဟုတ်တိပတ်တိ ဆိုက်ကားကို ကြိုးစားပမ်းစား နင်း၊ ရသမျှငွေ အေးသီကို အကုန် အပ်ပါရဲ့။

မသောက်မစား ရိုးရိုး သားသား အေးသီတို့ မိသားစု ဘ၀လေး ပျော်ရွှင်စရာ ကောင်းလှပါဘိ။ အငယ်ကောင် မွေး ပြီး သိပ်မကြာလှ။ ကိုအောင် တစ်ယောက် ဗွေဖောက်လာပေါ့။ ညနေပိုင်းလေး ညောင်းကိုက်လို့၊ အရက်လေး အာဆွတ်ရုံ။ နောက်နေ့လည်း နံနက် တစ်စစနဲ့ တစ်နေကုန် အရက်ချည်းပဲ ဖိသောက်၊ ဆိုက်ကားကိုလည်း မှန်မှန် မနင်းတော့ အိမ်က ပါးစပ် ပေါက်တွေကို အေးသီကပင် ပခုံးပြောင်း တာဝန်ယူရတော့ သည်။ ဒင်းက သောက်ပြီး ရင်လည်း အေးအေးမနေချင်။ အေးသီနဲ့ ကလေးတွေကို ရန် လုပ်၊ အပြစ်ရှာ ရိုက်နှက်ချင် သည်။ အဲဒီတော့ ကလေး နှစ်ယောက်ကလည်း အဖေနဲ့ အတူ အိမ်မှာ မနေရဲ၊ အေးသီနဲ့သာ ဘူတာမှာ လိုက်အိပ် ကြ၏။ သူမ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ဘူတာဆိုတာ လူပေါင်းစုံ၊ စရိုက်ပေါင်း စုံလင်တယ်။ သမီးနဲ့ သားလေးကို ဒီဘူတာရဲ့ ကြမ်းရှတဲ့ အရိပ်အငွေ့တွေ မကူးစက်စေချင်ပါဘူး။ အေးလေ၊ အခုချိန်မှာ အေးသီ က ဘာမှမတတ်နိုင်သေးဘူး မဟုတ်လား။ တစ်ခါတစ်ရံ ကျတော့လည်း ဟိုကောင်မ ညိုမတို့ ပြောသလို စိတ် ပေါက်ပေါက်နဲ့ ဘ၀ကို ရေစုန် မျောပစ်လိုက်ချင်ပါရဲ့။

အပေါစား မိတ်ကပ်၊ နှုတ်ခမ်းနီတွေ ထူပျစ်အောင် လိမ်းကျံထားတဲ့ ညိုမက
“အေးသီရယ် နင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာ။ နင်တစ်ညလုံး ဖျာငှား လို့ရ တဲ့ ငွေက ငါတို့ ဖိနပ်တစ်ရန် ဖိုးတောင် မရှိဘူး။ နင့်လို ရုပ် ရည်၊ အရပ်မြင့်မြင့် ခန္ဓာကိုယ် နဲ့ဆို အို”

ညိုမရဲ့ တုတ်ထိုးစကား ကြောင့် အေးသီရဲ့ မျက်နှာ ပြင်ရဲခနဲ။ စိတ်ကသာ ဟို ရောက် ဒီရောက် တွေးမိပေ မယ့် အဲဒီလိုဘ၀ကိုတော့ အေးသီ ဘယ်တော့မှ အရောက်မခံပါ။
“မသာမတွေ နင်တို့ ပြောတဲ့ တစ်ည ဘယ်နှသောင်းဆိုတာလည်း မရရင် နေပါတော့။ ငါ့ရဲ့ကလေးတွေ မျက်နှာငယ်ရမယ့် အလုပ် ငါ ဘယ်တော့မှ မလုပ်ဘူး။ ငါ တို့မျိုးရိုးမှာလည်း အဲဒါမျိုး လုပ်စားတဲ့သူ မရှိဘူး။ ပြီးတော့ အခု ခေတ်စားနေတဲ့ ကုမရ ရောဂါကြီးလည်း မရ ချင်ပေါင်”

ညိုမတို့ကတော့ အေးသီကို စည်းရုံး မရတိုင်း၊ နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ထွက်ထွက် သွားကြပေါ့။ ဘူတာမှာ က လူပေါင်းစုံဆိုတော့ ဖျာငှားစား ရတာက တကယ့်ကို မလွယ်။ တစ်ရက်ကလည်း အသက် ငါးဆယ်ကျော်လောက် လူကြီးတစ်ယောက် လွယ်အိတ်ကြီး လွယ်လို့ အေးသီရဲ့ ရှေ့ကိုရောက်လာ တယ်လေ။ အေးသီလည်း ၀မ်းသာအားရ ဖျာငှားမယ် ထင်တာနဲ့
“ဦးလေး ဖျာငှားမလို့ လားဟင်”

အဲဒီတော့ လူကြီးက ပြီတည်တည်ကြည့်ပြီး
“ဖျာတော့ မငှားချင်ဘူး၊ လူတော့ ငှားချင်တယ်တဲ့”

အေးသီလေ၊ ဒေါသ ထွက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်နေတာပဲ။ ကိုယ့်အဖေ၊ ဦးလေးအရွယ် ကြီးမို့။ ပြီးတော့ အရက်နံ့တွေ လည်း တထောင်းထောင်း ထနေတာမို့ မနည်းသည်းခံ လိုက်ရတယ်။ ဒီလိုစော်ကား ခံရတိုင်းလည်း အိမ်မှာမူးပြီး အိပ်ပျော်နေတဲ့ ကိုအောင်ရဲ့ မျက်နှာကိုသာ ကုတ်ဖဲ့ပစ်ချင် မိတော့တယ်။

တစ်ခါက အဖြစ်အပျက်ကတော့ တော်တော် လေးဆိုးပေါ့။ ဖျာတွေလည်း ငှားပြီး ညနှစ်နာရီလောက် ရှိနေပြီ ဆိုတော့ အေးသီလည်း ပလက်ဖောင်းပေါ်မှာ အိပ်မော ကျသွားပြီလေ။ အဲဒီအချိန် အေးသီရဲ့ ခန္ဓာကိုယ်အောက် ပိုင်းတစ်ခုလုံးကို တစ်စုံ တစ်ယောက်က ပွတ်သပ်ရှပ် တိုက်နေသလား အိပ်မက်လို ၀ိုးတ၀ါး။ ပထမ သမီးကြီး များ လာရောက် ဖက်တွယ်တာလားဟု ထင်မှတ်နေမိ ၏။

နောက်ထပ် ပွတ်သပ်မှုတွေ များပြား ကြမ်းရှလာတော့ အေးသီ လန့်နိုးလာခဲ့ သည်။ အဲဒီအချိန် ထဘီကလည်း ပြေလျော့ပြီး ပေါင် လယ်လောက်အထိ လန်နေ ၏။သူမရဲ့ နံဘေးမှာ လူငယ် တစ်ယောက်၊ ရမ္မက်ခိုးတွေ ဝေ့သီနေသော မျက်နှာဖြင့်
“ဖျာငှားလို့ ရမလား ဟင်”

အေးသီဘာမှ မပြောမဆိုဘဲ အဲဒီလူငယ်ရဲ့ မျက်နှာကို ခြေထောက်နဲ့ အားပါး တရ ပိတ်ကန်၊ လူငယ်အနောက်သို့ လန်ကျသွားခိုက် ကားရား တက်ခွပြီး မျက်နှာကို နောက်ထပ် ဘယ်ပြန် ညာပြန် ရိုက် လိုက်တာ အကြိမ်မရေတွက်မိ။
လူတွေ ၀ိုင်းအုံလာတော့ မှ အနီးမှာ ရှိနေတဲ့ မီးရထား ရဲတပ်ဖွဲ့စခန်းကို အပ်နှံလိုက် သည်။ အေးသီဟာ ဖျာငှား စားပေမယ့် ငြိမ်ခံ နေတတ်တဲ့ အပေါစား မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ လူငယ် နောက်ကျမှ သိခွင့် ရသွားခဲ့ သည်။ အေးသီရဲ့ အတွေးစ တွေက တစ်ထောင့်တစ်ည ပုံပြင်လို ဟိုရောက် ဒီရောက်။ ဘူတာရဲ့ အပြင်ဘက်တွင် မိုးစက်လေးတွေ မစို့မပို့ ကျဆင်းနေလေ၏။ မကြာမီ အချိန်အတွင်း အစုန်ရထား ကြီးတစ်စီး ၀င်လာပေတော့ မည်။ အေးသီလည်း အိပ်၍ မပျော်တော့ချေ။

၂။
အစုန်ရထားကြီးက တရှူးရှူး တရှဲရှဲ အော်မြည်၍ နံပါတ်တစ် ပလက်ဖောင်းသို့ ၀င်ရောက်လာသည်။ အေးသီရဲ့ ရှေ့မှာ ရထားတွဲ တွေက ရိပ်ခနဲ ရိပ်ခနဲ ရထား ကြီးရဲ့ စက်ရှိန်ရပ်တန့်သွား ၏။ ထုံးစံအတိုင်း ဘူတာ ပလက်ဖောင်းရဲ့ ညစဉ် မရိုး နိုင်သော သံစဉ် လှုပ်ရှားမှု ဟန်ပန်များက ပိတ်ကားပြင် ထက်မှ အရုပ်လေးတွေသဖွယ်။ အေးသီကတော့ သူမရဲ့ရှေ့မှ လွန်းထိုး လှုပ်ရှားနေကြသော လူများကို အဓိပ္ပာယ်မဲ့ ငေး မောကြည့်နေမိသည်။ ထိုစဉ် သူမရဲ့ အရှေ့မှ မိန်းမ၀၀ ကြီးတစ်ယောက်အရေးတကြီး အမူအရာဖြင့် တွဲ(၂)သို့ လျှောက်လှမ်းသွား၏။ တွဲ(၂) တွင် ခရီးသည် အတက် အဆင်းတွေက ရှုပ်ယှက်ခတ် လို့။
တွဲ(၂) သို့ တက်သော တံခါးမနားသို့အရောက် မိန်းမ ၀၀ကြီးက လက်မှကိုင်တွယ် ထားသည့် တစ်ထွာကျော်ကျော် ပိုက်ဆံသားရေအိတ် လေးကို ပခုံးတွင် လွယ်ထားသော အ၀တ်အစားအိတ်ရဲ့ နံဘေးအိတ်လေးထဲ ထိုးထည့် ပြီး ရထားပေါ်သို့ အတင်း တိုးဝှေ့တက်လိုက်၏။

မထင်မှတ်သော အဖြစ်အပျက်နဲ့ မြင်ကွင်း။ လူတွေ တိုးအဝှေ့ မိန်းမကြီး ထိုးထည့် လိုက်သော အိတ်က မသပ် မရပ်နှင့် စင်္ကြံပလက်ဖောင်း တစ်နေရာသို့ လျှောခနဲ ကျဆင်းသွားလေ၏။ အဲဒီ မြင်ကွင်းကို ပလက်ဖောင်း ပေါ်ထိုင်နေသော အေးသီ တစ်ယောက်မှ လွဲ၍ မည်သူမှ မမြင်လိုက်။ ကာယကံရှင် မိန်းမကြီးကတော့ သိဟန်ပင် မတူချေ။ သူမရဲ့ ရင်ထဲမှာ လှိုက်ဖိုခနဲ။ လှုံ့ဆော်မှု တစ်ခု ကြောင့် ရုတ်တရက် ခြေလှမ်း ကျဲကြီးများဖြင့် တွဲ (၂) နား သို့ ရောက်သွားသည်။ လူတွေ ရှုပ်ထွေးနေစဉ် အချိန် အတွင်း ပိုက်ဆံအိတ်နား ဖျတ်ခနဲ ထိုင်ချလိုက်ကာ အမြန်ကောက်ယူ၍ နောက် ကြောင်း ပြန်လှည့်၏။
ဘုရား ဘုရား ဘယ်သူ မှ မမြင်လိုက်ပါလား။ စိတ် တွေ မငြိမ်မသက်။ ရထား ထွက်တော့မည်။ အေးသီတစ် ယောက် သူမရဲ့ နေရာလေး မှာထိုင်၍ တုန်ရီနေသော လက်တွေဖြင့် ပိုက်ဆံအိတ်ကို သူများတွေ မမြင်အောင် ဖွင့် ကြည့်လိုက်၏။ မျက်လုံးတွေ ပြာဝေသွားသလို ရင်တွေ လည်း တဒိန်းဒိန်းခုန်သွား သည်။

တစ်ထောင်တန်ငွေ စက္ကူ အသစ်တွေ အထပ် လိုက်၊ အထပ်လိုက်။ သူမရဲ့ ဘ၀ တစ်သက်တာမှာ ဒီလောက် များပြားသော ငွေ တွေကို တစ်ကြိမ်တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးချေ။ အာခေါင်တွေ ခြောက်သွေ့လာ၏။ လက်တွေက လည်း တုန်ယင်နေဆဲ။ ဒီငွေ တွေနဲ့ဆို ငါအိမ်ဆိုင်လေး ဖွင့် ပြီး ဈေးရောင်းစားလို့ရပြီ။ ဘူတာမှာ အအိပ်ပျက် ပင်ပန်းခံ လူအထင်သေးစရာ မလိုတော့ဘူး။ ပြီးတော့ သမီး လေးအတွက် ကျောင်းစိမ်း ၀တ်စုံတွေ အများကြီး ၀ယ် ပေးလို့ရပြီ။
အို ၀မ်းသာလိုက်တာ။

အေးသီရဲ့ မျက်ဝန်းထဲ မှာ ကျေနပ်ပီတိ အရိပ်။ ထိုမှ တစ်ဆင့်၊ အို မဟုတ်သေးပါ ဘူး။ ဒီငွေတွေဟာ ဟိုမိန်းမ ၀၀ကြီးရဲ့ ငွေတွေ။ ငါပိုင်ဆိုင်တာမှ မဟုတ်တာ။ ဒါဟာ မရိုးသားတဲ့လုပ်ရပ်။ ငါ့ဘ၀ မှာ ကိုယ်ကျင့်တရားနဲ့ ပတ် သက်ပြီး ခုချိန်ထိ ဘာအစွန်း အထေးမှ မရှိခဲ့ဘူး။ မဖြစ် ဘူး ငါပြန်ပေးရမယ်။
ရထားစက်ခေါင်းမှ ဥသြသံ ပေါ်ထွက်လာ၏။ ရထားဘီး စတင်လှိမ့်တော့ မည်။ အို ငါနဲ့ ထိုက်လို့ ငါရ တာပဲ။ ရထားလည်း ထွက်တော့မယ်။ မပေးဘဲနေရင် ရော ဘယ်သူမှ မသိတာ။

အင်း၊ မိန်းမကြီး သနား စရာ။ အတွေးစတွေက ဒွန် တွဲလျက်။ ရထားကြီး စတင် ထွက်ပေပြီ။ မိန်းမ၀၀ကြီးရဲ့ ပျာယာခတ်သော အမူအရာ ကို အေးသီမြင်ယောင်လာ၏။ ရုတ်တရက် အေးသီထရပ်၍ ဆုံးဖြတ်ချက်တစ်ခုကို ပီပြင် စွာ ချလိုက်သည်။ ထွက်စပြု နေသော ရထားကြီးနဲ့အတူ ယှဉ်လျက် ပြေးနေသူက အေးသီ။ လက်မှာက ကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထား သော ပိုက်ဆံအိတ်။ ရထား ကြီးက တဖြည်းဖြည်း မြန် လာသလို အေးသီရဲ့ခြေလှမ်း တွေလည်း ပို၍မြန်လာသည်။ တွဲသုံး၊ ပြီးတော့ တွဲ(၂)။ ရောက်ပြီ။

ရထားနဲ့အပြိုင် ပြေး လည်းပြေး အေးသီရဲ့ မျက် ၀န်းတွေထဲက တွဲထဲမှ မိန်းမ ၀၀ကြီးထံ ဝေ့၀ိုက်ရှာဖွေ မောပန်း။
ဟော၊ တွေ့ပြီ။ ပြတင်း ပေါက်တစ်ခုနားမှာ ထိုင်နေ တဲ့ မိန်းမ၀၀ကြီး။ အေးသီ မောဟိုက်တုန်ယင်စွာဖြင့်
“အဒေါ်ကြီး အဒေါ် ကြီး၊ ဒီမှာ အဒေါ်ကြီး ကျကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ကျွန်မ လိုက်ပြီးပေးတာ”

ရထားကြီးက ပိုမြန်လာ၏။ မိန်းမကြီးက အေးသီ လှမ်း၍ပေးသော ပိုက်ဆံအိတ်ကို အံ့သြ၀မ်းသာ ကျေးဇူး တင်မှုတို့ ရောပြွမ်းနေသော မျက်နှာဖြင့် တုံ့ပြန်ပြီး လှမ်း၍ ယူလိုက်၏။ တွဲထဲမှ ခရီးသည်တွေ ကလည်း အေးသီကို ထူးဆန်း စွာဖြင့် ကြည့်ရှုနေဆဲ။ သူမရဲ့ ရင်ထဲမှာ အခုမှ တစ်စုံတစ်ခု အတွက် ကျေနပ်သွားသလို ပီတိ လေးတစ်ခု ဖြစ်ပေါ်သွား၏။

ရထားနဲ့အပြိုင် မောင်း တင်လာခဲ့သော အေးသီရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်၍ မရဘဲ အရှိန်လျှော့ ဆက်ပြေး နေရသေး၏။ ထိုစဉ် အရှေ့မှ တစ်ပေပတ်လည်ခန့် ရေကွက်အိုင်လေး ထဲသို့ သူမရဲ့ ညာခြေတစ် ဖက်က ကျရောက်သွားလေ ၏။ အေးသီတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်ဟန်ချက် ကို ထိန်းသိမ်းနိုင်စွမ်းမရှိ တော့ချေ။ ခန္ဓာကိုယ်တစ် ခြမ်းက အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်နေသော ရထားတွဲ ကြီးဘက်သို့ ယိမ်းထိုးကျ သွားသည်။
“ဒုန်း”ခနဲ မြည်သံကြီးနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲသို့ လွင့်စင်မြောက် တတ်သွားပြီး ဘူတာပလက် ဖောင်းပေါ်သို့ အရုပ်လေးတစ် ရုပ်လို ခွေခေါက်ကျဆင်း သွား၏။

အဖြစ်အပျက်က စက္ကန့် ပိုင်းလေးပင်။ အော်ဟစ် ဆူညံ ပြေးလွှားသံတွေက အဆက်မပြတ်။ ဦးခေါင်းတွေ မူးနောက် ရီဝေနာကျင်လာ၏။
သူမရဲ့ အသိတရား၊ အတွေးစထဲမှာတော့ လက်မှတ်ရောင်းစင် ရှေ့မှ ဖျာငါးချပ်၊ ကိုအောင်ရဲ့ မူးယစ်ရန် လိုခက်ထန်သော မျက်နှာပြင် ကြီး၊ မိန်းမ၀၀ကြီးရဲ့ ကျေးဇူးတင် အံ့သြအကြည့်၊ သမီးလေး အတွက် ကျောင်းစိမ်း ၀တ်စုံလှလှလေး၊ ခန္ဓာကိုယ် အောက်ပိုင်းကို လာရောက် ပွတ်သပ်နေသော လက်ဝါး ပြင်ကြမ်းကြမ်းကြီး၊ ညိုမတို့ ရဲ့ ဆေးဆိုးပန်းရိုက် ရနံ့မဲ့ မျက်နှာ၊ တစ်ထောင်တန် ငွေစက္ကူစများ ဟိုတစ်စ ဒီတစ်စ၊ နောက်ဆုံး စူးရှ တောက်ပြောင်သော အလင်းတန်းကြီး တစ်ခု အတွေးစထဲသို့။ ရထားကြီး ကတော့ အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ ခုတ်မောင်းသွား နေဆဲ။

written by နေမင်းဟိန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM