Tuesday, March 15, 2011

ဆူးမဲ့နှင်းဆီရဲ့ လွမ်းတေးတစ်ပုဒ်


၁။ “စစ်ဒေါင်း (Six down) ၀င်လာပြီဟေ့၊ စစ်ဒေါင်း ၀င်လာပြီ”
ဈေးသည် တစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် ဘူတာ ပလက်ဖောင်း တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ခရီး ဆက်မယ့်သူ၊ ဧည့်သည်ကြိုမယ့် သူတွေကတော့ မျှော်လင့်ချက် မျက်နှာတို့ဖြင့် အဝေးမှ ရထားကြီးကို စောင့်မျှော် ကြည့်ရှုနေဆဲ။ ပလက်ဖောင်း သမံတလင်း ဖျာလေး တစ်ချပ်ပေါ်တွင် လဲလျောင်းနေသော အေးသီ တစ်ယောက် လူးလဲ၍ ထလိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားသော စောင်ပါးလေးကို အနားတွင် အိပ်မော ကျနေသော သမီးနဲ့သားငယ်တို့ အပေါ် ထပ်မံ၍ လွှမ်းခြုံပေး လိုက်သည်။ ထဘီကို ပြင်၍ ၀တ်ဆင်လိုက်ရင်း အနီးအနား ရေနွေးကြမ်းသည် ကောင်မလေးထံမှ ရေနွေးကြမ်းတစ်ခွက် ယူ၍ သောက်လိုက်၏။

ရေနွေးက သိပ်မပူတော့ချေ။ ဘူတာပလက်ဖောင်း စင်္ကြံမှ နာရီကြီးကို ကြည့်လိုက်တော့ ညတစ်နာရီကျော်။ ပလက်ဖောင်းရဲ့ နံဘေး၊ သံလမ်းပေါ်မှာတော့ ညဉ့်ဦးပိုင်က ရွာချထားသော မိုးရေစက် တွေကြောင့် စိုစွတ်စွတ် ပြောင်ချောချော။ မိနစ် အနည်းငယ် အတွင်း စက်ခေါင်းကြီးရဲ့ စူးရှမီးရောင် တန်းကြီးနဲ့အတူ မီးရထား ကြီးက အရှိန်လျှော့၍ နံပါတ် (၁)ပလက်ဖောင်းထဲသို့ ထိုးဆိုက်လာ၏။

“ကြက်သားဟင်းနဲ့ ထမင်းရမယ်၊ ထမင်းရမယ်”

“မျှစ်ချဉ်ရမယ်၊ မျှစ်ချဉ် ရမယ်”

“လက်ဖက်ရည်၊ စမူဆာ၊ နံပြား”

“ဒံပေါက် စားမလား၊ ရေနွေးကြမ်း ပူပူလေး”

ဈေးသည်များရဲ့ ပြေးလွှား အော်ဟစ်သံ၊ ခရီးသည် များရဲ့ ကတိုက်ကရိုက် ခြေလှမ်းများ။ ဘူတာဆင်း ခရီး သည်များရဲ့ တိုးဝှေ့လှုပ်ရှား အော်ဟစ်ခေါ်သံများက စင်္ကြံ ပလက်ဖောင်းထဲတွင် လွင့်စင်လျက်။ ဒါတွေက အေးသီ အတွက် ညစဉ် မြင်တွေ့နေရသော မရိုးနိုင်တဲ့ မြင်ကွင်းများ။ ခဏနေတော့ ရထားကြီးက ဥသြသံတစ်ချက်ပေး၍ ခရီး ဆုံးသို့ ဆက်လက် ထွက်ခွာ သွားပေပြီ။ ဘူတာလေး လည်း ငြိမ်သက်သွားသလို။

“အစ်မ ဖျာငှားလို့ ရ သေးလား”

စကားသံနှင့်အတူ ခရီး သွားအိတ်တွေ လွယ်ထားကြ သော လူငယ်နှစ်ယောက် အေးသီတာရဲ့ ရှေ့မှာ ရပ်လျက် အနေအထား။
“ရတယ် မောင်လေး။ ဘယ်နှချပ်လဲ”

“တစ်ချပ်တည်းပါ အစ်မ”

သူမ သွက်လက်ဖျတ် လတ်စွာပင် ဖျာတစ်ချပ်ကို ယူ၍ သင့်တော်သော နေရာ တစ်နေရာတွင် ခင်းပေးလိုက်သည်။ ရေဆင်း တက္ကသိုလ် ကျောင်းသားလေးတွေ ဖြစ်လိမ့်မည်။ ပျဉ်းမနားနဲ့ ရေဆင်းက ဆယ့်သုံးမိုင်ခန့် ကွာဝေး၍ ဒီအချိန်ဆိုလျှင် ကားပြေးဆွဲခြင်း မရှိတော့၍ ဘူတာမှာ တစ်ညအိပ်၊ နံနက် မိုးလင်းတော့ ထပြန်ပေါ့။ နောက်ထပ် အသက်ခပ် ကြီးကြီး မိန်းမနှစ်ယောက် ဖျာနှစ်ချပ် လာငှား၏။ တောင်တွင်းကြီး-ကြေးနီ ဘက်သွားမယ့် ပလက်ဖောင်း ဘက်မှာတော့ ခရီးသည်တွေ အစီအရီ အိပ်မောကျလို့။

ရထားက နံနက်မိုးလင်း လောက်မှ ဆိုက်ရောက်မှာလေ။ အေးသီတစ်ယောက် အိပ်မော ကျနေသော ခရီးသည် တွေ အမှောင်ရိပ်အောက် သံလမ်းပေါ်မှ ကြံတင်ကုန်တွဲ နဲ့ သစ်တွဲတွေကို ငေးမော ကြည့်ရှုရင်း စိတ်ထဲမှ ဒီည ဖျာငှားရမ်းခ ငွေများကို တွက်ချက်နေမိ၏။ တောင်တွင်းကြီး-ကြေး နီသွား ပလက်ဖောင်းပေါ်မှာ ရှစ်ချပ်၊ နံပါတ် (၁) ပလက် ဖောင်းပေါ်မှာ ဆယ်ချပ်၊ လက်မှတ်တန်းစီတဲ့ နေရာမှာ ငါးချပ် စုစုပေါင်း နှစ်ဆယ့် သုံးချပ်။ အင်း၊ တစ်ချပ်ကို တစ်ရာဆိုတော့ ဒီညအတွက် မဆိုးပါဘူးလေ၊ သက်ပြင်း တစ်ချက်ကို အသာအယာ ချရင်း အေးသီတစ်ယောက် တည်း တီးတိုးဆိုနေမိ၏။ မိုးသက်ရနံ့ စွက်နေသော လေတို့က ပလက် ဖောင်းထဲသို့ ဝေ့၀ိုက်တိုက် ခတ်သွားသည်။ ဖျာငှားသော အလုပ် လုပ်ရတာကလည်း သိပ်တော့ မလွယ်ကူလှချေ။ အိပ်ရေးအရမ်း ပျက်ရသလို၊ ကိုယ်တိုင်လည်း ဘူတာမှာပင် ကြက်အိပ်၊ ကြက်နိုး အိပ်ရ၏။ နံဘေးမှာ နှစ်ခြိုက်စွာဖြင့် ကွေးကွေးလေး အိပ်မော ကျနေသော သမီးနဲ့ သားကို ကြည့်ရင်း ရင်ထဲမှာ လေးလံ သွားသလို။

သမီးအကြီးမက ရွာကောက် မူလတန်း ကျောင်းလေးမှာ လေးတန်း ကျောင်းသူ၊ အငယ်က ကျောင်းမနေ သေး၍ တော်သေး၏။အကြီးမက ဥာဏ်လည်း ကောင်း၍ စာတော်သည်။ တစ်ဆက်တည်း နံနက်ပိုင်းက သမီးကြီး ပြောသော စကားလေးတွေကို အမှတ်ရ နေမိပြန်သည်။
“အမေ၊ သမီးရဲ့ကျောင်း စိမ်းက ဟောင်းနေပြီ၊ အသစ် တစ်စုံလောက် ၀ယ်ပေးပါ လားဟင်”

တောင်းဆိုမှု ပြုနေ သော သမီးလေးရဲ့ မျှော်လင့်ချက် မျက်ဝန်းကို ကြည့်ရင်း အေးသီရဲ့ စိတ်ကူးထဲမှာတော့ ကျောင်းစိမ်း တစ်စုံပင်မက အများအပြားပင် ၀ယ်ပေးချင် လိုက်တာ။ ဒါပေမယ့် အိမ်စရိတ်၊ မီးဖိုချောင်စရိတ်၊ သာရေး နာရေးနဲ့ အေးသီရဲ့ ဖျာငှားရမ်းခ ၀င်ငွေလေး တစ်ခုကတည်းက လောက်င ရုံပင်။ ဖျတ်ခနဲ ယောက်ျားဖြစ်သူ ကိုအောင်ရဲ့ မျက်နှာကို နာကြည်းစွာဖြင့် ပြေးပြီး မြင်ယောင်မိသည်။ ဒါတွေ အကုန်လုံး ဒင်း အသုံးမကျ လို့ဖြစ်ရတာပင်။ ရခါစက တော့ ဟုတ်တိပတ်တိ ဆိုက်ကားကို ကြိုးစားပမ်းစား နင်း၊ ရသမျှငွေ အေးသီကို အကုန် အပ်ပါရဲ့။

မသောက်မစား ရိုးရိုး သားသား အေးသီတို့ မိသားစု ဘ၀လေး ပျော်ရွှင်စရာ ကောင်းလှပါဘိ။ အငယ်ကောင် မွေး ပြီး သိပ်မကြာလှ။ ကိုအောင် တစ်ယောက် ဗွေဖောက်လာပေါ့။ ညနေပိုင်းလေး ညောင်းကိုက်လို့၊ အရက်လေး အာဆွတ်ရုံ။ နောက်နေ့လည်း နံနက် တစ်စစနဲ့ တစ်နေကုန် အရက်ချည်းပဲ ဖိသောက်၊ ဆိုက်ကားကိုလည်း မှန်မှန် မနင်းတော့ အိမ်က ပါးစပ် ပေါက်တွေကို အေးသီကပင် ပခုံးပြောင်း တာဝန်ယူရတော့ သည်။ ဒင်းက သောက်ပြီး ရင်လည်း အေးအေးမနေချင်။ အေးသီနဲ့ ကလေးတွေကို ရန် လုပ်၊ အပြစ်ရှာ ရိုက်နှက်ချင် သည်။ အဲဒီတော့ ကလေး နှစ်ယောက်ကလည်း အဖေနဲ့ အတူ အိမ်မှာ မနေရဲ၊ အေးသီနဲ့သာ ဘူတာမှာ လိုက်အိပ် ကြ၏။ သူမ လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

ဘူတာဆိုတာ လူပေါင်းစုံ၊ စရိုက်ပေါင်း စုံလင်တယ်။ သမီးနဲ့ သားလေးကို ဒီဘူတာရဲ့ ကြမ်းရှတဲ့ အရိပ်အငွေ့တွေ မကူးစက်စေချင်ပါဘူး။ အေးလေ၊ အခုချိန်မှာ အေးသီ က ဘာမှမတတ်နိုင်သေးဘူး မဟုတ်လား။ တစ်ခါတစ်ရံ ကျတော့လည်း ဟိုကောင်မ ညိုမတို့ ပြောသလို စိတ် ပေါက်ပေါက်နဲ့ ဘ၀ကို ရေစုန် မျောပစ်လိုက်ချင်ပါရဲ့။

အပေါစား မိတ်ကပ်၊ နှုတ်ခမ်းနီတွေ ထူပျစ်အောင် လိမ်းကျံထားတဲ့ ညိုမက
“အေးသီရယ် နင့်ကို ကြည့်ရတာ ပင်ပန်းလိုက်တာ။ နင်တစ်ညလုံး ဖျာငှား လို့ရ တဲ့ ငွေက ငါတို့ ဖိနပ်တစ်ရန် ဖိုးတောင် မရှိဘူး။ နင့်လို ရုပ် ရည်၊ အရပ်မြင့်မြင့် ခန္ဓာကိုယ် နဲ့ဆို အို”

ညိုမရဲ့ တုတ်ထိုးစကား ကြောင့် အေးသီရဲ့ မျက်နှာ ပြင်ရဲခနဲ။ စိတ်ကသာ ဟို ရောက် ဒီရောက် တွေးမိပေ မယ့် အဲဒီလိုဘ၀ကိုတော့ အေးသီ ဘယ်တော့မှ အရောက်မခံပါ။
“မသာမတွေ နင်တို့ ပြောတဲ့ တစ်ည ဘယ်နှသောင်းဆိုတာလည်း မရရင် နေပါတော့။ ငါ့ရဲ့ကလေးတွေ မျက်နှာငယ်ရမယ့် အလုပ် ငါ ဘယ်တော့မှ မလုပ်ဘူး။ ငါ တို့မျိုးရိုးမှာလည်း အဲဒါမျိုး လုပ်စားတဲ့သူ မရှိဘူး။ ပြီးတော့ အခု ခေတ်စားနေတဲ့ ကုမရ ရောဂါကြီးလည်း မရ ချင်ပေါင်”

ညိုမတို့ကတော့ အေးသီကို စည်းရုံး မရတိုင်း၊ နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ထွက်ထွက် သွားကြပေါ့။ ဘူတာမှာ က လူပေါင်းစုံဆိုတော့ ဖျာငှားစား ရတာက တကယ့်ကို မလွယ်။ တစ်ရက်ကလည်း အသက် ငါးဆယ်ကျော်လောက် လူကြီးတစ်ယောက် လွယ်အိတ်ကြီး လွယ်လို့ အေးသီရဲ့ ရှေ့ကိုရောက်လာ တယ်လေ။ အေးသီလည်း ၀မ်းသာအားရ ဖျာငှားမယ် ထင်တာနဲ့
“ဦးလေး ဖျာငှားမလို့ လားဟင်”

အဲဒီတော့ လူကြီးက ပြီတည်တည်ကြည့်ပြီး
“ဖျာတော့ မငှားချင်ဘူး၊ လူတော့ ငှားချင်တယ်တဲ့”

အေးသီလေ၊ ဒေါသ ထွက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်နေတာပဲ။ ကိုယ့်အဖေ၊ ဦးလေးအရွယ် ကြီးမို့။ ပြီးတော့ အရက်နံ့တွေ လည်း တထောင်းထောင်း ထနေတာမို့ မနည်းသည်းခံ လိုက်ရတယ်။ ဒီလိုစော်ကား ခံရတိုင်းလည်း အိမ်မှာမူးပြီး အိပ်ပျော်နေတဲ့ ကိုအောင်ရဲ့ မျက်နှာကိုသာ ကုတ်ဖဲ့ပစ်ချင် မိတော့တယ်။

တစ်ခါက အဖြစ်အပျက်ကတော့ တော်တော် လေးဆိုးပေါ့။ ဖျာတွေလည်း ငှားပြီး ညနှစ်နာရီလောက် ရှိနေပြီ ဆိုတော့ အေးသီလည်း ပလက်ဖောင်းပေါ်မှာ အိပ်မော ကျသွားပြီလေ။ အဲဒီအချိန် အေးသီရဲ့ ခန္ဓာကိုယ်အောက် ပိုင်းတစ်ခုလုံးကို တစ်စုံ တစ်ယောက်က ပွတ်သပ်ရှပ် တိုက်နေသလား အိပ်မက်လို ၀ိုးတ၀ါး။ ပထမ သမီးကြီး များ လာရောက် ဖက်တွယ်တာလားဟု ထင်မှတ်နေမိ ၏။

နောက်ထပ် ပွတ်သပ်မှုတွေ များပြား ကြမ်းရှလာတော့ အေးသီ လန့်နိုးလာခဲ့ သည်။ အဲဒီအချိန် ထဘီကလည်း ပြေလျော့ပြီး ပေါင် လယ်လောက်အထိ လန်နေ ၏။သူမရဲ့ နံဘေးမှာ လူငယ် တစ်ယောက်၊ ရမ္မက်ခိုးတွေ ဝေ့သီနေသော မျက်နှာဖြင့်
“ဖျာငှားလို့ ရမလား ဟင်”

အေးသီဘာမှ မပြောမဆိုဘဲ အဲဒီလူငယ်ရဲ့ မျက်နှာကို ခြေထောက်နဲ့ အားပါး တရ ပိတ်ကန်၊ လူငယ်အနောက်သို့ လန်ကျသွားခိုက် ကားရား တက်ခွပြီး မျက်နှာကို နောက်ထပ် ဘယ်ပြန် ညာပြန် ရိုက် လိုက်တာ အကြိမ်မရေတွက်မိ။
လူတွေ ၀ိုင်းအုံလာတော့ မှ အနီးမှာ ရှိနေတဲ့ မီးရထား ရဲတပ်ဖွဲ့စခန်းကို အပ်နှံလိုက် သည်။ အေးသီဟာ ဖျာငှား စားပေမယ့် ငြိမ်ခံ နေတတ်တဲ့ အပေါစား မိန်းမတစ်ယောက် မဟုတ်ဘူး ဆိုတာ လူငယ် နောက်ကျမှ သိခွင့် ရသွားခဲ့ သည်။ အေးသီရဲ့ အတွေးစ တွေက တစ်ထောင့်တစ်ည ပုံပြင်လို ဟိုရောက် ဒီရောက်။ ဘူတာရဲ့ အပြင်ဘက်တွင် မိုးစက်လေးတွေ မစို့မပို့ ကျဆင်းနေလေ၏။ မကြာမီ အချိန်အတွင်း အစုန်ရထား ကြီးတစ်စီး ၀င်လာပေတော့ မည်။ အေးသီလည်း အိပ်၍ မပျော်တော့ချေ။

၂။
အစုန်ရထားကြီးက တရှူးရှူး တရှဲရှဲ အော်မြည်၍ နံပါတ်တစ် ပလက်ဖောင်းသို့ ၀င်ရောက်လာသည်။ အေးသီရဲ့ ရှေ့မှာ ရထားတွဲ တွေက ရိပ်ခနဲ ရိပ်ခနဲ ရထား ကြီးရဲ့ စက်ရှိန်ရပ်တန့်သွား ၏။ ထုံးစံအတိုင်း ဘူတာ ပလက်ဖောင်းရဲ့ ညစဉ် မရိုး နိုင်သော သံစဉ် လှုပ်ရှားမှု ဟန်ပန်များက ပိတ်ကားပြင် ထက်မှ အရုပ်လေးတွေသဖွယ်။ အေးသီကတော့ သူမရဲ့ရှေ့မှ လွန်းထိုး လှုပ်ရှားနေကြသော လူများကို အဓိပ္ပာယ်မဲ့ ငေး မောကြည့်နေမိသည်။ ထိုစဉ် သူမရဲ့ အရှေ့မှ မိန်းမ၀၀ ကြီးတစ်ယောက်အရေးတကြီး အမူအရာဖြင့် တွဲ(၂)သို့ လျှောက်လှမ်းသွား၏။ တွဲ(၂) တွင် ခရီးသည် အတက် အဆင်းတွေက ရှုပ်ယှက်ခတ် လို့။
တွဲ(၂) သို့ တက်သော တံခါးမနားသို့အရောက် မိန်းမ ၀၀ကြီးက လက်မှကိုင်တွယ် ထားသည့် တစ်ထွာကျော်ကျော် ပိုက်ဆံသားရေအိတ် လေးကို ပခုံးတွင် လွယ်ထားသော အ၀တ်အစားအိတ်ရဲ့ နံဘေးအိတ်လေးထဲ ထိုးထည့် ပြီး ရထားပေါ်သို့ အတင်း တိုးဝှေ့တက်လိုက်၏။

မထင်မှတ်သော အဖြစ်အပျက်နဲ့ မြင်ကွင်း။ လူတွေ တိုးအဝှေ့ မိန်းမကြီး ထိုးထည့် လိုက်သော အိတ်က မသပ် မရပ်နှင့် စင်္ကြံပလက်ဖောင်း တစ်နေရာသို့ လျှောခနဲ ကျဆင်းသွားလေ၏။ အဲဒီ မြင်ကွင်းကို ပလက်ဖောင်း ပေါ်ထိုင်နေသော အေးသီ တစ်ယောက်မှ လွဲ၍ မည်သူမှ မမြင်လိုက်။ ကာယကံရှင် မိန်းမကြီးကတော့ သိဟန်ပင် မတူချေ။ သူမရဲ့ ရင်ထဲမှာ လှိုက်ဖိုခနဲ။ လှုံ့ဆော်မှု တစ်ခု ကြောင့် ရုတ်တရက် ခြေလှမ်း ကျဲကြီးများဖြင့် တွဲ (၂) နား သို့ ရောက်သွားသည်။ လူတွေ ရှုပ်ထွေးနေစဉ် အချိန် အတွင်း ပိုက်ဆံအိတ်နား ဖျတ်ခနဲ ထိုင်ချလိုက်ကာ အမြန်ကောက်ယူ၍ နောက် ကြောင်း ပြန်လှည့်၏။
ဘုရား ဘုရား ဘယ်သူ မှ မမြင်လိုက်ပါလား။ စိတ် တွေ မငြိမ်မသက်။ ရထား ထွက်တော့မည်။ အေးသီတစ် ယောက် သူမရဲ့ နေရာလေး မှာထိုင်၍ တုန်ရီနေသော လက်တွေဖြင့် ပိုက်ဆံအိတ်ကို သူများတွေ မမြင်အောင် ဖွင့် ကြည့်လိုက်၏။ မျက်လုံးတွေ ပြာဝေသွားသလို ရင်တွေ လည်း တဒိန်းဒိန်းခုန်သွား သည်။

တစ်ထောင်တန်ငွေ စက္ကူ အသစ်တွေ အထပ် လိုက်၊ အထပ်လိုက်။ သူမရဲ့ ဘ၀ တစ်သက်တာမှာ ဒီလောက် များပြားသော ငွေ တွေကို တစ်ကြိမ်တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးချေ။ အာခေါင်တွေ ခြောက်သွေ့လာ၏။ လက်တွေက လည်း တုန်ယင်နေဆဲ။ ဒီငွေ တွေနဲ့ဆို ငါအိမ်ဆိုင်လေး ဖွင့် ပြီး ဈေးရောင်းစားလို့ရပြီ။ ဘူတာမှာ အအိပ်ပျက် ပင်ပန်းခံ လူအထင်သေးစရာ မလိုတော့ဘူး။ ပြီးတော့ သမီး လေးအတွက် ကျောင်းစိမ်း ၀တ်စုံတွေ အများကြီး ၀ယ် ပေးလို့ရပြီ။
အို ၀မ်းသာလိုက်တာ။

အေးသီရဲ့ မျက်ဝန်းထဲ မှာ ကျေနပ်ပီတိ အရိပ်။ ထိုမှ တစ်ဆင့်၊ အို မဟုတ်သေးပါ ဘူး။ ဒီငွေတွေဟာ ဟိုမိန်းမ ၀၀ကြီးရဲ့ ငွေတွေ။ ငါပိုင်ဆိုင်တာမှ မဟုတ်တာ။ ဒါဟာ မရိုးသားတဲ့လုပ်ရပ်။ ငါ့ဘ၀ မှာ ကိုယ်ကျင့်တရားနဲ့ ပတ် သက်ပြီး ခုချိန်ထိ ဘာအစွန်း အထေးမှ မရှိခဲ့ဘူး။ မဖြစ် ဘူး ငါပြန်ပေးရမယ်။
ရထားစက်ခေါင်းမှ ဥသြသံ ပေါ်ထွက်လာ၏။ ရထားဘီး စတင်လှိမ့်တော့ မည်။ အို ငါနဲ့ ထိုက်လို့ ငါရ တာပဲ။ ရထားလည်း ထွက်တော့မယ်။ မပေးဘဲနေရင် ရော ဘယ်သူမှ မသိတာ။

အင်း၊ မိန်းမကြီး သနား စရာ။ အတွေးစတွေက ဒွန် တွဲလျက်။ ရထားကြီး စတင် ထွက်ပေပြီ။ မိန်းမ၀၀ကြီးရဲ့ ပျာယာခတ်သော အမူအရာ ကို အေးသီမြင်ယောင်လာ၏။ ရုတ်တရက် အေးသီထရပ်၍ ဆုံးဖြတ်ချက်တစ်ခုကို ပီပြင် စွာ ချလိုက်သည်။ ထွက်စပြု နေသော ရထားကြီးနဲ့အတူ ယှဉ်လျက် ပြေးနေသူက အေးသီ။ လက်မှာက ကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထား သော ပိုက်ဆံအိတ်။ ရထား ကြီးက တဖြည်းဖြည်း မြန် လာသလို အေးသီရဲ့ခြေလှမ်း တွေလည်း ပို၍မြန်လာသည်။ တွဲသုံး၊ ပြီးတော့ တွဲ(၂)။ ရောက်ပြီ။

ရထားနဲ့အပြိုင် ပြေး လည်းပြေး အေးသီရဲ့ မျက် ၀န်းတွေထဲက တွဲထဲမှ မိန်းမ ၀၀ကြီးထံ ဝေ့၀ိုက်ရှာဖွေ မောပန်း။
ဟော၊ တွေ့ပြီ။ ပြတင်း ပေါက်တစ်ခုနားမှာ ထိုင်နေ တဲ့ မိန်းမ၀၀ကြီး။ အေးသီ မောဟိုက်တုန်ယင်စွာဖြင့်
“အဒေါ်ကြီး အဒေါ် ကြီး၊ ဒီမှာ အဒေါ်ကြီး ကျကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ်၊ ကျွန်မ လိုက်ပြီးပေးတာ”

ရထားကြီးက ပိုမြန်လာ၏။ မိန်းမကြီးက အေးသီ လှမ်း၍ပေးသော ပိုက်ဆံအိတ်ကို အံ့သြ၀မ်းသာ ကျေးဇူး တင်မှုတို့ ရောပြွမ်းနေသော မျက်နှာဖြင့် တုံ့ပြန်ပြီး လှမ်း၍ ယူလိုက်၏။ တွဲထဲမှ ခရီးသည်တွေ ကလည်း အေးသီကို ထူးဆန်း စွာဖြင့် ကြည့်ရှုနေဆဲ။ သူမရဲ့ ရင်ထဲမှာ အခုမှ တစ်စုံတစ်ခု အတွက် ကျေနပ်သွားသလို ပီတိ လေးတစ်ခု ဖြစ်ပေါ်သွား၏။

ရထားနဲ့အပြိုင် မောင်း တင်လာခဲ့သော အေးသီရဲ့ ခြေလှမ်းတွေက ရုတ်တရက် ရပ်တန့်၍ မရဘဲ အရှိန်လျှော့ ဆက်ပြေး နေရသေး၏။ ထိုစဉ် အရှေ့မှ တစ်ပေပတ်လည်ခန့် ရေကွက်အိုင်လေး ထဲသို့ သူမရဲ့ ညာခြေတစ် ဖက်က ကျရောက်သွားလေ ၏။ အေးသီတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်ဟန်ချက် ကို ထိန်းသိမ်းနိုင်စွမ်းမရှိ တော့ချေ။ ခန္ဓာကိုယ်တစ် ခြမ်းက အရှိန်ပြင်းထန်စွာဖြင့် မောင်းနှင်နေသော ရထားတွဲ ကြီးဘက်သို့ ယိမ်းထိုးကျ သွားသည်။
“ဒုန်း”ခနဲ မြည်သံကြီးနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲသို့ လွင့်စင်မြောက် တတ်သွားပြီး ဘူတာပလက် ဖောင်းပေါ်သို့ အရုပ်လေးတစ် ရုပ်လို ခွေခေါက်ကျဆင်း သွား၏။

အဖြစ်အပျက်က စက္ကန့် ပိုင်းလေးပင်။ အော်ဟစ် ဆူညံ ပြေးလွှားသံတွေက အဆက်မပြတ်။ ဦးခေါင်းတွေ မူးနောက် ရီဝေနာကျင်လာ၏။
သူမရဲ့ အသိတရား၊ အတွေးစထဲမှာတော့ လက်မှတ်ရောင်းစင် ရှေ့မှ ဖျာငါးချပ်၊ ကိုအောင်ရဲ့ မူးယစ်ရန် လိုခက်ထန်သော မျက်နှာပြင် ကြီး၊ မိန်းမ၀၀ကြီးရဲ့ ကျေးဇူးတင် အံ့သြအကြည့်၊ သမီးလေး အတွက် ကျောင်းစိမ်း ၀တ်စုံလှလှလေး၊ ခန္ဓာကိုယ် အောက်ပိုင်းကို လာရောက် ပွတ်သပ်နေသော လက်ဝါး ပြင်ကြမ်းကြမ်းကြီး၊ ညိုမတို့ ရဲ့ ဆေးဆိုးပန်းရိုက် ရနံ့မဲ့ မျက်နှာ၊ တစ်ထောင်တန် ငွေစက္ကူစများ ဟိုတစ်စ ဒီတစ်စ၊ နောက်ဆုံး စူးရှ တောက်ပြောင်သော အလင်းတန်းကြီး တစ်ခု အတွေးစထဲသို့။ ရထားကြီး ကတော့ အရှိန်ပြင်းပြင်းဖြင့် အဝေးသို့ ခုတ်မောင်းသွား နေဆဲ။

written by နေမင်းဟိန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
YKKM